အမေရိကန်၏ အကာအကွယ်ကို ကာလကြာရှည်ရရှိခဲ့သည့် ပင်လယ်ကွေ့နိုင်ငံများအတွက် ယူကရိန်းပဋိပက္ခတွင် ၎င်းတို့ ရပ်တည်မည့်ဘက်ကို ရွေးချယ်ရမည့်ကိစ္စမှာ တစ်ချိန်က လွယ်ကူခဲ့မည်ဖြစ်သော်လည်း ရုရှားနှင့် ဆက်ဆံရေးများတိုးမြင့်လာမှုက ၎င်းတို့၏ ရပ်တည်မှုကို ဟန်ချက်ညီစွာထိန်းညှိရမည့် အနေအထားသို့ ရောက်ရှိစေခဲ့သည်။
ယူကရိန်းကို ရုရှားက ကျူးကျော်မှုကို ကမ္ဘာ့နိုင်ငံအသီးသီးက အလျင်အမြန်ရှုတ်ချနေချိန်တွင် ဆော်ဒီအာရေဗျ၊ ယူအေအီး အပါအဝင် ချမ်းသာကြွယ်ဝသည့် ပင်လယ်ကွေ့ ပူးပေါင်းဆောင်ရွက်ရေး ကောင်စီ (GCC) နိုင်ငံများက ရေငုံနှုတ်ပိတ်နေခဲ့ကြသည်။
ယင်းနိုင်ငံများ၏ နှုတ်ဆိတ်နေမှုသည် စွမ်းအင်၊ ငွေကြေးနှင့် လုံခြုံရေးတို့ကြောင့်ဖြစ်သည်ဟု အရှေ့အလယ်ပိုင်းကျွမ်းကျင်သူများက ပြောကြားခဲ့သည်။
“အဲဒီနိုင်ငံတွေနဲ့ ရုရှားကြားမှာ စီးပွားရေးဆက်ဆံမှုတွေသာမက လုံခြုံရေးအရ ဆက်ဆံမှုတွေလည်း တိုးမြင့်လာပါတယ်” ဟု ပြင်သစ်နိုင်ငံ၏ Institut Montaigne ကျွမ်းကျင်ပညာရှင်အဖွဲ့မှ ပင်လယ်ကွေ့ အရေးကျွမ်းကျင်သူူ အန်နီဂါဒယ်က ပြော ကြားခဲ့သည်။
ဖေဖော်ဝါရီ ၂၅ ရက်က ယူကရိန်းမှ ရုရှားစစ်သားများပြန်လည်ရုပ်သိမ်းရန် တောင်းဆိုသည့် ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ မဲခွဲဆုံးဖြတ်မှုတွင် ယူအေအီးနိုင်ငံသည် တရုတ်၊ အိန္ဒိယတို့နှင့်အတူ မဲမပေးဘဲ လက်ရှောင်ခဲ့သည်။
ရုရှားနိုင်ငံကမူ မျှော်လင့်ထားသည့်အတိုင်း အမေရိကန်နှင့် အယ်ဘေးနီးယားတို့ ပူးတွဲအဆိုပြုတင်သွင်းသည့် ကြေညာချက် ကို ဗီတိုအာဏာဖြင့်ပယ်ချခဲ့ပြီး လုံခြုံရေးကောင်စီ အဖွဲ့ဝင် ၁၅ နိုင်ငံအနက် ၁၁ နိုင်ငံ မှာ ထောက်ခံမဲပေးခဲ့သည်။
မဲခွဲဆုံးဖြတ်မှုအပြီးတွင် ယူအေအီးနိုင်ငံခြားရေးဝန်ကြီးနှင့် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးတို့သည် ကမ္ဘာလုံးဆိုင်ရာ အခြေအနေ များကို ပြန်လည်သုံးသပ်ရန် တယ်လီဖုန်းဖြင့် ဆက်သွယ်ဆွေးနွေးခဲ့သည်ဟု ယူအေအီးနိုင်ငံပိုင် WAM သတင်းအေဂျင်စီက ဖော်ပြခဲ့သည်။
ထိုအချိန်အတောအတွင်း ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနကလည်း ယူအေအီးနှင့် ရုရှားနိုင်ငံခြားရေးဝန်ကြီးများသည် နှစ်နိုင်ငံ ဆက်ဆံရေးကို မြှင့်တင်ရန် ဆွေးနွေးညှိနှိုင်း မှုများပြုလုပ်ရန်အတွက် ဖေဖော်ဝါရီ ၂၈ ရက်တွင် မော်စကို၌တွေ့ဆုံသွားမည်ဟု ထုတ်ပြန်ခဲ့သည်။
ရုရှားသည် ယူကရိန်းကို ဖေဖော်ဝါရီ ၂၄ ရက်က ကုန်းကြောင်း၊ ရေကြောင်းနှင့် လေကြောင်းတို့မှ ပြင်းပြင်းထန်ထန်မတိုက်ခိုက်မီ နာရီပိုင်းအလိုတွင် ယူအေအီးနိုင်ငံက ရုရှားနှင့် မိတ်ဖက်ဆက်ဆံရေးနက်ရှိုင်းမှုကို အလေးထားပြောဆိုခဲ့သည်။
ပင်လယ်ကွေ့ အင်အားကြီးနိုင်ငံဖြစ်သည့် ဆော်ဒီအာရေဗျနိုင်ငံသည်လည်း ယူအေအီး၊ ဘာရိန်း၊ အိုမန်နိုင်ငံတို့နည်းတူ ရုရှား၏ ကျူးကျော်မှုကို မည်သို့မျှ တုံ့ပြန်ခြင်း မရှိခဲ့ပေ။ ကူဝိတ်နှင့် ကာတာနိုင်ငံတို့ကမူ အကြမ်းဖက်မှုကို ရှုတ်ချကြောင်းသာထုတ်ပြန်ခဲ့ပြီး ရုရှားကို ဝေဖန်ခြင်းမရှိခဲ့ပေ။
ပြီးခဲ့သည့် ဆယ်စုနှစ်ခုနစ်စုကျော်အတွင်း အမေရိကန်သည် ပဋိပက္ခများဖြင့် ထောင်းထောင်းကြေနေသည့် အရှေ့အလယ်ပိုင်းဒေသတွင် အဓိကနေရာမှ ပါဝင်ခဲ့ပြီး ရေနံပေါကြွယ်ဝသည့် ပင်လယ်ကွေ့နိုင်ငံများကို အီရန်ကဲ့သို့ ဖြစ်နိုင်ခြေရှိသည့် ခြိမ်းခြောက်မှုများရန်မှ ကာကွယ်ပေးသူတစ်ဦးအဖြစ်ရပ်တည်ခဲ့သည်။
သို့သော်လည်း မကြာသေးမီနှစ်များ အတွင်း ၎င်း၏အနီးကပ်ဆုံး မဟာမိတ်များဖြစ်သည့် ဆော်ဒီနှင့် ယူအေအီးတို့သည် ယီမင်နိုင်ငံမှ ဟူရ်သီသူပုန်များ၏တိုက်ခိုက်မှုကို ခံခဲ့ရသည့်တိုင် အမေရိကန်သည် ယင်းဒေသတွင် စစ်ရေးအရထိတွေ့မှုများကို လျှော့ချခဲ့ သည်။
ထင်ရှားသည့်ဖြစ်စဉ်တစ်ခုကို ပြရမည်ဆိုပါက အီရန်၏ ကျောထောက်နောက်ခံရရှိ ထားသည့် ဟူရ်သီသူပုန်များသည် ၂၀၁၉ ခုနှစ်က ဆော်ဒီ၏ ကြီးမားသည့် Aramco ရေနံစက်ရုံများကို တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
ထို့ကြောင့် ပင်လယ်ကွေ့နိုင်ငံများသည် ယင်းဒေသမှ အမေရိကန် ထွက်ခွာသွားချိန်တွင် ၎င်းတို့အတွက် နောက်ထပ်မဟာမိတ်တစ်ဦး အစားထိုးရန်လိုအပ်သည်ကို သိရှိနားလည်ထားသည်ဟု ဂါဒယ်က ဆိုသည်။ယင်း အခြေအနေတွင် နိုင်ငံရေးသည်လည်းအဓိကကျသည့် အခန်းကဏ္ဍတွင် ပါဝင်ခဲ့သည်။
အမေရိကန်စစ်သားများကို လက်ခံထား ရှိသည့် ဆော်ဒီအာရေဗျနှင့် ယူအေအီးနိုင်ငံ တို့က ၎င်းတို့နှင့် အမေရိကန်အကြား ဆက်ဆံမှုများသည် လက်နက်ရောင်းဝယ်မှုနှင့် လူ့အခွင့်အရေးပြဿနာများကြောင့် အဆိုးတစ်ဝက်၊ အကောင်းတစ်ဝက်ဖြစ်နေသည့် အခြေအနေကို မြင်တွေ့ခဲ့ရသည်။
၂၀၁၈ ခုနှစ်က ဆော်ဒီသတင်းထောက် ဂျာမယ်ခါရှော့ဂီသည် တူရကီနိုင်ငံ အစ္စတန် ဘူမြို့ရှိ ဆော်ဒီကောင်စစ်ဝန်ရုံးအတွင်း သတ်ဖြတ်ခံခဲ့ရမှုကြောင့် အမေရိကန်နှင့် ဆော်ဒီအကြား ဆက်ဆံရေးတင်းမာခဲ့ပြီး ယူ အေအီးနိုင်ငံကလည်း အမေရိကန်၏ F-35 ဂျက်တိုက်လေယာဉ်များဝယ်ယူမည့် စာချုပ် ကို ဖျက်သိမ်းမည်ဟု ခြိမ်းခြောက်ခဲ့ဖူးသည်။
“အမေရိကန်နဲ့ ပင်လယ်ကွေ့နိုင်ငံတွေ အကြားမှာ လူ့အခွင့်အရေးနဲ့ပတ်သက်ပြီး ပြဿနာတက်နေချိန်မှာ ရုရှားကတော့ ပင်လယ်ကွေ့နိုင်ငံတွေကို ထောက်ခံသလိုဖြစ်နေတာကြောင့် ပင်လယ်ကွေ့နိုင်ငံတွေက ရုရှား ကို သဘောထားရေးရာအရ မဟာမိတ်တစ်ဦး အဖြစ် ရှုမြင်လာကြပါတယ်”ဟု King’s Collage London မှ တွဲဖက်ပါမောက္ခဖြစ်ပြီး အရှေ့အလယ်ပိုင်းဆိုင်ရာကျွမ်းကျင်သူ အန်ဒရီယာ့စ်ခရိက ပြောကြားခဲ့သည်။
ယင်းကဲ့သို့ ရုရှားနှင့် လုံခြုံရေးအရ ဆက်ဆံရေးများမြင့်တက်နေသည့်တိုင် ဆီးရီးယား နှင့် လစ်ဗျား ပဋိပက္ခများတွင် ရုရှား၏တိုက်ရိုက်ပါဝင်ပတ်သက်နေမှုကြောင့် GCC နိုင်ငံအများစုသည် ၎င်းတို့၏ လုံခြုံရေးအတွက် အမေရိကန်ကို အားကိုးနေဆဲဖြစ်သည်ဟု ခရိက ပြောကြားခဲ့သည်။
သို့သော် ပင်လယ်ကွေ့နိုင်ငံများသည် အမေရိကန်ကိုသာမက အမေရိကန်၏ ပြိုင် ဘက်များနှင့် ရန်ဘက်နိုင်ငံများနှင့်ပါ ဆက်ဆံရေးမျိုးစုံကို ထိန်းသိမ်းလုပ်ဆောင်ခဲ့ကြသည်ဟု ၎င်းက ဆိုသည်။
ရုရှားနှင့် GCC နိုင်ငံများအကြား ကုန်သွယ်မှုတန်ဖိုးမှာ ၂၀၁၆ ခုနှစ်တွင် ၃ ဘီလျံရှိ ခဲ့ရာမှ ၂၀၂၁ ခုနှစ်တွင် ၅ ဘီလျံအထိမြင့်တက်ခဲ့ပြီး ယင်းကုန်သွယ်မှုတွင် အများစုမှာ ယူအေအီးနှင့် ဆော်ဒီအာရေဗျတို့ထံမှ ဖြစ်သည် ဟု တရားဝင်စာရင်းဇယားများတွင် ဖော်ပြခဲ့သည်။
ယူအေအီး အထူးသဖြင့် ဒူဘိုင်းသည် ရုရှားရင်းနှီးမြှုပ်နှံသူများကို အဓိကဆွဲဆောင်သည့်နေရာဖြစ်ပြီး ရုရှား အထက်တန်းလွှာများအတွက် အပန်းဖြေနေရာတစ်ခုဖြစ်ခဲ့သည်။
စွမ်းအင်စျေးကွက်များတွင် အဓိကဦး ဆောင်သူများဖြစ်သည်နှင့်အမျှ GCC နိုင်ငံများနှင့် ရုရှား၏ ဆက်ဆံရေးမှာလည်း မြင့်တက်ခဲ့သည်။
ဆော်ဒီနှင့် ရုရှားတို့သည် ရေနံတင်ပို့ ရောင်းချသူများအဖွဲ့အစည်း၏ OPEC+ မဟာမိတ်အဖွဲ့တွင် ဦးဆောင်သူများဖြစ်သည်နှင့်အညီ မကြာသေးမီနှစ်များအတွင်းက ရေနံစျေးနှုန်းများကို တင်းကျပ်စွာ ထိန်းချုပ်ခဲ့ သည်။
“OPEC အဖွဲ့ထဲက အာရပ်နိုင်ငံတွေဟာ ရေနံထုတ်လုပ်မှုတွေကို ထိန်းချုပ်ထားတဲ့ OPEC+ စာချုပ်ကို ထိန်းသိမ်းရာမှာ သံတမန်နည်းအရ အခက်တွေ့နေကြပါတယ်။ ပင်လယ်ကွေ့နိုင်ငံတွေဟာ ရုရှားနဲ့ဆက်ဆံ ရေးကို ထိန်းသိမ်းပြီး ရုရှားကို OPEC+မှာ ဆက်လက်တည်ရှိနေစေချင်ကြပါတယ်။ တကယ်လို့ ရုရှားသာထွက်သွားပြီဆိုရင် သဘောတူညီချက်ဟာ အလုံးစုံပျက်စီးသွားပါလိမ့်မယ်”ဟု Atlantic Council အကြံပေး အဖွဲ့မှ ကျွမ်းကျင်သူ အယ်လန်ဝဲလ်ဒ်က ပြောကြားခဲ့သည်။
ထို့ကြောင့် အခြေအနေအရပ်ရပ်မှ သုံးသပ်ကြည့်မည်ဆိုလျင် ပင်လယ်ကွေ့နိုင်ငံများသည် ယူကရိန်းပဋိပက္ခတွင် နှုတ်ဆိတ်နေပြီး အမေရိကန်နှင့် ရုရှားအကြား မည်သည့်ဘက်ကမျှ ရပ်တည်ရမည်ကို ရွေးချယ်ရန် အခက်တွေ့နေသည်ဟု ကျွမ်းကျင်သူများက ပြောကြားခဲ့သည်။ Ref : AFP










