လူဆိုသည်မှာ အသိဉာဏ်ရှိသည့် သတ္တဝါဖြစ်သည့် အားလျော်စွာ တိုင်းပြည်နိုင်ငံတော်နှင့် ပြည်သူ ပြည်သားများအတွက် ကောင်းကျိုးများ ဖြစ်ထွန်းပေါ်ပေါက်လာစေရန် ဆောင်ကြဉ်းပေးနိုင်၊ လုပ်ဆောင်နိုင်သကဲ့သို့ ဆိုးကျိုးများ ဖြစ်ပေါ်လာစေရန်လည်း လုပ်ဆောင်နိုင်သည့် သတ္တဝါအမျိုးအစားလည်း ဖြစ်ပါသည်။ အကယ်၍ လူတို့၏ လုပ်ဆောင်ချက်များသည် ဆိုးကျိုးများ ဖြစ်ထွန်းပေါ်ပေါက်လာမည်ကို ကြိုတင်သိမြင်နိုင်မည် ဆိုပါက ဆိုးကျိုးများ ဖြစ်ပေါ်လာခြင်း မရှိနိုင်စေရန် ကြိုတင်ကာကွယ်တားဆီးနိုင်သည့် သတ္တဝါမှာလည်း လူတို့ပင် ဖြစ်ပါသည်။ ထို့ပြင် ဆိုးကျိုးများ ဖြစ်ပေါ်လျက်ရှိနေသည်ကို သိမြင်နားလည်နိုင်မည်ဆိုပါက ဖော်ပြပါဆိုးကျိုးများမှ လွတ်မြောက်နိုင်စေရန် ကြိုးပမ်းဆောင်ရွက်နိုင်သည့် သတ္တဝါအမျိုးအစားသည်လည်း အသိဉာဏ်ရှိသည့် လူသားများပင် ဖြစ်ကြပါသည်။
ဤတွင် စာရေးသူ၏ ကိုယ်ပိုင်ခံစားချက်အနေဖြင့် မိမိတို့ တိုင်းပြည်နိုင်ငံတော်ကြီးနှင့် ပြည်သူ ပြည်သားများအတွက် ကောင်းကျိုးများ ဖြစ်ထွန်းပေါ်ပေါက်လာစေရန်နှင့် ဆိုးကျိုးများကို မဖြစ်ပေါ်စေရန်၊ ကာကွယ်တားဆီးရန်မှာ မိမိတို့ တိုင်းပြည်နိုင်ငံတော်၏ အုပ်ချုပ်ရေးအာဏာအရပ်ရပ်ကို ရယူထားကြသူများနှင့် နိုင်ငံသားအားလုံးတို့တွင် တာဝန်ရှိသည်ဟု ထင်မြင်ပါသည်။ ထို့ကြောင့် မိမိတို့တိုင်းပြည် နိုင်ငံတော်ကြီးအနေဖြင့် မည်သည့် အခြေအနေတွင် ရောက်ရှိတည်ရှိနေသည်ကို လေ့လာဆန်းစစ်ရန် လိုပါသည်။
စာရေးသူ အနေဖြင့် မိမိတို့ တိုင်းပြည်နိုင်ငံတော်ကြီးအား အကဲဖြတ်သုံးသပ်ခြင်းများကို ပြုလုပ်မည် မဟုတ်ပါ။ နိုင်ငံတကာအသိုင်းအဝိုင်းက တင်ပြထားရှိသည့်သတင်းအချက်အလက်များကို အခြေခံကာ ကမ္ဘာပေါ်ရှိ တိုင်းပြည်နိုင်ငံများနှင့် နှိုင်းယှဉ်တင်ပြသည့် အဆင့်သာ ဖြစ်ပါသည်။
စာရေးသူသည် တိုင်းပြည်နိုင်ငံများ ကျဆုံးခြင်းကို ဖြစ်ပေါ်စေသည့် အခြေခံအကြောင်းရင်းများကို ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁၅ ရက်နေ့ WEEKLY ELEVEN News တွင် “ဆိုးရွားသည့် သံသရာ၊ ရက်စက်ပြင်းထန်သည့် ဝဲသြဃ (Vicious Circle)” ခေါင်းစဉ်နှင့် ရေးသားတင်ပြခဲ့ပြီး ဖြစ်ပါသည်။ အဓိကဖြစ်ပေါ်စေသည့် အကြောင်းရင်းမှာ တိုင်းပြည်နိုင်ငံတော်က ချမှတ် ဆောင်ရွက်သည့် မူဝါဒများသည် လူပုဂ္ဂိုလ် တစ်ဦး၊ လူတစ်စု၊ အဖွဲ့အစည်းတစ်ဖွဲ့၊ ပါတီတစ်ပါတီအတွက် အကျိုးဖြစ်ထွန်းစေရန် တည်ထောင်ထားရှိသည့် ဖွဲ့စည်းတည်ဆောက်ပုံစနစ်ယန္တရားများ (Extractive Institutions) ကြောင့် ဖြစ်သည်ကို ရှင်းလင်းစွာ ရေးသားတင်ပြခဲ့ပြီး ဖြစ်ပါသည်။
ယခု ကျဆုံး တိုင်းပြည်နိုင်ငံများ (Failing States) ဆိုသည်မှာ ဘာကိုခေါ်ဆိုပါသလဲ ဆိုသည့် မေးခွန်းနှင့် ကျဆုံးတိုင်းပြည်နိုင်ငံများ၏ သွင်ပြင်လက္ခဏာရပ်များသည် မည်ကဲ့သို့ တည်ရှိဖြစ်ပေါ်နေပါသလဲ ဆိုသည့် မေးခွန်းများအတွက် ကြိုးစားရှာဖွေဖော်ထုတ်ရန် ဖြစ်ပါသည်။
အပြည့်အစုံ သိမြင်နားလည်စေနိုင်မည့် အဖြေများ ရရှိနိုင်စေရန်မှာ ယခုဆောင်းပါးအဆင့်နှင့် ရှင်းလင်းတင်ပြရန် မဖြစ်နိုင်ပါ။ စာရေးသူအနေဖြင့် စီးပွားရေး တက္ကသိုလ်များတွင် လေ့လာသင်ယူ၊ သင်ကြားခဲ့သည့် အတွေ့အကြုံများကို အခြေခံကာ လက်လှမ်းမီသည့် အထောက်အထား စာတမ်း၊ စာစောင်များမှ ရရှိသည်များကို ပေါင်းစပ်ပြီး တင်ပြပါမည်။ တစ်နည်းအားဖြင့် နိုင်ငံရေးဘောဂဗေဒ ရှုထောင့်အရ ကြိုးစားပြီး ရှင်းလင်းတင်ပြပါမည်။
စာရေးသူ ယခုဆောင်းပါးကို ရေးသားတင်ပြရသည့် အကြောင်းရင်းမှာ ယနေ့ကမ္ဘာကြီးသည် ရောဂန္တရကပ်ကြီး (ကိုဗစ်-၁၉ ရောဂါ ကပ်ကြီး) ကျရောက်ဆိုက်ရောက်နေသည့်ကာလဖြစ်သည်က တစ်ကြောင်း၊ မိမိတို့ တိုင်းပြည်နိုင်ငံသည် လွတ်လပ်ရေးရရှိပြီးချိန်ကတည်းက ယနေ့အချိန်အထိ တိုင်းပြည်နိုင်ငံ၏ ကိုယ်ခံစွမ်းအားကို စနစ်တကျ ခိုင်မာအားကောင်းနေစေရန် မြှင့်တင်ခြင်းမပြုခဲ့ကြဘဲ လျစ်လျူရှုခဲ့ကြသည့် အခြေအနေ တည်ရှိနေသည်က တစ်ကြောင်း စသည့် အကြောင်းရင်းများကြောင့် မိမိတို့ တိုင်းပြည်နိုင်ငံတော်ကြီးသည် ကမ္ဘာပေါ်ရှိ တိုင်းပြည်နိုင်ငံများနှင့် နှိုင်းယှဉ်ကြည့်ရာတွင် မည်သည့် အခြေအနေအဆင့်သို့ ရောက်ရှိနေသည်ကို သိမြင်နားလည်နိုင်စေရန် ကြိုးပမ်းအားထုတ်ကြပြီးလျှင် သင်ခန်းစာများ ရယူကာ နောင်အနာဂတ်အတွက် မှန်ကန်သည့် လမ်းကြောင်းပေါ်သို့ ရောက်ရှိလာစေရေးကို ရည်ရွယ်ပါသည်။
ပထမဦးစွာ ကျဆုံး တိုင်းပြည်နိုင်ငံများ (Failing States) ဆိုသည်မှာ ဘာကို ခေါ်ဆိုပါသလဲ ဆိုသည့် အဓိပ္ပာယ်ဖွင့်ဆိုချက်ကို စတင်ဆွေးနွေးပါမည်။ ကျဆုံး တိုင်းပြည်နိုင်ငံများနှင့် ပတ်သက်ပြီး သီးခြားအများသဘောတူ သတ်မှတ်ထားရှိသည့် အဓိပ္ပာယ်ဖွင့်ဆိုချက် မရှိပါ။ ထို့ကြောင့် သဘောတရား အဓိပ္ပာယ်ကို ဘက်ပေါင်းစုံ ရှုထောင့်အမျိုးမျိုးအရ လေ့လာကာ ရှင်းလင်း တင်ပြရသည့် အခြေအနေဖြစ်ပါသည်။ ပညာရှင်များက တွေ့ရှိရသည့် သဘောတရား တစ်ရပ်အနေနှင့် ကျဆုံး တိုင်းပြည်နိုင်ငံ ဆိုသည်မှာ တိုင်းပြည်နိုင်ငံတော်၏ လုပ်ငန်းရပ်များကို အကျိုးရှိ ထိရောက်စွာ မဆောင်ရွက်နိုင်ခြင်း (State Indffectiveness) ပင် ဖြစ်ပါသည်။ အခြား ထူးခြားသည့်အခြေအနေတစ်ရပ်မှာ “Indeed, all failing states are former colonies.” (Reference: 2). ကျဆုံး တိုင်းပြည် နိုင်ငံများအဖြစ် ရည်ညွှန်းခံရသည့် နိုင်ငံအားလုံးတို့မှာ ယခင် ကိုလိုနီလက်အောက်ခံ နိုင်ငံများ ဖြစ်နေကြခြင်းပင် ဖြစ်ပါသည်။
ပထမဦးစွာ ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ်ဟောင်း (The Former Secretary General) ဘူထရော့ (စ်) ဘူထရော့ (စ်) ဂါလီ (Boutros Boutros Ghali) ၏ အဓိပ္ပာယ် ဖော်ပြထားချက်ကို တင်ပြပါမည်။ ဆရာကြီး၏ ရှင်းလင်းတင်ပြချက်မှာ - "A feature of such conflicts is the collapse of state institutions, especially the police and judiciary, with resulting paralysis of governance, a breakdown of law and order, and general banditry and chaos. Not only are the functions of government suspended, but its assets are destroyed or looted and ex-perienced officials are killed or flee the country. This is rarely the case in inter-state wars. ……” (Reference: 1, pp-732.)
ဖော်ပြထားချက်အရ ကျဆုံး တိုင်းပြည် နိုင်ငံများတွင် တွေ့ရှိရ သည့် သွင်ပြင်လက္ခဏာတစ်ရပ်မှာ တိုင်းပြည် နိုင်ငံအတွင်း ဖြစ်ပေါ်လျက်ရှိသည့် ပဋိပက္ခများကြောင့် တိုင်းပြည်နိုင်ငံ၏ အင်စတီကျူးရှင်းများ ပြိုလဲပျက်စီးခြင်းပင်ဖြစ်ပါသည်။ အထူးသဖြင့် ရဲတပ်ဖွဲ့နှင့် တရားရေးဆိုင်ရာဌာနများ ပြိုကွဲပျက်စီးစေပြီးလျှင် အုပ်ချုပ်သူ အစိုးရ၏ စွမ်းဆောင်ရည်နှင့် လုပ်ငန်းများ တုံ့ဆိုင်းရပ်ဆိုင်းသွားစေပြီး ငြိမ်ဝပ်ပိပြားရေးလုပ်ငန်းများ မဆောင်ရွက်နိုင်ဘဲ လုံခြုံရေးကျိုးပေါက်သွားသဖြင့် ခိုးဆိုးလုယက် ဓားပြတိုက်ခြင်းကဲ့သို့သော ပရမ်းပတာများ ဖြစ်ပေါ်လျက်ရှိသည့် အခြေအနေဖြစ်ပါသည်။ အုပ်ချုပ်သူ အစိုးရ၏လုပ်ငန်းများ ရပ်ဆိုင်းသွားခြင်းသာမက တန်ဖိုးရှိသော လူသားများအသတ်ခံရခြင်း၊ ပစ္စည်းဥစ္စာများ လုယက်ဖျက်ဆီးခံရခြင်းများလည်း ဖြစ်ပေါ်စေသည့်အပြင် တိုင်းပြည်နိုင်ငံအတွက် တန်ဖိုး မဖြတ်နိုင်သော အတွေ့အကြုံအသိပညာ မြင့်မားရင့်ကျက်သည့် အရာရှိကြီးများမှာလည်း အသတ်ခံရခြင်း သို့မဟုတ် တိုင်းပြည်နိုင်ငံမှ ထွက်ပြေးရခြင်းများ ဖြစ်ပေါ်စေပါသည်။ ယခုကဲ့သို့သော အခြေအနေများမှာ ပြည်တွင်းစစ်များအတွင်းမှာပင် ဖြစ်ခေါင့်ဖြစ်ခဲ ကိစ္စရပ်အမျိုးအစားများ ဖြစ်ပါသည်။”
ဒုတိယအနေဖြင့် ကျဆုံးတိုင်း ပြည်နိုင်ငံများတွင် တွေ့ရှိရသည့် သွင်ပြင်လက္ခဏာရပ်များနှင့် အခြေခံအကြောင်းရင်းများကို နိုင်ငံရေး ဘောဂဗေဒ ရှုထောင့်အရ ရှင်းလင်းတင်ပြရန် ဆရာကြီး ပေါ (လ်) ကော်လီယာ (Paul Collier) ၏ (Reference:2) ကို အခြေခံပြီး တင်ပြပါမည်။
ဆရာကြီးက နိုင်ငံရေး ဘောဂဗေဒရှုထောင့်အရ တိုင်းပြည်နိုင်ငံများ ကျဆုံး ကျရှုံးရသည့်အကြောင်းရင်း သုံးချက်ကို အခြေခံကာ ရှင်းလင်းတင်ပြထားပါသည်။ (က) စီးပွားရေး အရွယ်အစား ပမာဏ သေးငယ်ခြင်း (Small Economic Size)၊ (ခ) တိုင်းရင်းသား လူမျိုးနွယ်စုများ ကွဲပြားခြားနားနေမှု များပြားခြင်း (Ethnically-Diverse) နှင့် (ဂ) သဘာဝသယံဇာတ ပေါများကြွယ်ဝခြင်း (Resource- Rich) တို့ ဖြစ်ကြပါသည်။
ဆရာကြီးက ဖော်ပြပါ သုံးချက်ကြောင့် ကျဆုံး တိုင်းပြည်နိုင်ငံများ ဖြစ်စေသည့် အကြောင်းရင်းများကို အကျယ်တဝင့် အသေးစိတ် ရှင်းလင်းတင်ပြထားပြီးလျှင် ကျဆုံး တိုင်းပြည်နိုင်ငံအဖြစ်မှ ကျော်လွှား လွတ်မြောက်နိုင်စေရန် မည်ကဲ့သို့ ချဉ်းကပ်ဆောင်ရွက်သင့်သည်များကိုပါ ရှင်းလင်းတင်ပြထားပါသည်။ စာရေးသူအနေနှင့် ဆရာကြီး၏ တင်ပြထားသည့် အချက်သုံးချက်တွင် ပါဝင်သည့် ထူးခြားချက် အချို့နှင့် ကောက်နုတ်ချက်အကျဉ်းကိုသာ ရှင်းလင်းတင်ပြပါမည်။
(က) စီးပွားရေး အရွယ်အစား ပမာဏ သေးငယ်ခြင်း (Small Economic Size) - တိုင်းပြည် နိုင်ငံတော်၏ စီးပွားရေး အရွယ်အစား ပမာဏလွန်စွာ သေးငယ်နေပါက တိုင်းပြည်နိုင်ငံတော်နှင့် ပြည်သူပြည်သားများ၏ လုံခြုံရေးကို အပြည့်အဝ ကာကွယ်ထိန်းသိမ်းဆောင်ရွက်နိုင်ရန် လွန်စွာခက်ခဲစေမည်ဖြစ်ပါသည်။ တိုင်းပြည် နိုင်ငံတော်၏ စီးပွားရေးအရွယ်အစား ပမာဏ ဆိုက်သေးငယ်သောကြောင့် တိုင်းသူပြည်သားများ၏ တစ်ဦးကျဝင်ငွေမှာလည်း အလွန်နိမ့်ကျနေမည် ဖြစ်ပါသည်။ အကျိုးဆက်အားဖြင့် ပြည်သူ့ရေးရာ ဝန်ဆောင်မှုလုပ်ငန်းများကို အပြည့်အဝ ဆောင်ရွက်ပေးနိုင်ခြင်း မရှိတော့ပါ။ အထူးသဖြင့် ပြည်သူ ပြည်သားများ၏ လုံခြုံရေးနှင့် အသက်ရှင်သန်စေရေးအတွက် အပြည့်အဝ ကာကွယ်ပေးနိုင်ခြင်း မရှိနိုင်တော့ပါ။
ထို့ပြင် အင်စတီကျူးရှင်းများ၏ တာဝန်ယူမှု၊ တာဝန်ခံမှုသည်လည်း အရေးကြီးသည့် အချက်ဖြစ်ပါသည်။ ခိုင်မာအားကောင်းသည့် အင်စတီကျူးရှင်းများကသာလျှင် ပြည်သူပြည်သားများ၏ လုံခြုံရေးအတွက် အသေးစိတ် ထိန်းသိမ်း ကာကွယ် စောင့်ရှောက်ခြင်းကို ပြုလုပ်ပေးနိုင်ပါသည်။ စီးပွားရေး အရွယ်အစား ပမာဏ လွန်စွာသေးငယ်နေပါက ခိုင်မာအားကောင်းသည့် အင်စတီကျူးရှင်းများ တည်ရှိဖြစ်ပေါ်လာရန် လွန်စွာခက်ခဲမည် ဖြစ်ပါသည်။ အချို့သော ပညာရှင်ကြီးများကမူ လူဦးရေ အရွယ်အစား ပမာဏ (Population Size) သည်လည်း ကျဆုံးတိုင်းပြည်နိုင်ငံများ ဖြစ်စေသည့် အကြောင်းရင်းများတွင် အရေးကြီးသည့် အချက်အဖြစ် သတ်မှတ်ကြပါသည်။
(ခ) တိုင်းရင်းသား လူမျိုးနွယ်စုများ ကွဲပြားခြားနားနေမှု များပြားခြင်း (Ethnically Diverse)- ယခင် ကိုလိုနီလက်အောက်ခံနိုင်ငံများ ဖြစ်ခဲ့ကြပြီး လွတ်လပ်ရေး ရရှိခဲ့ကြသည့် နိုင်ငံများသည် အများအားဖြင့် တိုင်းရင်းသားလူမျိုးနွယ်စုများ ကွဲပြားစွာ တည်ရှိနေသည့် နိုင်ငံများ ဖြစ်ကြပါသည်။ ထိုကဲ့သို့ ဖြစ်ပေါ်တည်ရှိနေခြင်းသည် လက်နက်ကိုင်ပဋိပက္ခများ အလွယ်တကူ ဖြစ်ပေါ်စေတတ်ပါသည်။ အဘယ်ကြောင့်ဆိုသော် တိုင်းရင်းသား လူမျိုးစု ကွဲပြားခြားနားခြင်းကို အခြေခံကာ လက်နက်ကိုင်အဖွဲ့များအဖြစ် အလွယ်တကူ စုစည်း စုဆောင်းနိုင်ခြင်းကြောင့် ဖြစ်ပါသည်။
တိုင်းရင်းသား လူမျိုးနွယ်စုများ ကွဲပြားနေခြင်းအားဖြင့် အတူတကွ ပူးပေါင်းဆောင်ရွက်ရာတွင် သော်လည်းကောင်း၊ ကိုယ်စားပြု ရွေးချယ်ရာတွင်သော်လည်းကောင်း စိန်ခေါ်မှုအခက်အခဲများ ရှိနိုင်ပါသည်။ သို့သော်လည်း ကျဆုံး တိုင်းပြည်နိုင်ငံများ ဖြစ်စေသည့် အကြောင်းရင်းများတွင် တိုင်းရင်းသား လူမျိုးနွယ်စုများ ကွဲပြားနေခြင်းမှာ အဓိက မဟုတ်သည်ကို ဆိုမာလီးယားနိုင်ငံက သက်သေပြလျက်ရှိနေပါသည်။
စာရင်းအင်းပညာ လေ့လာတွေ့ရှိချက်တစ်ရပ်ကို တင်ပြပါမည်။ “….it statistically find that democracy is considerably more valuable to diverse socie-ties to homogenous societies.” (Refrence: 2). အဓိပ္ပာယ်မှာ “ ဒီမိုကရေစီစနစ်သည် တိုင်းရင်းသား လူမျိုးနွယ်စု တစ်မျိုးတည်းသာရှိသည့် လူ့အဖွဲ့အစည်းထက် တိုင်းရင်းသား လူမျိုးနွယ်စုများ ကွဲပြားခြားနားလျက်ရှိသည့် လူ့အဖွဲ့အစည်းအတွက် ပိုမိုသာလွန် ကောင်းမွန်တန်ဖိုးရှိသည်ကို စာရင်းအင်းပညာနည်းလမ်းများ အသုံးပြုကာ သက်သေပြနိုင်ခဲ့ကြပါသည်။”
(ဂ) သဘာဝသယံဇာတ ပေါများကြွယ်ဝခြင်း (Resource-Rich) တို့ ဖြစ်ကြပါသည်။
အချို့သော ကိုလိုနီလက်အောက်မှ လွတ်လပ်ရေး ရရှိခဲ့ကြသည့် တိုင်းပြည် နိုင်ငံများတွင် တန်ဖိုးရှိသော သဘာဝသယံဇာတများကို ပိုင်ဆိုင်လျက်ရှိကြပါသည်။ သဘာဝသယံဇာတများ ပေါကြွယ်ဝသဖြင့် လက်နက်ကိုင် အဖွဲ့အစည်း အမျိုးမျိုးအနေဖြင့် အလွယ်တကူ ဖွဲ့စည်းတည်ဆောက်နိုင်စေပြီး ရှင်သန်ရပ်တည်နိုင်စေရန်လည်း များစွာအထောက်အကူ ဖြစ်စေပါသည်။ တိုင်းပြည်နိုင်ငံအနေနှင့်မူ လုံခြုံရေးပြဿနာများအတွက် စိန်ခေါ်မှုများ ဖြစ်ပေါ်စေပါသည်။ အထက်ဖော်ပြပါ ဖြစ်ပေါ်စေမှုကို အချို့သော ပညာရှင်များက သယံဇာတကျိန်စာသင့်ခြင်း (Resource Curse) ဟု ခေါ်ဆိုကြပါသည်။
သယံဇာတများ ပေါကြွယ်ဝသဖြင့် အုပ်ချုပ်ရေး လုပ်ငန်းရပ်များတွင် အောက်ဖော်ပြပါ နည်းလမ်း သုံးခုဖြင့် ယိုယွင်း ပျက်စီးစေတတ်ပါသည်။
(i) In a democracy, resource rents might reduce the efficacy of elected accounta-bility. ဒီမိုကရေစီစနစ်တွင် သယံဇာတမှ ငှားရမ်းထုတ်ယူရရှိသော အသားတင်အကျိုးအမြတ်များကြောင့် ရွေးကောက်တင်မြှောက်ခြင်းဆိုင်ရာ တာဝန်ယူမှု တာဝန်ခံမှုအတွက် အစွမ်းထက် ထိရောက်မှုများကို လျော့နည်းကျဆင်းစေပါသည်။
(ii) In an autocracy, resource rents might reduce the efficacy of accountability to the selectariat.
အာဏာရှင်စနစ်တွင် သယံဇာတမှ ငှားရမ်းထုတ်ယူရရှိသော အသားတင်အကျိုးအမြတ်များကြောင့် ရွေးချယ်တာဝန်ပေးအပ်ခြင်းဆိုင်ရာ လုပ်ငန်းများ၏ တာဝန်ယူမှု၊ တာဝန်ခံမှုအတွက် အစွမ်းထက် ထိရောက်မှုများကို လျော့နည်း ကျဆင်းစေပါသည်။
(iii) Resource rents might alter the likelihood of demo-cracy relative to autocracy.
သယံဇာတမှ ငှားရမ်းထုတ်ယူ ရရှိသော အသားတင်အကျိုးအမြတ်များကြောင့် ဒီမိုကရေစီစနစ်ကို ကျင့်သုံးအကောင်အထည်ဖော် ဆောင်နိုင်ရန်ထက် အာဏာရှင်စနစ် ဖြစ်ပေါ်လာစေနိုင်မည့် ဖြစ်နိုင်ခြေ အလားအလာများက အားသာလျက်ရှိနေပါသည်။
တတိယအနေဖြင့် မိမိတို့ တိုင်းပြည်နိုင်ငံ၏ အခြေအနေကို အထက်တွင် ဖော်ပြခဲ့သည့် အကြောင်းရင်းများအပေါ်တွင် အခြေခံကာ နှိုင်းယှဉ်လေ့လာပါမည်။ ယေဘုယျအားဖြင့် တင်ပြရပါလျှင် မိမိတို့တိုင်းပြည်နိုင်ငံသည် ကိုလိုနီလက်အောက်ခံနိုင်ငံအဖြစ် အနည်းဆုံး နှစ်ပေါင်း ၈၀ ကျော်ကြာ တည်ရှိခဲ့သည့်နိုင်ငံ ဖြစ်ခဲ့ပါသည်။ ကမ္ဘာပေါ်ရှိ တိုင်းပြည်နိုင်ငံများနှင့် နှိုင်းယှဉ်ပါက ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံ (LDC) ဖြစ်သည့်အပြင် လွတ်လပ်ရေး ရရှိပြီးချိန်ကတည်းက ပြည်တွင်း လက်နက်ကိုင် ပဋိပက္ခများနှင့် တွေ့ကြုံရလျက်ရှိသည်မှာ ယနေ့ထက်တိုင် ဖြစ်ပါသည်။
အထက်တွင် ဖော်ပြချက်များအရ ကျဆုံးတိုင်းပြည်နိုင်ငံများ ဖြစ်စေသည့် အကြောင်းရင်းများ ဖြစ်ကြသည့် (က) စီးပွားရေး အရွယ်အစား ပမာဏ သေးငယ်ခြင်း (Small Economic Size)၊ (ခ) တိုင်းရင်းသား လူမျိုးစုနွယ်များ ကွဲပြားခြားနားနေမှု များပြားခြင်း (Ethnically Diverse) နှင့် (ဂ) သဘာဝ သယံဇာတ ပေါများကြွယ်ဝခြင်း (Resource-Rich) စသည်တို့နှင့်လည်း ကိုက်ညီလျက်ရှိနေသည့် အခြေအနေ ဖြစ်ပါသည်။
ဤတွင် မေးခွန်းမှာ မိမိတို့ တိုင်းပြည်နိုင်ငံသည် ကျဆုံးတိုင်းပြည်နိုင်ငံ ဖြစ်နေပါသလားဆိုသော မေးခွန်းဖြစ်ပါသည်။ အဆိုပါ မေးခွန်း၏ အဖြေကို စာဖတ်သူများကပင် ဖြေကြားကြစေလိုပါသည်။ ပုံတွင် ဖော်ပြထားရှိသည့် Fragile States Index အရမူ အနီရောင် အဆင့်တွင် တည်ရှိနေပါသည်။
အတိုချုပ်အနေဖြင့်တင်ပြရပါလျှင် ကျဆုံးတိုင်းပြည် နိုင်ငံတော်ဆိုသည်မှာ အထက်တွင် ဖော်ပြထားသကဲ့သို့ တိုင်းပြည် နိုင်ငံတော်ကြီးအတွက် အကျိုးရှိထိရောက်စွာ ဆောင်ရွက်နိုင်စွမ်းမရှိခြင်း (ineffectiveness) ဖြစ်ပါသည်။ တစ်နည်းအားဖြင့် တိုင်းပြည် နိုင်ငံတော်ကြီးနှင့် ပြည်သူပြည်သား အားလုံးတို့အား လုံခြုံမှု အပြည့်အဝ ရရှိစေရန် ဆောင်ရွက်နိုင်စွမ်း မရှိခြင်းနှင့် တာဝန်ယူမှု၊ တာဝန်ခံမှု မရှိခြင်းပင် ဖြစ်ပါသည်။ စာဖတ်သူများအနေဖြင့် ကိုယ်တိုင် စဉ်းစားတွေးခေါ် လေ့လာသုံးသပ်ပြီး မိမိတို့ တိုင်းပြည်နိုင်ငံတော်ကြီး၏ အခြေအနေကို ဝေဖန်အကြံပြုပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။
နိဂုံးချုပ်အနေဖြင့် တင်ပြလိုသည်မှာ ယနေ့ကမ္ဘာကြီးသည် ရောဂန္တရကပ်ကြီး (ကိုဗစ်-၁၉ ရောဂါကပ်ကြီး) ကျရောက် ဆိုက်ရောက်နေသည့်ကာလ ဖြစ်သည့်အပြင် မိမိတို့ တိုင်းပြည်နိုင်ငံသည် လွတ်လပ်ရေး ရရှိပြီးချိန်ကတည်းက ယနေ့အချိန်အထိ တိုင်းပြည်နိုင်ငံ၏ ကိုယ်ခံစွမ်းအားကို စနစ်တကျ ခိုင်မာအားကောင်းနေစေရန် မြှင့်တင်ခြင်းမပြုခဲ့ကြဘဲ လျစ်လျူရှုခဲ့ကြသည့် အခြေအနေ တည်ရှိနေသည့် အကြောင်းရင်းများကြောင့် မိမိတို့တိုင်းပြည်နိုင်ငံတော်ကြီးသည် ကမ္ဘာပေါ်ရှိ တိုင်းပြည်နိုင်ငံများနှင့် နှိုင်းယှဉ်ကြည့်ရာတွင် မည်သည့် အခြေအနေအဆင့်သို့ ရောက်ရှိနေသည်ကို သိမြင်နားလည်နိုင်စေရန် ကြိုးပမ်းအားထုတ်ကြပြီးလျှင် သင်ခန်းစာများ ရယူကာ နောင်အနာဂတ်အတွက် မှန်ကန်သည့် လမ်းကြောင်းပေါ်သို့ ရောက်ရှိလာစေရေးကို အစွမ်းကုန် ဆောင်ရွက်နိုင်ကြပါစေကြောင်း ရေးသားတင်ပြအပ်ပါသည်။
Reference:
1. Daniel Thurer (1999), “ The “Failed State” and International Law”, RICER DECEMBRE IRRC DECEMBER 1999, Vol. 81, N’ 836. Pp- 731-761.
2. Paul Collier (2009), “ The Political Economy of State Failure”, March 2009, The Oxford Review of Economic and Policy.










