ပြင်သစ်နိုင်ငံခြားရေးဝန်ကြီးနှင့် အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး ပါရီမြို့၌ တွေ့ဆုံပြီး မြန်မာ့အရေး ဆွေးနွေး

ပြင်သစ်နိုင်ငံခြားရေးဝန်ကြီးနှင့် အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး ပါရီမြို့၌ တွေ့ဆုံပြီး မြန်မာ့အရေး ဆွေးနွေး
Published 22 February 2022

ပြင်သစ်နိုင်ငံခြားရေးဝန်ကြီး Jean-YvesLe Drian နှင့် အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး Mme Retno Marsudi တို့ ပါရီမြို့၌ ဖေဖော်ဝါရီ ၂၀ ရက်က တွေ့ဆုံခဲ့ပြီး မြန်မာ့အရေးကို ဆွေးနွေးခဲ့ကြကြောင်း မြန်မာနိုင်ငံဆိုင်ရာ ပြင်သစ်သံရုံးက ထုတ်ပြန်သည်။

ထိုသို့တွေ့ဆုံရာတွင် အင်ဒို-ပစိဖိတ်ဒေသအပေါ် အမြင်များနှင့် အာဆီယံနှင့် ပြင်သစ်နိုင်ငံတို့၏ ဆက်ဆံရေးအပေါ် အမြင်များကို ဆွေးနွေးဖလှယ်ကြပြီးနောက် နှစ်နိုင်ငံဝန်ကြီးများသည် မြန်မာနိုင်ငံတွင် လူသားချင်းစာနာမှု၊ လုံခြုံရေးနှင့် လူ့အခွင့်အရေး အခြေအနေများ ဆက်လက်ယိုယွင်းလာနေမှုနှင့်ပတ်သက်၍ လေးလေးနက်နက်စိုးရိမ်ကြောင်းကို ပြောကြားခဲ့သည်ဟု မြန်မာနိုင်ငံဆိုင်ရာ ပြင်သစ်သံရုံးက ထုတ်ပြန်သည်။

အကြမ်းဖက်မှုအားလုံးကို ချက်ချင်းရပ်တန့်ရန်နှင့် အင်အားအသုံးပြုမှုကို အဆုံးသတ်ရန်နှင့် အရေးပေါ်အခြေအနေ ကြေညာထားခြင်းကို ရုတ်သိမ်းရန် ဝန်ကြီးနှစ်ဦးက ၎င်းတို့၏တောင်းဆိုချက်များကို ထပ်လောင်းပြောကြားခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ပြင်သစ်သံရုံးက ထုတ်ပြန်သည်။ 

ထို့ပြင် အာဆီယံ၏ သဘောတူညီချက်ငါးရပ်ကို လျင်မြန်ပြီး ပြည့်စုံစွာ အကောင်အထည်ဖော်နိုင်ရေး ရည်ရွယ်ချက်ဖြင့် မြန်မာနိုင်ငံရှိ ပါဝင်ပတ်သက်သူအားလုံးနှင့် နိုင်ငံရေးဆွေးနွေးပွဲများ ဆောင်ရွက်နိုင်ရန် အာဆီယံအထူးသံတမန်၏ ခရီးစဉ်အတွက် ၎င်းတို့၏ ထောက်ခံမှုကိုလည်း ထပ်လောင်း အတည်ပြုခဲ့ကြကြောင်း မြန်မာနိုင်ငံဆိုင်ရာ ပြင်သစ်သံရုံးက ထုတ်ပြန်သည်။

ထို့ပြင် ထိခိုက်လွယ်သူအားလုံးထံ လူသားချင်းစာနာထောက်ထားမှုများ လျင်မြန်စွာဘေးကင်းပြီး အတားအဆီးကင်းရှင်းစွာ ရောက်ရှိစေရန်အတွက်ကိုလည်း ဝန်ကြီးနှစ်ဦးက မြန်မာ့တပ်မတော်ကို ထပ်မံတောင်းဆိုခဲ့ကြကြောင်း မြန်မာနိုင်ငံဆိုင်ရာ ပြင်သစ်သံရုံးက ထုတ်ပြန်သည်။

Most Read

Most Recent