ယူကရိန်းအရေးကို သတိကြီးစွာ ချဉ်းကပ်နေသည့် တရုတ်

ယူကရိန်းအရေးကို သတိကြီးစွာ ချဉ်းကပ်နေသည့် တရုတ်
Published 23 February 2022
ရာဇ

ယခုလအတွင်းက တရုတ်နှင့် ရုရှားတို့သည် ဆယ်စုနှစ်များစွာအတွင်း ၎င်းတို့၏ဆက်ဆံရေးသည် ခိုင်မာမှုအရှိဆုံးဖြစ်သည်ဟု ကြေညာခဲ့ပြီး အနောက်နိုင်ငံများကို သတိပေးခေါင်းလောင်းတီးခဲ့သော်လည်း ရုရှားသမ္မတ ဗလာဒီမာပူတင်အနေဖြင့် ယူကရိန်းကို ကျူးကျော်မည်ဆိုပါက ၎င်းအနေဖြင့် ထောက်ပံ့ပေးသွားမည်မဟုတ်ဟု တရုတ်အစိုးရက အရိပ်အမြွက်ပြောကြားခဲ့သည်။

ဖေဖော်ဝါရီ ၄ ရက်က ၎င်းတို့နှစ်နိုင်ငံ  ပူးတွဲထုတ်ပြန်သည့် ကြေညာချက်တွင် နေတိုး၏ အင်အားချဲ့ထွင်မှုကို ရုရှားအစိုးရ၏ဆန့်ကျင်ကန့်ကွက်မှုအပေါ် တရုတ်က မကြုံစဖူး ထောက်ခံကြောင်း ဖော်ပြခဲ့ပြီး ရုရှား-ယူကရိန်း ပဋိပက္ခနှင့်ပတ်သက်ပြီး အမေရိကန်နှင့် ၎င်း၏ မဟာမိတ်များအကြား စိုးရိမ်မှုများ မြင့်တက်နေချိန်တွင် ယင်းကြေညာချက်ထွက်ပေါ်ခဲ့ခြင်းဖြစ်သည်။

ယင်းသည် လွန်ခဲ့သည့်နှစ်ပေါင်း ၂၀ ကျော်အတွင်း ဆက်ဆံရေး ဖြေးဖြေးမှန်မှန် မြင့်တက်နေသည့် ရုရှား-တရုတ် ပူးတွဲကြေညာချက်များနှင့် အလွန်ကွဲပြားခြားနားသည့် ကြေညာချက်တစ်ရပ်ဖြစ်သည်ဟု သြစတြေးလျ ဝန်ကြီးချုပ်ဟောင်း ကီဗင်ရုဒ်က အမေရိကန်အခြေစိုက် Atlantic Council နှင့် Asia Society အဖွဲ့တို့က ပူးတွဲပြုလုပ်သည့် အွန်လိုင်းဆွေးနွေးပွဲတစ်ခုတွင် ပြောကြားခဲ့သည်။

“အခုအခြေအနေမှာ တရုတ်ဟာ ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေးဇာတ်ဆောင်တစ်ဦးဖြစ်လာပြီး ဒါမျိုးကို ကျွန်တော်အရင်က မမြင်ဖူးခဲ့ပါဘူး” ဟု ရုဒ်က ဆိုသည်။

နေတိုးနှင့်ပတ်သက်ပြီး တရုတ်၏ ပုံမှန်မဟုတ်သည့် ရပ်တည်ချက်နှင့် ရုရှား၏ ကျိုးကြောင်းသင့်လျော်သည်ဟု ပြောဆိုထားသည့် လုံခြုံရေးစိုးရိမ်မှုများကို ထောက်ခံသည်ဟု တရုတ်က ပြောကြားခဲ့သော်လည်း တရုတ်သည် သံတမန်ကြိုးတန်းပေါ်တွင် ဟန်ချက်ညီညီလျှောက်လှမ်းနေကာ ရုရှားနှင့်ဆက်ဆံရေးနှင့် ဥရောပရှိ ၎င်း၏အဓိကစီးပွားရေး အကျိုးစီးပွားများကို ဟန်ချက်ညီစေရန် ကြိုးပမ်းနေသည်။

ရုရှားသည် ယူကရိန်းနယ်စပ်တွင် စစ်သား ၁၅၀၀၀၀ ကျော်ဖြန့်ကြက်ချထားမှုနှင့်အတူ ယူကရိန်းကို နေတိုးအဖွဲ့ဝင်မဖြစ်စေရေးအတွက် အာမခံချက်ပေးရန် နေတိုးကို တောင်းဆိုခဲ့ပြီး ယင်းသည် ပြည်ပနိုင်ငံများ၏ ပြည်တွင်းရေးကို ကြားဝင်စွက်ဖက်မှုမရှိဆိုသည့် တရုတ်၏ နိုင်ငံခြားရေးမူဝါဒနှင့် သိသာစွာ ကွဲလွဲနေသည်။

ယင်းကွဲလွဲချက်နှင့်ပတ်သက်ပြီး ပြီးခဲ့သည့်သီတင်းပတ်က ဂျာမနီနိုင်ငံတွင်ပြုလုပ်သည့် မြူးနစ်လုံခြုံရေးညီလာခံတွင် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိကို ဗီဒီယိုဆက်သွယ်မှုမှတစ်ဆင့် မေးမြန်းခဲ့ရာတွင် နိုင်ငံအားလုံး၏ အချုပ်အခြာအာဏာကို လေးစားရမည်ဖြစ်ပြီး ယူကရိန်းသည်လည်း ခြွင်းချက်မရှိပါဝင်သည်ဟု ဝမ်ယိက ပြောကြားခဲ့သည်။

သို့သော်လည်း ယင်းပြောကြားချက်သည် နှစ်ရက်အတွင်း စမ်းသပ်ခံခဲ့ရသည်။ ရုရှားသမ္မတ ပူတင်သည် ဖေဖော်ဝါရီ ၂၁ ရက်က ယူကရိန်းရှိ ရုရှားလိုလားသည့် ခွဲထွက်ရေးသူပုန်များ ထိန်းချုပ်ထားသည့် ဒေသနှစ်ခုကို လွတ်လပ်ရေးအသိအမှတ်ပြုခဲ့ပြီး ယင်းဒေသများသို့ စစ်သားများ စေလွှတ်ရန် အမိန့်ပေးခဲ့သည်။

ယင်းဆုံးဖြတ်ချက်ကို အမေရိကန်နှင့် မဟာမိတ်များက ဒေါသထွက်ခဲ့ပြီး ရုရှားသည် ယူကရိန်း၏ အချုပ်အခြာအာဏာကို ချိုးဖောက်ကြောင်း ကုလသမဂ္ဂလုံခြုံရေးကောင်စီအစည်းအဝေးတွင် ရှုတ်ချခဲ့သော်လည်း တရုတ်ကမူ သက်ဆိုင်ရာနိုင်ငံများအားလုံးကို ထိန်းထိန်းသိမ်းသိမ်းလုပ်ဆောင်ရန် တိုက်တွန်းခဲ့သည်။

ပူတင်သည် ယူကရိန်း၏ အချုပ်အခြာအာဏာနှင့် နယ်နိမိတ်လွတ်လပ်ရေးကို ငြင်းဆိုခဲ့သည်ဟု နေတိုးဆိုင်ရာ အမေရိကန်သံအမတ်ဟောင်း အိုင်ဗိုဒါအယ်လာက Twitter တွင် ရေးသားခဲ့သည်။

တရုတ်သည် ၎င်း၏မဟာဗျူဟာမြောက် မိတ်ဖက်နိုင်ငံဖြစ်သည့် ရုရှားနှင့် အနောက်အင်အားစုများအကြား တင်းမာမှုများမြင့်တက်နေချိန်တွင် ၎င်း၏အကျိုးစီးပွားကို မထိခိုက်စေရန် နှစ်ဘက်စလုံးကို ဟန်ချက်ညီစွာ ထိန်းထိန်းသိမ်းသိမ်းလုပ်ဆောင်ခဲ့သည်မှာ ယခုအကြိမ်သည် ပထမဆုံးအကြိမ်တော့ မဟုတ်ပေ။

၂၀၁၄ ခုနှစ်က ယူကရိန်း၏ခရိုင်းမီးယားဒေသကို ရုရှားက သိမ်းယူခဲ့သည့်အချိန်တွင် ယင်းအကြောင်းအရာနှင့်ပတ်သက်ပြီး ကုလသမဂ္ဂလုံခြုံရေးကောင်စီ ကြေညာချက်ကို ရုရှား၏ ဗီတိုအာဏာဖြင့် ကန့်ကွက်မှုတွင် တရုတ်က ပူးပေါင်းခဲ့ခြင်းမရှိဘဲ လက်ရှောင်နေခဲ့ကာ စီးပွားရေးအထောက်အပံ့များ ကမ်းလှမ်းခဲ့သည်။

ယင်းဖြစ်စဉ်ဖြစ်ပွားပြီး ရှစ်နှစ်အကြာဖြစ်သည့် ယခုဖြစ်စဉ်တွင် တရုတ်အနေဖြင့် ရုရှားအတွက် မည်သို့လုပ်ဆောင်ပေးနိုင်မည်နည်းဆိုသည့်အချက်ကို လေ့လာစောင့်ကြည့်ရမည်ဟု ကျွမ်းကျင်သူများက ပြောကြားခဲ့သည်။

တရုတ်နှင့် ဥရောပအကြား အဓိကကျသည့် အကြောင်းရင်းများအနက် ကုန်သွယ်ရေးနှင့် ဘဏ္ဍာရေးအရ ဆက်နွှယ်မှုများပါဝင်သည်။ ထို့ကြောင့် တရုတ်အနေဖြင့် ရုရှားကို ပေါ်ပေါ်ထင်ထင်ထောက်ခံမည်ဆိုပါက ဥရောပနှင့်ထားရှိသည့် အဓိကကျသည့် ရင်းနှီးမြှုပ်နှံမှုများတွင် ခြိမ်းခြောက်မှုများနှင့် ရင်ဆိုင်ရမည်ဖြစ်သည်။

ထို့ပြင် တရုတ်သည် အမေရိကန်နှင့် ရှိရင်းစွဲတင်းမာမှုကို ပိုမိုမြင့်တက်စေလိုသည့် ဆန္ဒမရှိနိုင်ကြောင်း ကျွမ်းကျင်သူအချို့က ပြောကြားခဲ့သည်။

“ယူကရိန်းအကျပ်အတည်းဟာ ဥရောပသမဂ္ဂ၊ အမေရိကန်နဲ့ ထားရှိတဲ့ တရုတ်ရဲ့ ဆက်ဆံရေးတွေအတွက် သိသာထင်ရှားတဲ့ အန္တရာယ်တွေ ဆောင်ကျဉ်းလာပါတယ်” ဟု အမေရိကန် စာရေးဆရာ ဘီလ်ဘစ်ရှော့က Sinocism China Newsletter တွင် ရေးသားခဲ့သည်။

“ရှီကျင်းပင်နဲ့ သူ့အဖွဲ့ဟာ ယူကရိန်းကို ရုရှားက ကျူးကျော်တာမျိုး မြင်ချင်လိမ့်မယ်လို့ ကျွန်တော်မထင်ပါဘူး။ ဘာလို့လဲဆိုတော့ ကျူးကျော်ဝင်ရောက်မှုဖြစ်ပွားပြီဆိုရင် နောက်ဆက်တွဲအန္တရာယ်ကို သူတို့နားလည်ထားလို့ဖြစ်ပါတယ်” ဟု ဘစ်ရှော့က ဆိုသည်။

နေတိုးနှင့်ပတ်သက်ပြီး ရုရှား၏စိုးရိမ်ပူပန်မှုများကို တရုတ်က ထောက်ခံနေခြင်းမှာ  ၎င်း၏ အနာဂတ်လုံခြုံရေး အကျိုးစီးပွားများအတွက် ဖြစ်နိုင်သည်ဟုလည်း ကျွမ်းကျင်သူအချို့က ပြောကြားခဲ့သည်။

“တရုုတ်အနေနဲ့ ရုရှားဘက်က အကြွင်းမဲ့ ရပ်တည်လိုက်မယ်ဆိုရင်တော့ သံတမန်ရေးအရ ကုတ်အားတစ်ခုရရှိမှာဖြစ်ပြီး ဒီလိုအခြေအနေမျိုးကို တရုတ်က ကြုံတွေ့ရမယ်ဆိုရင်လည်း ရုရှားကတရုတ်ဘက်က အကြွင်းမဲ့ ပြန်လည်ရပ်တည်ပေးလိမ့်မယ်လို့ ယူဆရပါတယ်” ဟု နယ်သာလန်အခြေစိုက်မဟာဗျူဟာလေ့လာရေး ဟိဂ်စင်တာမှ ကျွမ်းကျင်သူ ရစ်ချက်ဂေစီက အေအက်ဖ်ပီသတင်းဌာနကို ပြောကြားခဲ့သည်။

ယူကရိန်းအရေးတွင် တရုတ်က သတိကြီးစွာထားပြီး ချဉ်းကပ်နေသည့်တိုင် တရုတ်-ရုရှား ပူးတွဲကြေညာချက်သည် ယူကရိန်းပဋိပက္ခကျော်လွန်သွားသည့်အချိန်အထိ အမေရိကန်နှင့် ၎င်း၏မဟာမိတ်များအတွက် စိန်ခေါ်မှုတစ်ခုအဖြစ် ကျန်ရှိနေလိမ့်မည်ဟု လေ့လာသူများက ဆိုသည်။

ယင်းပူးတွဲကြေညာချက်တွင် လူ့အခွင့်အရေးချိုးဖောက်မှုများရှိနေသည်ဟု အနောက်နိုင်ငံများ၏ စွပ်စွဲမှုများကို ခံခဲ့ရသည့်ရုရှားနှင့် တရုတ်က ၎င်းတို့ဘာသာ အဓိပ္ပာယ်ဒီမိုကရေစီနှင့် လူ့အခွင့်စံချိန်စံညွှန်းများအတွက် စိန်ခေါ်မှုများကို ဖော်ပြခဲ့သည်။

ထို့ကြောင့် ယင်းကြေညာချက်အပေါ် ဥရောပတွင် ဝေဖန်မှုများမြင့်တက်ခဲ့ပြီး အာဏာရှင်ဆန်သည့် တရုတ်နှင့် ရုရှားအစိုးရသည် နိုင်ငံတကာက ကျင့်သုံးနေသည့် စံချိန်စံညွှန်းများကို ၎င်းတို့၏ အုပ်ချုပ်ပုံနှင့် လိုက်ဖက်ညီစေရန် ပြန်လည်ပုံသွင်းရန် ကြိုးပမ်းနေသည်ဟု ဥရောပနိုင်ငံအချို့က စွပ်စွဲခဲ့သည်။

“ဒါဟာ ဖီဆန်တဲ့ လုပ်ရပ်တစ်ခုဖြစ်ပါတယ်။ ဒါဟာပြန်လည်ပြင်ဆင်ရေးဝါဒီမူဝါဒ ကြေညာစာတမ်းတစ်ခုဖြစ်ပါတယ်” ဟု ဥရောပသမဂ္ဂ၏ နိုင်ငံခြားရေးမူဝါဒအကြီးအကဲ ဂျိုးဆက်ဘော်ရဲလ်က ဖေဖော်ဝါရီ ၂၀ ရက်က  မြူးနစ်လုံခြုံရေးညီလာခံတွင် ပြောကြားခဲ့သည်။

Ref: AFP

Most Read

Most Recent