(Asia Times တွင် ယခု “Why Russia won’t invade Ukrainistan” ဆောင်းပါးကို ရေးသူ David P.Goldman သည် အမေရိကန် ဘောဂဗေဒပညာရှင်၊ ဂီတဝေဖန်ရေး ဆရာ၊ စာရေးဆရာ ဖြစ်ပါသည်။
ပထမဘွဲ့ကို ၁၉၇၃ ခုနှစ်၌ ကိုလံဘီယာတက္ကသိုလ်မှလည်းကောင်း၊ ဂီတသီအိုရီနှင့် ပတ်သက်သောမဟာဘွဲ့ကို နယူးယောက် City University မှလည်းကောင်း ရယူခဲ့ပြီး၊ ၁၉၇၆ ခုနှစ်၌ London School of Economics တွင် ဘောဂဗေဒပညာရပ်ကို လေ့လာခဲ့သည်။
ကမ္ဘာအနှံ့ရှိ CEO များ၊ အဖွဲ့အစည်းအသီးသီးရှိ ရင်းနှီးမြှုပ်နှံသူများကို အကြံပေး လျက်ရှိပြီး Claremont Review of Books, Law and Liberty, Tablet Magazine, the Wall Street Journal, First Things စာနယ်ဇင်းများ၏ ပင်တိုင်စာရေးဆရာလည်း ဖြစ်ပါသည်။
၂၀၁၆ ခုနှစ်၊ အမေရိကန်သမ္မတ ရွေးကောက်ပွဲမတိုင်မီ နှစ်လအလိုကပင် Asia Times ၌ “Deplorably, Trump is going to win” ဆောင်းပါးရေးသားကာ ဒေါ်နယ်ထရမ့် အနိုင်ရမည်ဖြစ်ကြောင်း သေချာပေါက် ဟောကိန်းထုတ်ခဲ့သူဖြစ်သည်။
ယခုဆောင်းပါးတွင် ငြင်းချက်ထုတ်ရခက်သော အချက်အလက်များကို အခြေပြု၍ သူစဉ်းစားသွားသော အနုမာနကို သိပ်သိပ်သည်းသည်း၊ ပြတ်ပြတ်သားသား ကောက်ချက်ချထားပုံကို ဖတ်ရှုကြရပါလိမ့်မည်။)
ယူကရိန်းကို မည်သူမှ မလိုချင်ပါ၊ ထိုအထဲတွင် ပူတင်က မလိုချင်ဆုံး ဖြစ်ပါမည်။
ယူကရိန်း၏ GDP မှာ (၂၀၁၅ ခုနှစ် ပုံသေစျေးနှုန်းအခြေခံအရ) အမေရိကန်ဒေါ်လာ ၉၈ ဘီလျံရှိ၏။ ၁၉၈၉ ခုနှစ်အောက် ၄၃ ရာခိုင်နှုန်း ကျဆင်းနေပြီး ကမ္ဘာ့ဘဏ်၏ စာရင်းအချက်အလက်များအရ အီသီယိုပီးယားနှင့် အင်ဂိုလာနိုင်ငံတို့၏ GDP အောက် ထိုးဆင်းနေသည်။ ၁၉၈၉ ခုနှစ်၌ တရားဝင်သန်းခေါင်စာရင်းအရ လူဦးရေ ၄၈ သန်း၊ စာရင်းအရ လူဦးရေ ၅၂ သန်းရှိခဲ့သော်လည်း ယခုအခါလူဦးရေ ၃၅ သန်းသို့ လျော့ကျသွားသည်။ အကြောင်းမှာ အလုပ်လုပ်ကိုင်နိုင်သော အရွယ်ရောက်လူဦးရေ၏ ထက်ဝက်ခန့်မှာ တိုင်းပြည်မှ ထွက်ခွာသွားကြသည့်အတွက် ဖြစ်ပါသည်။ Transparency International ၏ အဂတိလိုက်စားမှုအညွှန်းအရ စာရင်းကောက်ယူခဲ့သော ၁၁၆ နိုင်ငံတွင် ယူကရိန်းမှာ အဆင့် ၁၁၂ ဖြစ်သည်။
ယူကရိန်းတွင် မထုတ်ယူရသေးသော ဓာတ်ငွေ့ပမာဏအချို့ ရှိနေသော်လည်း ရုရှား၏ ပိုင်ဆိုင်မှုမှာ ယင်းပမာဏထက် ၁၀ ဆမကများပြားပြီး အခြေခံအဆောက်အအုံအတွက် ကြီးကြီးမားမား ထပ်မံရင်းနှီးမြှုပ်နှံရန်မလိုအပ်ဘဲ ထုတ်ယူနိုင်စွမ်းရှိပါသည်။ တစ်နည်းဆိုသော် ယူကရိန်း၌ လယ်ယာစိုက်ပျိုးရေးကဏ္ဍမှတစ်ပါး ငွေဖြစ်လွယ်သော ဘဘာဝသယံဇာတ ခေါင်းပါးပြီး ရုရှားသည် ကမ္ဘာ့အများဆုံးဂျုံတင်ပို့သည့်နိုင်ငံ ဖြစ်နေပြန်သည်။
ယူကရိန်းကို မောင်ပိုင်စီးလိုက်ခြင်းအားဖြင့် ကာလတိုအတွင်း ရုရှားအတွက် အကျိုးထက် အပြစ်က များပါလိမ့်မည်။ ပူတင်၏ယူကရိန်းအပေါ် ခြိမ်းခြောက်နေပုံကို သာမန် အတွေးအတိုင်း ပြောကြည့်လိုက်ပါက ဒုတိယကမ္ဘာစစ်အစ ဟစ်တလာ၏ အရှေ့ဘက်တိုင်း ပြည်များကို ဝင်ရောက်သိမ်းပိုက်ခြင်းနှင့် တူသယောင်ယောင် ထင်မိမှားနိုင်သည်။ အာရိယန်မျိုးနွယ်တို့၏ အမျိုးသားရပ်တည်မှုနှင့် စီးပွားရေးလုံခြုံမှုအတွက် နာဇီပါတီက နယ်မြေသစ်သိမ်းပိုက်ရန် လိုအပ်ခဲ့သော ရှင်သန်ရပ်ဝန်း (Lebensraum) အယူအဆမျိုးမှာ ယူကရိန်းကိစ္စ၌ ‘မမှန်ရေးချ မမှန်’ ပါ။ ရုရှားအလိုရှိသောအရာ ယူကရိန်း၌ ဘာမှမရှိပါ။ စီးပွားရေးလုပ်ကွက် အခင်းအကျင်း၊ ကုန်ထုတ်စွမ်းအားရှိသော လူဦးရေ၊ ရေနံတွင်းများ သို့မဟုတ် အခြားမက်လောက်စရာ တစ်ကွက်မှ မရှိသောတိုင်းပြည်ကို သိမ်းပိုက်ရန်အကြောင်းမရှိပါ။
သို့ဆိုလျှင် ပူတင်သည် ယူကရိန်းကို မသိမ်းပိုက်လိုပါက သူဘာကိုလိုချင်နေကြောင်း ဆန်းစစ်ရပါမည်။
■ ပူတင်၏ ရည်မှန်းချက်များ
ပူတင်၌ ရည်မှန်းချက် သုံးခုရှိသည်။ ပထမရည်မှန်းချက်မှာ ယူကရိန်းနိုင်ငံအတွင်းသို့ အမေရိကန်ဒုံးကျည်များ နေရာချထားလာနိုင်သော NATO ၏ အင်အားချဲ့ထွင်မှုကို ကန့်လန့်တိုက်ရန် ဖြစ်သည်။ ၁၉၈၇ မှ ၁၉၉၁ ခုနှစ်အတွင်း မော်စကို၌ အမေရိကန်သံအဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးသူ ဂျက်မက်တလော့က “ယူကရိန်းအကျပ်အတည်းဆိုတာဟာ အမေရိကန်ပြည်ထောင်စုရဲ့ ‘ဆင်သေကို ဆိတ်ရေနဲ့ဖုံး’ တဲ့ နောက်တစ်ကွက်ပါ” ဟု ၂၀၂၂ခု၊ ဖေဖော်ဝါရီ ၁၅ ရက်၌ ပြောဆိုခဲ့သည်။ အလားတူနှိုင်းယှဉ်ရန်အဖြစ် ၁၉၆၂ ခု၊ ကျူးဘားဒုံးကျည်အရေးကလည်းသမိုင်း၌ အထင်အရှားရှိခဲ့၏။ အမေရိကန်ပြည်ထောင်စုသည် တူရကီတွင် တာလတ်ပစ် ဒုံးကျည်များကို နေရာချထားခဲ့သဖြင့် အတုံ့အလှည့်အနေနှင့် ရုရှား (ဆိုဗီယက်)တို့က ကျူးဘားတွင် ဒုံးကျည်များချထားခဲ့သည်။ နောက်ဆုံးအမေရိကန်ပြည်ထောင်စုက တူရကီရှိ ဒုံးလက်နက်များကို ဖယ်ရှားပေးရန် သဘောတူညီချက်ရရှိမှသာ ရုရှားသည် ကျူးဘားမှ ပြန်လည်ဆုတ်ခွာခဲ့ပါသည်။
ဒုတိယရည်မှန်းချက်မှာ ကမ္ဘာလုံးဆိုင်ရာ လစ်ဘရယ်နှင့် နီယို-ကွန်ဆာဗေးတစ်များက ရုရှားတွင် တည်ဆဲအုပ်ချုပ်ရေးစနစ်ကို ဖြုတ်ချ၍ အနောက်တိုင်းဒီမိုကရေစီလိုလားသော အုပ်စုကို တင်မြှောက်ရန်ဆိုသော ၀ါရှင်တန်၏အိပ်မက်ကို ချိုးဖျက်ရန်ဖြစ်သည်။ ဤသည်မှာ ရုရှားမဟာဗျူဟာ၏အဓိကမဏ္ဍိုင် ဖြစ်သည်။ ဘိုင်ဒင်အစိုးရ၏ ထိပ်ပိုင်းပုဂ္ဂိုလ်များအကြား မော်စကို၌ ထိုသို့ ‘မင်းပြောင်းမင်းလွှဲ’ ပေါ်ပေါက်ရန် အင်မတန်လိုလားပြီး ဖြစ်နိုင်ခြေရှိသည်ဟု တိုးတိုးတစ်မျိုး၊ ကျယ်ကျယ်တစ်ဖုံ ငြင်းခုံနေကျ ဖြစ်သည်။ တစ်နည်းဆိုသော် ထိုကိစ္စမှာ အမေရိကန်၏ လူသိခံထားသော လျှို့ဝှက်မူဝါဒဟုပင်ဆိုနိုင်ကြောင်း Fletcher School မှ ဘင်ဂျမင်ဒယ်နီဆင်၏ ၂၀၂၀ ပြည့်နှစ်စစ်တမ်းက ညွှန်းဆိုနေသည်။
၂၀၁၄ ခုနှစ်၊ ယူကရိန်းနိုင်ငံ ကိယက်ဗ်မြို့တော် Maidan Square ၏ ‘ဇာတ်စီး’ ဖြစ်ခဲ့သူ၊ နိုင်ငံခြားရေးဌာန ယာယီအတွင်းဝန် ဗစ်တိုးရီးယားနျူလန်းက ရုရှားလိုလားသူ သမ္မတ ဗစ်တာယာနူကိုဗစ် ပြုတ်ကျခြင်းကို မော်စကို မင်းပြောင်းမင်းလွဲအတွက် ခြေဆင်းဟု သဘောပိုက်ခဲ့သည်။ နောက်ပိုင်းဥရောပရေးရာနိုင်ငံခြားရေး လက်ထောက်အတွင်းဝန် ဖြစ်လာသော နျူလန်းက ၂၀၁၄ ခုနှစ်၊ မေလအတွင်း ကွန်ဂရက်ရှေ့မှောက်၌ “၁၉၉၂ ခုနှစ်ကစပြီး ရုရှားပြည်သူတွေနဲ့ ထိုက်တန်တဲ့ အပြောင်းအလဲဖြစ်ပေါ်လာစေဖို့၊ ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးရေးနဲ့ ဒီမိုကရေစီရေး အားထုတ်နိုင်စေဖို့ ကျွန်မတို့ဟာ အမေရိကန်ဒေါ်လာ ၂၀ ဘီလျံကို ထောက်ပ့ံခဲ့ပါတယ်” ဟု ထွက်ဆိုချက်ပေးခဲ့၏။ အကယ်၍သာ အမေရိကန်ပြည်ထောင်စု၌ ‘အကူးအပြောင်း’ ဖြစ်စေရန် ပူတင်က ဒေါ်လာဘီလျံ ၂၀ ကို ဖြုန်းခဲ့မည်ဟု မြင်ယောင်ကြည့်ကြပါစို့။ ‘အာဃာတအရင်းခံ ယုံမှားလွန်စိတ်ရောဂါရနေသော ရုရှားများ (Paranoid Russians)’ ဟူသည့် စကားလုံးကို လိုသည်ထက် ပိုသုံးနေသောသူများအဖို့ ကိုယ့်ရောဂါနှင့်ကိုယ်သာ ‘မည်းမည်းမြင်တိုင်း လန့်နေခြင်း’ ဖြစ်ပါမည်။
ပူတင်၏ တတိယရည်မှန်းချက်မှာ ဥရောပရော တရုတ်အတွက်ပါ တစ်ဦးတည်းသော စွမ်းအင်ထောက်ပ့ံနိုင်သူအဖြစ် စျေးကွက်မြှင့်တင်လိုခြင်း ဖြစ်သည်။ အကယ်၍ ဥရောပနိုင်ငံများသည် ၀ါရှင်တန်၏ လိုဘအတိုင်း ယူကရိန်းကို NATO အဖွဲ့အတွင်းသို့ ဆွဲသွင်းလိုက်မည်ဆိုလျှင် ရုရှားအနေနှင့် ပြောစရာစကားများစွာရှိလာမည်ဖြစ်ပြီး ဥရောပတိုက်သည်လည်း နှင်းတောထဲ၌ ညလုံးပေါက်သွားနိုင်သည်။ ၂၀၂၆ ခုနှစ်၌ အပြီးသတ်မည့် ဓာတ်ငွေ့ပိုက်လိုင်းစီမံချက်အရ ရုရှားသည် တရုတ်ပြည်သို့ လက်ရှိကာလ သင်္ဘောဖြင့်တင်ပို့မှုထက် ဆယ်ဆမက များပြားသော ဓာတ်ငွေ့များကို ရောင်းချနိုင်ရန် စီစဉ်လျက်ရှိသည်။
■ တရုတ်၊ ရုရှားနှင့် ဂျာမနီ
၀ါရှင်တန်သည် ချဲ့ထွင်မှုနှင့် ရုရှားတွင် စနစ်တစ်ရပ် ပြောင်းလဲမည်ဟူသော မျှော်လင့်ချက်နှင့် ကြံစည်လုပ်ဆောင်ခဲ့သမျှမှာ (အရေးကြီးသော ကွဲလွဲချက်အချို့ ရှိနေသည့်တိုင်) ရုရှားနှင့် တရုတ်ကို ပိုမိုနီးကပ်သွားစေခဲ့သည်။ တရုတ်၏ အတိုင်းအတာကြီးမားသော ပြည်ပစွမ်းအင်လိုအပ်ချက်၊ ရုရှား၏ တိုးတက်လာသော အီလက်ထရောနစ်လုပ်ငန်းအတွက် တရုတ်၏ထောက်ပ့ံပေးနိုင်စွမ်း၊ အာဖဂန်နစ္စတန်ကျဆုံးမှုမှသည် ပေါ်ထွက်လာနိုင်သော ဗဟိုအာရှဒေသရှိ အစွန်းရောက်ဂျီဟဒ်များကို ရုရှားနှင့် ပူးပေါင်းနှိမ်နင်းခြင်းတို့က နက်ရှိုင်းသော ဘုံအကျိုးစီးပွားများအဖြစ် ဖန်တီးပေးလိုက်သည်။
သို့သော်ရုရှားနှင့် တရုတ်တို့၏ အကျိုးစီးပွားမှာ ထပ်တူထပ်မျှမကျပါ။ ဘေဂျင်းအနေနှင့် ယူကရိန်းအရှေ့ပိုင်းဒေသမှ ခွဲထွက်ရေးသမားများအား ရုရှားက ပ့ံပိုးကူညီနေခြင်းအပေါ် သဘောမတွေ့လှပါ။ ၂၀၂၂ ခု၊ ဖေဖော်ဝါရီ ၁၉ ရက်၌ နိုင်ငံခြားရေးဝန်ကြီး ဝမ်ယီက ‘အားလုံးသော နိုင်ငံများ၏ အချုပ်အခြာအာဏာ၊ လွတ်လပ်ရေးနှင့် နယ်နိမိတ် အပိုင်းအခြားတို့ကို လေးစားလိုက်နာ ကာကွယ်သင့်ကြောင်း’ ပြောဆိုခဲ့သည်။ တရုတ်ပြည်ကိုယ်တိုင်မှာလည်း ခွဲထွက်ရေးသမားများ ပြဿနာရှိနေသည်။
ယခုပွဲ၌ ဂျာမနီမှာ အလယ်တည့်တည့်၌ ရပ်နေသည်။ ၀ါရှင်တန်သည် ဘာလင်ထံမှ ‘ကိုယ့်တပ်ကိုယ် ပြန်နင်း’ သော ရာဇမာန် (Nibelungentreue) ပြသသည့်အမိန့် ဒီကရီမျိုးကို တောင်းဆိုနေသည်။ ဂျာမန်အတွက် အရေးပေါ်လိုအပ်နေသည့် ဓာတ်ငွေ့ကို ဖြည့်ဆည်းပေးနိုင်သော Nord Stream II ပိုက်လိုင်းကို လက်နက်သဖွယ် ခြိမ်းခြောက်စေလိုခြင်းဖြစ်သည်။ သို့သော်ဂျာမနီအနေနှင့် ရုရှားအပေါ် တားဆီးကန့်သတ် ပိတ်ဆို့မှုပြုမည်ဆိုလျှင် စွမ်းအင်ကဏ္ဍကို ချန်လှပ်ရန် ပြောဆိုလျက်ရှိသည်။ ၀ါရှင်တန်၏ ယူကရိန်းကို NATO အဖွဲ့အတွင်း သွတ်သွင်းရန် အားထုတ်မှုမှ ခပ်ကင်းကင်းနေကာ ဂျာမန်များသည် သူတို့နည်းသူတို့ဟန်ဖြင့် သံခင်းတမန်ခင်း ပုံဖော်လျက်ရှိသည်။
ဤနေရာ၌ ငြင်းဆိုရခက်သော အထောက်အထားတစ်ရပ် သိသာထင်ရှားစွာ ပေါ်ထွက်လာသည်။ ၁၉၉၁ ခုနှစ်အတွင်း ပြုလုပ်ခဲ့ကြသော ရုရှားနှင့် ဥရောပအကြား တည်ကြည်သည့် အာမခံချက်များဖြစ်၏။ အာမခံချက်၏အနှစ်ချုပ်မှာ ထိုအချိန်က ရုရှားတပ်ဖွဲ့များ အရှေ့ဥရောပမှ ဆုတ်ခွာသွားပါက နောက်ပိုင်းတွင် NATO အနေနှင့် အရှေ့ဘက်သို့ ချဲ့ထွင်ခြင်းမပြုဟု အမေရိကန်ပြည်ထောင်စု၊ ဗြိတိန်၊ ပြင်သစ်နှင့် ဂျာမနီတို့ က အပြန်အလှန်ကတိထားခဲ့ကြခြင်း ဖြစ်သည်။
■ ငြင်းဆို၍မရသော အထောက်အထား
‘အသစ်တွေ့လာရသော ၁၉၉၁ ခုနှစ် သံတမန်သဘောတူညီချက်က ရုရှား၏ သက်သေပြချက်ကို ထောက်ခံလျက်ရှိ’ ကြောင်း ဂျာမနီထိပ်တန်းသတင်းဌာန Der Spiegel က ဖေဖော်ဝါရီ ၁၈ ရက်၌ ဖော်ပြခဲ့၏။ “ဘာလင်တံတိုင်း ပြိုကျပြီးနောက် NATO ၏ ဆယ်စုနှစ်ပေါင်းများစွာ အရှေ့ဘက်သို့ ချဲ့ထွင်နေခြင်းသည် အနောက်အုပ်စု၏ အာမခံချက်များကို ချိုးဖောက်ခြင်းဖြစ်ကြောင်း ရုရှားတို့က မိမိရရ ပြောဆိုနေခဲ့သည်။ ယခုတော့ထူးခြားလှသော ထိုအထောက်အထား ပေါ်ထွက်လာခဲ့ပေပြီ” ဟု မှတ်စုထုတ်ပြလိုက်သည်။
ဂျာမနီ၏ ဗဟို-လက်ယာယိမ်း နေ့စဉ်သတင်းစာ Die Welt ၏ ရေးသားချက်အရ “ကျွန်တော်တို့သည် (ယခင်အရှေ့နှင့် အနောက်ဂျာမနီကို ပိုင်းခြားထားသော) Elbe မြစ်ကို ကျော်လွန်၍ NATO က ကျူးမည်မဟုတ်ကြောင်း ရှင်းလင်းသေချာအောင် ဆောင်ရွက်ခဲ့ကြသည်” ဟု ဂျာမန်သံအမတ် ဂျာဂင်ခရိုဘော့၏ မှတ်စုကို ဖော်ပြခဲ့သည်။ ၁၉၉၁ ခုနှစ် မတ်လအတွင်း အမေရိကန်ပြည်ထောင်စု၊ ဗြိတိန်၊ ပြင်သစ်နှင့် ဂျာမနီတို့၏ ကွန်ဖရင့်အတွင်း ရေးသားခဲ့ခြင်းဖြစ်သည်။ ဤမှတ်တမ်းက ရုရှားတို့အမိအရပြောနေသော NATO ချဲ့ထွင်မှုကို အတည်ပြုနေ၏။ မှတ်တမ်းကို ဗြိတိသျှအမျိုးသားမော်ကွန်းတိုက်မှ ပြန်လည်ရှာဖွေတွေ့ရှိခဲ့သည်။
Die Welt က ဆက်လက်ဖော်ပြခဲ့သည်မှာ မှတ်တမ်းပြုခဲ့ရာ အစည်းအဝေးမှာ ဂျာမနီ၏ ယခင်မြို့တော် ဘွန်းတွင် ၁၉၉၁ ခုနှစ် မတ်လ ၆ ရက်က ကျင်းပခဲ့ခြင်းဖြစ်ပြီး အမေရိကန်ပြည်ထောင်စု၊ ဗြိတိန်၊ ပြင်သစ်နှင့် ဂျာမနီနိုင်ငံခြားရေးဝန်ကြီးဌာနများမှ နိုင်ငံရေးညွှန်ကြားရေးမှူးများ တက်ရောက်ခဲ့ကြ၏။ အစည်းအဝေးအကြောင်းအရာမှာ ‘ပိုလန်နှင့် အခြားအရှေ့ဥရောပနိုင်ငံများ၏ လုံခြုံရေး’ ဖြစ်သည်။ နိုင်ငံရေးညွှန်ကြားရေးမှူးတို့သည် ဝန်ကြီးဌာနအတွင်း နိုင်ငံရေးဌာနကို ဦးဆောင်ရသူများဖြစ်ပြီး နိုင်ငံခြားရေးဝန်ကြီးများကို အနီးကပ်အကြံပေးရသူများ ဖြစ်ကြသည်။
ဂျာမန်ကိုယ်စားလှယ်က ၁၉၉၁ ခုနှစ် အစည်းအဝေးကို ယခုလိုဆက်လက်ရေးသား ထားသည်။ “ကျွန်တော်တို့သည် ဂျာမနီနှစ်နိုင်ငံ ပြန်လည်ပေါင်းစည်းရေး လေးနိုင်ငံအစည်းအဝေး (two-plus-four talks) တွင် ဆွေးနွေးမှုများစွာ ပြုပြီးသည့်နောက် Elbe မြစ်ကို NATO က ကျော်လွန်မည်မဟုတ်ကြောင်း ဆိုဗီယက်ယူနီယံကို ရှင်းလင်းစေခဲ့သည်။ ထို့ကြောင့်ကျွန်တော်တို့အနေနှင့် ပိုလန်နှင့် အခြားနိုင်ငံများကို NATO အဖွဲ့ဝင်အဖြစ် လက်ခံနိုင်ခြင်းမရှိပါ” ဟု မှတ်တမ်း၌ ဖော်ပြထား၏။
အဆိုပါဘွန်းအစည်းအဝေးသို့ အမေရိကန်ကိုယ်စားပြု တက်ရောက်ခဲ့သူ၊ ဥရောပနှင့် ကနေဒါဆိုင်ရာနိုင်ငံခြားရေးလက်ထောက်အတွင်းဝန် ရေမွန်ဆိုက်က “ကျွန်တော်တို့ လုပ်ခဲ့တဲ့ two-plus-four မှာ တခြားဆွေးနွေးချက်တွေနဲ့အတူ ဆိုဗီယက်ယူနီယံတပ်ဖွဲ့များ အရှေ့ဥရောပက ဆုတ်ခွာသွားခြင်းကနေ တခြားအရေးသာမှုမျိုး မယူခဲ့ပါဘူး” ဟု ပြောပြခဲ့သည်။
‘နောက်နှစ်နှစ်ကြာသောအခါ အမေရိကန်များသည် သူတို့မူဝါဒကို ပြောင်းလဲခဲ့လေ၏’ ဟု Die Welt က ဆက်ရေးသည်။
အချို့သော သမိုင်းပညာရှင်တို့ကမူ အထောက်အထား၏ဆိုလိုရင်းမှာ ရေးသားထားသကဲ့သို့ မဟုတ်ကြောင်း စာနယ်ဇင်းများနှင့် ‘ခံငြင်း’ နေစဉ်အတွင်း ဂျာမန်လူမျိုးအများစုက NATO ချဲ့ထွင်မှုကိစ္စ၌ ရုရှားသည် ကျင့်ဝတ်ပိုင်းဆိုင်ရာ အပေါ်စီးရကြောင်း ယုံကြည်သွားကြခြင်းမှာ လက်ရှိဂျာမနီညွန့်ပေါင်း အစိုးရအတွက် အန္တရာယ်များလှသည်။
၀ါရှင်တန်က ယူကရိန်းအကျပ်အတည်းကို ကိုင်တွယ်နေစဉ်အတွင်း ဂျာမန်ခေါင်းဆောင်တို့သည် ပြည်တွင်း ‘ထောင်ထားခြားနားမှု’ ကို ရင်ဆိုင်နေရသည်။ အကြောင်းမှာ ပြီးခဲ့သောသီတင်းပတ်အတွင်း ဂျာမနီအသံလွှင့်အစည်းအရုံး ARD က ပြုလုပ်ခဲ့သည့် လူထုသဘောထားစစ်တမ်း၌ ၅၃ ရာခိုင်နှုန်းသော ဂျာမန်တို့က ယူကရိန်းကို NATO အဖွဲ့အတွင်း ဝင်ရောက်ခွင့်ပြုရေးအား ကန့်ကွက်ခဲ့သည်။ ၂၈ ရာခိုင်နှုန်းသာ ထောက်ခံပြီး ၁၉ ရာခိုင်နှုန်းမှာ ဘဘောထားမပေးခဲ့ကြပါ။
■ အမေရိကနှင့် NATO
အမေရိကန်တို့ အရှက်တကွဲ အကျိုးနည်းခံ၍ အာဖဂန်နစ္စတန်မှ ထွက်ခွာခဲ့ခြင်းကြောင့် ထိခိုက်ခံစားရသော ဒဏ်ရာဒဏ်ချက်မှာ ကြီးမားလှပါသည်။ အထူးသဖြင့် အာဖဂန်နစ္စတန်ရှိ ကလေးသူငယ်များအတွက် ကြောက်မက်ဖွယ်အဖြစ်ဆိုးကို ကြုံစေခဲ့ပြီး၊ အာဖဂန်ကလေးငါးသန်းကျော်မှာ ‘ငတ်မွတ်ခေါင်းပါးခြင်း ဆင်းရဲတွင်းနှုတ်ခမ်းဝ’ သို့ ရောက်ရှိနေကြရပြီဟု Save the Children အဖွဲ့က ထုတ်ပြန်ထားသည်။
ယူကရိန်းအရေး၌ ဘိုင်ဒင်အစိုးရ အရှက်ထပ်ကွဲမည်ဆိုလျှင် ကားလ်မာ့က်စ်၏ အရွှန်းဖောက် ပြက်လုံးစကားဖြစ်သည့် ‘ကြီးကျယ်သော သမိုင်းဖြစ်ရပ်တို့သည် နှစ်ကြိမ် ထပ်ပေါ်ခဲ့သည်ရှိသော် ပထမတစ်ကြိမ်သည် မသိ၍၊ ဒုတိယအကြိမ်သည် ကြိုက်၍’ ဆိုသည်ကို ပြန်လည်သတိရဖို့ လက်တို့ပါရစေ။
စစ်ပွဲမှ ကောက်လာခဲ့သော အလောင်းထည့်ရန်အိတ် တပုံတပင်ကြီးမရှိပါ။ ဒဏ်ရာ ရလောင်မြိုက်နေသော အလောင်းများ၊ မျက်လုံးဟောက်ပက်နှင့် ဗိုက်ဖောင်းနံပိန် ကလေးများ၏ ဓာတ်ပုံကိုလည်း မတွေ့မြင်လိုပါ။ အမေရိက၏ NATO မဟာမိတ်များကလည်း အရှက်ပြေပခုံးတွန့်လျက် ဤပွဲမှာထွက်ခွာကာ ကိုယ့်လမ်းကိုယ် ဆက်လျှောက်ကြပါလိမ့်မည်။
ဂျာမနီသည် NATO ချဲ့ထွင်မှုကို မည်သည့်အခါမျှလိုလားခြင်းမရှိခဲ့ပါ။ စစ်ရေးအရ မဟာမိတ်ဖွဲ့ခဲ့ခြင်းကို တဖြည်းဖြည်းမှိန်ဖျော့လျက် ပင်ကိုယ်အားဖြင့် လူမှုဖူလုံရေး အထောက်အကူပြု အဖွဲ့အစည်းအဖြစ် ဇွဲစိတ်သန်စွာ လျှောက်လှမ်းနေပါသည်။ စစ်အေးကာလတစ်လျှောက် တိုက်ပွဲဝင်တပ်မ ၁၂ ခုကို ထိန်းသိမ်းခဲ့သော်လည်း ယခုအခါ တိုက်ပွဲဝင်တင့်ကား တစ်ရာပင်မပြည့်တော့ပါ။ ကာကွယ်ရေးအတွက်ဘတ်ဂျက်ကို ၂ ရာခိုင်နှုန်းအောက်သာ သုံးစွဲရမည်ဟူသော ကတိပြုချက်နှင့်အညီ လက်ရှိ ကာကွယ်ရေးအသုံးစရိတ်မှာ GDP ၏ ၁.၅ ရာခိုင်နှုန်းသာ ရှိပါသည်။
အကယ်၍ NATO မဟာမိတ်တို့သည် သူတို့၏ ကာကွယ်ရေးနယ်နိမိတ်ဧရိယာကို လျှော့ချခဲ့သည်ရှိသော် ဂျာမနီအနေနှင့် ကာကွယ်ရေးအသုံးစရိတ် မြှင့်တင်လာနိုင်ဖွယ် ဖြစ်နိုင်ခြေရှိပြီး NATO နှင့် NATO အဖွဲ့ဝင်မဟုတ်သော နိုင်ငံများအကြား ပြတ်ပြတ်သားသား စည်းခြားသွားပါလိမ့်မည်။ ထိုအဖြစ်မျိုးပေါ်ပေါက်လာလျှင် NATO ဟူသည် အဖွဲ့ဝင်များအချင်းချင်း စည်းလုံးညီညွတ်ခြင်းမရှိဘဲ ‘ပြောတော့မူး လူးတော့အိုင်’ ဆိုသကဲ့သို့ မှတ်ကျောက်အတင် မခံနိုင်သောအဖွဲ့ကြီး (Potemkin Village) တစ်ဖွဲ့ဖြစ်ကြောင်း ပူတင်က သက်သေပြပါလိမ့်မည်။










