၂၀၁၉ ခုနှစ် ဒီဇင်ဘာက တရုတ်နိုင်ငံ ဝူဟန်မြို့မှ စတင်ခဲ့တဲ့ ကိုဗစ်ကပ်ရောဂါဟာ ၂၀၂၂ ခုနှစ် ဇန်နဝါရီမှာ အိုမီခရွန်ဗီဇပြောင်း ပိုးသစ်အနေနဲ့ တစ်ကမ္ဘာလုံး ပျံ့နှံ့ကူးစက်လျက်ရှိပါတယ်။ အိုမီခရွန်က စတုတ္ထဖြစ်နိုင်လား ဆိုတာပြောဖို့ လိုပါသေးတယ်။ တစ်ကမ္ဘာလုံး အနေအထား၊ နိုင်ငံအလိုက်အနေအထားနဲ့ စောင့်ကြည့်နေကြပါတယ်။ ရောဂါပြင်းထန်မှု၊ ဆေးရုံတက်ရမှု၊ အောက်ဆီဂျင်ရှူရမှုစတဲ့ ရောဂါအသေအပျောက်နှုန်းလည်း မူတည်နေပါတယ်။ မြန်မာနိုင်ငံမှာက ဒယ်တာအပြင် အိုမီခရွန်ပါ နှစ်ခုပေါင်းဖြစ်ပွားနေတာ ဖြစ်ပါတယ်။
အိုမီခရွန်မကူးစက်ရအောင် ကိုဗစ်စည်းကမ်းစည်းမျဉ်းတွေ ဖြစ်တဲ ့နှာခေါင်းစည်းတပ်ခြင်း၊ လက်ကို ရေဆပ်ပြာနဲ့စက္ကန့် ၂၀ ကျော်ကြာ ပွတ်တိုက်ဆေးကြောခြင်း၊ (သိုမဟုတ်) ဟန်းဂျယ်သုံးခြင်း၊ လူတစ်ဦးနဲ့တစ်ဦး အနည်းဆုံးလူမှု အကွာအဝေး ခြောက်ပေခွာခြင်း၊ လူစုလူဝေးရှောင်ခြင်း၊ လေဝင်လေထွက်ကောင်းစေခြင်းတို့ လိုက်နာရမယ့်အပြင် ကာကွယ်ဆေးနှစ်ကြိမ်နဲ့ ထပ်ဆင့်မြှင့်ဆေးတစ်ကြိမ် ထိုးနှံပေးဖို့လိုပါတယ်။
အခြေခံကျန်းမာရေး ကောင်းအောင် အိပ်ရေးဝဝအိပ်ဖို့၊ အာဟာ ရပြည့်ဝအောင် စားဖို့၊ ကိုယ်လက် လှုပ်ရှား အားကစားလုပ်ဖို့ လိုအပ်ပါတယ်။ ဆီးချို၊ သွေးတိုး၊ နှလုံး ရောဂါရှိသူများ ဆေးဝါးမပြတ်လပ်အောင် ဆောင်ထားဖို့လိုပါတယ်။
အိုမီခရွန်ရဲ့ လက္ခဏာတွေ ဖြစ်တဲ့ ချောင်းခြောက်ဆိုးခြင်း၊ လည်ချောင်းနာခြင်း၊ ဖျားခြင်း၊ နှာရည်ယိုခြင်း၊ ကိုယ်လက် မအီမသာ ဖြစ်ခြင်း၊ ခေါင်းကိုက်ခြင်း စတာတွေက အခြားတုပ်ကွေးရောဂါ၊ အအေးမိနှာစေးရောဂါတို့နဲ့ တူနေလို့ ခွဲခြားရခက်ပါတယ်။ အမြန်စစ်နဲ့ စစ်ဆေးရင် ပေါ်နိုင်သလိုအချို့ ပုန်းလျှိုးဝှက်လျှိုးနေနိုင်ပါတယ်။ (RT-PCR) နည်းနဲ့သီးခြား စစ်ဆေးယူနိုင်ပါတယ်။အိုမီခရွန်နဲ့ဒယ်တာကို (RT-PCR) နည်းနဲ့ ခွဲနိုင်ပါတယ်။
ကိုဗစ်စစ်ဆေးလို့ ပေါ့စတစ် ဖြစ်တိုင်း ဆေးရုံတက်စရာ၊ ကျူဝင်စရာမလိုပါဘူး။ အိမ်မှာဆိုရင် သီးခြားခွဲနေ၊ တစ်ချိန်လုံး နှာခေါင်းစည်းတပ်တာ၊ အစားအသောက် သီးခြားရှိစေခြင်းက ပိုပြီးလုံခြုံမှုရှိစေပါတယ်။ ရောဂါလည်းမပြင်းထန်၊ အောက်ဆီဂျင်လည်းမရှူရ၊ အစာလည်းစားနိုင်ရင် လိုအပ်တဲ့ ဆေးဝါးအချို့ ပေးထားရုံနဲ့ တစ်ပတ်အတွင်း နဂ္ဂတစ်ဖြစ်ကာ ပုံမှန်သွားလာလှုပ်ရှားနိုင်ပါတယ်။
ယခုအခါ ကျောင်းတွေ၊ အထည်ချုပ်စက်ရုံတွေမှာ ကွက်ကြား ကွက်ကြား တွေ့ရှိခဲ့ရတာနဲ့ ပတ်သက်လို့ သက်ဆိုင်ရာအုပ်ချုပ်သူများရဲ့ဆုံးဖြတ်ချက်နဲ့ ကျောင်းတစ်ပတ်ပိတ်တာ၊ စက်ရုံတစ်ပတ်ပိတ်တာမျိုး တွေ့ရပါတယ်။ အချို့ရုံးတွေမှာလည်း တစ်ဝက်တက်၊ တစ်ဝက်နားစနစ်နဲ့ ကျင့်သုံးနေပါတယ်။ အိုမီခရွန်က လူသေဆုံးနိုင်လောက်အောင် မပြင်းထန်တော့ အချို့ကိုဗစ်စည်းမျဉ်းတွေ ချိုးဖောက်တာ၊ သွားလာလှုပ်ရှားလုပ်ကိုင်နေကြတာတွေ ရှောင်ကြဉ်ဖို့လိုအပ်ပါတယ်။
အိုမီခရွန်ရဲ့ လူသိနည်းတဲ့ အခြားလက္ခဏာတွေက ဝမ်းပျက်ခြင်း၊ ဗိုက်နာခြင်း၊ ပျို့အန်ခြင်း၊ အစာစားချင်စိတ်မရှိခြင်း၊ အစာစားရမယ့် အချိန် (နံနက်၊ နေ့လယ်၊ ညစာ) ကျော်သွားခြင်းတို့ ဖြစ် တတ်ပါတယ်။ အစာအိမ်နဲ့ သက်ဆိုင်တဲ့ရောဂါဝေဒနာတွေက ဒယ်တာ၊ အယ်ဖာတွေမှာ တွေ့ရတတ်ပေမဲ့ သိပ်မများပါဘူး။ ဝမ်းပျက်တာ၊ ပျို့အန်တာ၊ အစာစားချင် စိတ်မရှိတာ၊ အသက်ရှူလမ်းကြောင်း လက္ခဏာတွေလည်း ရှိနိုင်ပါတယ်။
အိုမီခရွန်မျိုးစိတ်ကွဲ (BA.2) ခေါ်တဲ့ (Sheath Omicron) ကူးစက်နှုန်း မင့်မားလာကာ သန္ဓေပြောင်းမှု များပြားလို့ခွဲခြားရခက်ပြီး အလွန်ဂရုစိုက်ရမယ့်မျိုးဖြစ်တယ်။
(BA.1) မျိုးစိတ်ထက် ပျံ့နှံ့နှုန်း ပိုမိုမြန်ဆန်ပြီးရောဂါရှာဖွေဖို့ ခက်ခဲပါတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့အရ လူထုကြားပျံ့နှံ့လျက်ရှိကာ အင်္ဂလန်၊ ဒိန်းမတ်နဲ့ အိန္ဒိယ အပါအဝင် ၇၄ နိုင်ငံ ပျံ့နှံ့ကူးစက်နေပြီ ဆိုပါတယ်။ (BA.2) က (BA.1) ထက်နှိုင်းယှဉ်ရင် ဆေးရုံတက်ရနိုင်ခြေ ကွဲပြားမှုမရှိဘဲ ဆိုးဆိုးရွားရွား မပြင်းထန်၊ ကာကွယ်ဆေးရဲ့သက်ရောက်မှုရှိနေပါတယ်။ ကျွမ်းကျင်သူတွေအဆိုအရ (BA.2) မျိုးစိတ် ရောဂါရှာတွေ့ဖို့ ခက်ခဲတယ်လို့ ဆိုပါတယ်။ အိုမီခရွန်မှာပါတဲ့ ပရိုတိန်းဆူးချွန်ခေါ်တဲ့ (BA.2) အမျိုးအစားက ဂျင်းဗီဇမရှိလို့စစ်ဆေးမှုတွေမှာ ပျောက်ကွယ်နေတတ်ပါတယ်။
ခုလိုတုပ်ကွေးရာသီ၊ အအေးမိရောဂါနဲ့ အိုမီခရွန်ပိုး ကူးစက်တာနဲ့ ခွဲခြားရခက်ခဲနေရင် (သို့မဟုတ်) မကူးစက်ရအောင် ကိုဗစ်စည်းမျဉ်းများ လိုက်နာ၊ ကိုဗစ်ကာကွယ်ဆေး နှစ်ကြိမ်နဲ့ ထပ်ဆင့်မြှင့်ကာကွယ်ဆေး တစ်ကြိမ်ရအောင်ထိုးယူကာ ခေါင်းကိုက်တာ၊ လည်ချောင်းနာတာ၊ နှာရည်ယိုတာ၊ ကိုယ်လက် ကိုက်ခဲတာ၊ တစ်ကိုယ်လုံးပင်ပန်းတာတွေ ကိုဗစ်အဖြေ ရှိ၊ မရှိ စစ်ဆေးသင့်ပါတယ်။ ကိုဗစ်ပိုးရှိတဲ့သူအားလုံး ရောဂါလက္ခဏာ ရှိ၊ မရှိ ခုနစ်ရက်စောင့်ကြည့်ကာ သီးခြားခွဲခြားသင့်ပါတယ်။ အချို့နိုင်ငံတွေမှာ ငါးရက်အထိ ထားရှိပါတယ်။
တောင်အာဖရိကမှာ မာ့က်ရဲ့ ကိုဗစ်ကုသဆေးကို အလွန်အန္တရာယ်များတဲ့ အရွယ်ရက်လွန်ပြီး လူတွေကို အသုံးပြုဖို့ ဖေဖော်ဝါရီ ၁၇ ရက်က ခွင့်ပြုချက်ပေးခဲ့ပါတယ်။ ကိုဗစ်ကုသဆေးကို ကနဦး ခြောက်လတာ အခြေအနေအရ ခွင့်ပြုချက်ပေးခဲ့ပြီး တင်သွင်းခွင့်ပေးခဲ့ကြောင်း၊ တောင်အာဖရိက ကျန်းမာရေး ထုတ်ကုန်များဆိုင်ရာ စည်းကမ်းထိန်းသိမ်းရေး အာဏာပိုင်အဖွဲ့က အစီရင်ခံစာ ထုတ်ပြန်ခဲ့တယ်။
အမေရိကန်က အီဂျစ်နဲ့ နိုက်ဂျီးရီးယားနိုင်ငံကို ဖိုင်ဇာရဲ့ ကိုဗစ် ကာကွယ်ဆေးအလုံးရေ ၅ ဒသမ ၂ သန်း ပေးပို့ခဲ့တယ်လို့ အိမ်ဖြူတော်အရာရှိတစ်ဦးက ဖေဖော်ဝါရီ ၁၇ ရက်က ဆိုပါတယ်။ ဆင်းရဲ၊ ချမ်းသာ နိုင်ငံအများအပြား ကိုဗစ်ကာကွယ်ဆေး ရရှိမှုမညီမျှဘဲ ရှိနေပြီး ဗြိတိန်၊ အမေရိကန်၊ အစ္စရေးနဲ့ စင်ကာပူမှာ တတိယအကြိမ်ကာကွယ်ဆေးထိုးနှံပြီး အစ္စရေး၊ ချီလီနဲ့ ထိုင်းနိုင်ငံတွေမှာ ကာကွယ်ဆေးလေးကြိမ်အထိ ထိုးနှံပြီးပါပြီ။
ကိုဗစ်တတိယလှိုင်းခေါ် မျိုးဗီဇပြောင်းဒယ်တာ ကိုဗစ်မျိုးကွဲတွေက ပုံမှန်ထက် ၅၀ ရာခိုင်နှုန်း ကူးစက်မှု မြန်ဆန်သလို ရောဂါလက္ခဏာ ပိုမိုခံစားရကာ သေဆုံးမှုများစေပါတယ်။ ကိုဗစ်ကပ်ရောဂါကာလမှာ စားဝတ်နေရေးအတွက် လုပ်ဆောင်မှုတွေကလည်း အွန်လိုင်း (Online) များလာပါတယ်။ ကမ္ဘာတစ်ဝန်းမှာ ၂၀၂၁ ခုနှစ်က အိမ်မှာနေပြီး အလုပ်လုပ်ခွင့်ပြုခြင်းကို စီးပွားရေးလုပ်ငန်းကဏ္ဍအတော်များများမှာ ပုံမှန်ထုံးစံလို ဖြစ်လာနေပါတယ်။ အွန်လိုင်းနဲ့ဇွန်း (Zoom Meeting) လုပ်လာပါတယ်။ အောက်ခြေနဲ့ပိုမိုနီးကပ်လာတယ်။
၂၀၂၅ ခုနှစ်မှာ အလုပ်သမား အင်အားစုရဲ့ ၇၀ ရာခိုင်နှုန်းမှာ တစ်လမှာအနည်းဆုံး ငါးရက်ခန့် အိမ်မှာနေပြီး အလုပ်လုပ်နိုင်ကြမယ်လို့ ခန့်မှန်းထားတယ်။၂၀၂၁ ခုနှစ်ကိုအိမ်မှာနေပြီး အလုပ်လုပ်တဲ့နှစ်လို့ ခေါ်ဆိုခဲ့ကြတယ်။ ၂၀၂၁ ခုနှစ်နိုဝင်ဘာလယ်မှာ အိုမီခရွန် (Omicron) ဗီဇပြောင်း ဗိုင်းရပ် စတုတ္ထလှိုင်းအစမှာ အိုးမကွာအိမ်မကွာ အလုပ်လုပ်ခြင်းများ ဆက်လက်ရေပန်းစား ဆောင်ရွက်နေကြပြီဖြစ်တယ်။
(၁) အွန်လိုင်းစျေးရောင်းခြင်း။ အွန်လိုင်းစတိုးဆိုင်ပိုင်ရှင် (E.Commerce Store Owner) ဟာရောင်းကုန် ကုန်ပစ္စည်းများကို အင်တာနက် အွန်လိုင်းပေါ်မှာ ကြော်ငြာပြီး ရောင်းလေ့ရှိပါတယ်။ အင်တာနက်မှာ အီလက်ထရွန်နစ် စီးပွားရေးလုပ်ငန်းနဲ့ ပစ္စည်းများ ရောင်းချခြင်းဟာ အမြတ်အစွန်း ရရှိတဲ့ စီးပွားရေးလုပ်ငန်းဖြစ်ပါတယ်။
ဖောက်သည်တွေက ကြော်ငြာကိုကြည့်တယ်။ အချို့ (Live) လွှင့်ပြီးရောင်းတယ်။ ဖောက်သည်တွေကိုယ်တိုင် တကယ့်စျေးကွက် ဝယ်-ရောင်းကနေ အွန်လိုင်းစျေးကွက်ကနေ ဝယ်-ရောင်း လုပ်လာကြပါတယ်။ ခုချိန်အထိ အွန်လိုင်းဥပဒေ၊ အွန်လိုင်းအမြတ်ခွန် ဥပဒေတို့စနစ်တကျ မထုတ်ပြန်နိုင်သေးလို့ အချို့အတုအလိမ်များ ကြုံတွေ့ရကာ စိတ်မချမ်းမသာနဲ့ အွန်လိုင်းကို မယုံတော့ဘူး။
ကိုဗစ်ကပ်ရောဂါနဲ့ အသွင်ပြောင်းဗီဇ ဖြစ်ပွားနေမှုက ပြည်သူတွေ အွန်လိုင်းစျေးဝယ်၊ စျေးရောင်းတာ ပိုမိုလုပ်ဆောင်လာကြရတာလည်း ပါဝင်ပါတယ်။ အွန်လိုင်းပစ္စည်းကို ဖောက်သည်ထံ အရောက်ပို့တဲ့ဖြန့်ချိရေးလည်း ပါလာတယ်။
(၂) အွန်လိုင်းဖြန့်ချိရေး။ ကိုဗစ်ကပ်ကြောင့် စားသောက်ဆိုင် အများစု “ဆိုင်ထိုင် ရောင်းချခွင့်” မရတော့တဲ့ ကာလမှာပါဆယ်မှာ ယူတာတွေ များလာတယ်။ အွန်လိုင်း ဖြန့်ချိရေး (Delivery) စီးပွားရေးစျေးကွက် ပေါ်လာတယ်။ ဆိုင်ကယ်၊ ကား၊ စက်ဘီးတွေသုံးပြီး ဝန်ထမ်းရာနဲ့ချီ ခန့်အပ်ပေးနိုင်ပြီး အလွယ်တကူ ငွေပေါ်တဲ့အလုပ် ဖြစ်လို့အချို့ တနိုင်၊ အချို့မိသားစုပိုင် လုပ်ကိုင်ကြသလို အချို့ကုမ္ပဏီ တည်ထောင်ပြီး စနစ်တကျ ပို့ဆောင်ပေးနေပါတယ်။
(၃) အွန်လိုင်းဂရပ်ဖစ် ဒီဇိုင်နာ။ ဂရပ်ဖစ်ဒီဇိုင်နာ (Graphic Designer) များ အလုပ်ခန့်ထားလိုမှုတွေ တစ်နေ့တခြား တိုးပွားများပြားလျက်ရှိတယ်။ ဂရပ်ဖစ်ဒီဇိုင်နာတစ်ဦးအနေနဲ့ ပြည်သူတွေရဲ့ အမြင်မှာ ဆွဲဆောင်မှုရှိတဲ့ ရုပ်ပုံများ ရေးဆွဲနိုင်စွမ်းရှိပြီး ဘယ် အရာကပိုကောင်းတယ်ဆိုတာ ရှုမြင်သုံးသပ်နိုင်စွမ်းရှိရင် ကွန်ပျူတာတစ်လုံးနဲ့ နေ့စဉ်အလုပ်ရှုပ်နေတဲ့ ဂရပ်ဖစ်ဒီဇိုင်နာတစ်ဦး ဖြစ်လာနိုင်ပါတယ်။ စျေးကွက်မြှင့်တင်ရေး၊ စီးပွားရေးလုပ်ငန်းတို့နဲ့ ကွန်ပျူတာနယ်ပယ်တွေမှာ မိမိလုပ်ကိုင်လိုတဲ့နယ်ပယ်ကဏ္ဍမှာမဆို စိတ်တိုင်းကျ ရွေးချယ်လုပ်ကိုင်နိုင်ပါတယ်။
ဂရပ်ဖစ်ဒီဇိုင်နာတွေကို စီးပွားရေး လုပ်ငန်းကော်ပိုရေးရှင်းကြီးများ၊ သတင်းစာဂျာနယ်၊ သတင်းစာဂျာနယ်၊ မီဒီယာလုပ်ငန်းများ၊ လက်လီဖြန့်ဖြူးရောင်းချရေး လုပ်ငန်းများ၊ ကြော်ငြာအေဂျင်စီဌာနများနဲ့ အင်တာနက်ဝက်ဆိုက် စတဲ့ စီးပွားရေးလုပ်ငန်းများက အချိန်မရွေးလိုအပ်လျက်ရှိတာကြောင့် ဂရပ်ဖစ်ဒီဇိုင်နာကောင်းကောင်းအတွက် အလုပ်အကိုင် အလွယ်တကူ ရရှိနိုင်ပါတယ်။










