ဝေါဟာရဇာစ်မြစ် တူးဖော်ချက် နောက်ဆုံးအစီရင်ခံစာ

ဝေါဟာရဇာစ်မြစ် တူးဖော်ချက် နောက်ဆုံးအစီရင်ခံစာ
Published 21 February 2022
မိုးဧအောင်

Golbetrotter တွင် ဖော်ပြခဲ့သော ယခု “West bullies world while citing threats from China, Russia” ဆောင်းပါးရှင် Vijay Prashad သည် အိန္ဒိယလူမျိုး သမိုင်းပညာရှင်၊ အယ်ဒီတာနှင့် စာနယ်ဇင်းသမားဖြစ်ပြီး ချီကာဂိုတက္ကသိုလ်မှ ပါရဂူဘွဲ့ ရခဲ့သည်။ 

သူသည် Left Word Books ၏ အယ်ဒီတာ၊ လူမှုသုတေသန အင်စတီကျု  Tricontinental ၏ ဒါရိုက်တာ၊ တရုတ်နိုင်ငံ  Renmin တက္ကသိုလ်၊ Chongyang အင်စတီကျု၏ အကြီးတန်း ပြည်ပပညာရှင်ဖြစ်သည်။ နာမည်ကျော် “The Darker Nations and The Poorer Nations” အပါအဝင် စာအုပ် ၂၀ ကျော် ပြုစုရေးသားခဲ့ပြီး သူနောက်ဆုံး ထုတ်ဝေထားသောစာအုပ်မှာ “Washington Bullets” ဖြစ်သည်။

ယခုဆောင်းပါးတွင် ကမ္ဘာ့ရေးရာများ၌ အရေးထား ဂရုဓမ္မပြုရသော စကားလုံးအသုံးအနှုန်းများကို ရည်ရွယ်ချက်ရှိရှိ အချုံ့အချဲ့လုပ်ကာ ဖြစ်ရပ်တစ်ခုအား လိုအပ်သလို ပုံဖော်နေသော သဘောသဘာဝနှင့် မုဒိတာမပွားနိုင်သော နိုင်ငံအချို့၏အဖြစ်ကို နက်နက်နဲနဲ ဖော်ထုတ်တင်ပြထားပါသည်။

၂၀၂၂ ခုနှစ် ဇန်နဝါရီ ၂၁ ရက်။

အိန္ဒိယနိုင်ငံ နယူးဒေလီရှိ မနိုဟာ ပါရိကား စစ်ရေးစစ်ရာနှင့် သရုပ်ခွဲလေ့လာရေး အင်စတီကျုမှ ကမကထပြုကျင်းပသော ဆွေးနွေးပွဲတွင် ဂျာမန်ရေတပ်မတော် ဒုတိယဗိုလ်ချုပ်ကြီး ခေ-အက်ချင်ရွှန်းဘာ့ခ် တက်ရောက်ခဲ့သည်။ ‘တတ်သည့်ပညာ မနေသာ’ ဆိုသကဲ့သို့ ရွှန်းဘာ့ခ်သည် ဂျာမနီနိုင်ငံကို ကိုယ်စားပြုလျက် လာရောက်လည်ပတ်သူ ဦးစီးခေါင်းဆောင်အဖြစ် စကားပြောခဲ့ရသည်။

ထိုအချိန်တွင် ယူကရိန်းနယ်စပ်အနီး ရုရှားတပ်များ နေရာယူဖြန့်ကြက်မှုက ‘ဒီရေ မြင့်သစ်’ ဖြစ်နေသည့် အားလျော်စွာ ရုရှားသမ္မတ ဗလာဒီမာပူတင်နှင့် အနောက်အုပ်စုအပေါ် သူ့အမြင်ကို ဖွင့်ဟခဲ့လေ၏။ “သူတကယ်လိုချင်နေတာက လေးစားခန့်ညားမှုပါ။ ဒါပေမယ့်ဗျာ၊ ဘုရားစူး သူရလာတာက မထီလေးစားနဲ့၊ ဘာမှတန်ဖိုးမရှိဘူး။ သူ့ကို လေးစားသမှုပြုလိုက်ဖို့ လွယ်လွယ်လေးပါ။ သူတောင်းဆိုနေတာကလည်း ဖြစ်သင့်ဖြစ်ထိုက်တဲ့ ထိုက်ထိုက်တန်တန် လေးစားမှုပါပဲ။”  

နောက်တစ်နေ့ ဇန်နဝါရီ ၂၂ ရက်တွင် ယူကရိန်းနိုင်ငံခြားရေးဝန်ကြီး ဒီမီထရိုကူလက်ဘာကကိယက်ဗ်ရှိ ယူကရိန်းနိုင်ငံဆိုင်ရာ ဂျာမန်သံအမတ်ကြီး အန်ကာဖယ်ဒူဆင်ကို ဆင့်ခေါ်ပြီး ယူကရိန်းသို့ ဂျာမနီက လက်နက်မထောက်ပ့ံခြင်းနှင့် ရွှန်းဘာ့ခ်၏ နယူးဒေလီခရီးစဉ်အတွင်း မှတ်ချက်စကားတို့ကို ‘နက်ရှိုင်းစွာ စိတ်ပျက်ရကြောင်း ဖော်ပြ’ ခဲ့လေတော့သည်။

ရွှန်းဘာ့ခ်ကလည်း ဂျာမနီပြန်ရောက်ပြီး ရက်ပိုင်းအတွင်း “ကျွန်တော်ဟာ ပြည်ထောင်စုကာကွယ်ရေးဝန်ကြီး (ခရစ္စတင်းလမ်းဘရက်) ထံမှာ ရေတပ်မတော်ရဲ့ စစ်ဆေးရေးမှူးချုပ် ရာထူးတာဝန်ကနေ အနားယူခွင့် အမြန်ဆုံးပေးဖို့ရာ နုတ်ထွက်စာတင်ခဲ့ပါပြီ” ဟု ထုတ်ပြန်ခဲ့သည်။ လမ်းဘရက်ကလည်း နုတ်ထွက်လွှာကို အချိန်မဆိုင်း လက်ခံခဲ့၏။

ရွှန်းဘာ့ခ် အဘယ့်ကြောင့် ‘နှပ်ပစ်ခံခဲ့ရ’ ပါသနည်း။ သူပြောခဲ့သောစကားထဲ၌ အနောက်အုပ်စုက လုံးဝဆတ်ဆတ်ထိမခံနိုင်သော စကားနှစ်ခွန်း ပါသွားခဲ့သည်။ ပထမတစ်ခွန်းမှာ ‘ခရိုင်းမီးယားကျွန်းဆွယ်က ပွဲသိမ်းသွားပြီ။ (ပြန်ရဖို့) ဘယ်တော့မှ မဖြစ်နိုင်ဘူး’ ဆိုသောစကားဖြစ်ပြီး ဒုတိယစကားမှာ ပူတင်သည် လေးလေးစားစား ဆက်ဆံခံရမည့်သူအဖြစ် ထိုက်တန်ကြောင်း ပြောကြားချက်ပင် ဖြစ်သည်။

ရွှန်းဘာ့ခ်၏ကိစ္စသည် အနောက်အုပ်စု လက်ငင်းရင်ဆိုင်နေသည့် ပြဿနာ၏ပုံရိပ်ကို ထင်းကနဲ မြင်သာစေသည်။ ရုရှား၏ ပြုမူဆောင်ရွက်ချက်များကို ‘ကျူးကျော်ရန်စခြင်း သို့မဟုတ် အဓမ္မပြုခြင်း’ ဟု မှိုချိုးမျှစ်ချိုးပြောကာ နိုင်ငံတစ်ခု၊ ပုဂ္ဂိုလ်တစ်ဦး၏ အချုပ်အခြာအာဏာကိုဖြစ်စေ၊ ပုဂ္ဂိုလ်ရေးအတိုင်းအတာကိုဖြစ်စေ ‘လေးစားသမှု’ မပြုခဲ့သော အနောက်၏ ပြဿနာပေတည်း။

ကျူးကျော်ရန်စခြင်း သို့မဟုတ် အဓမ္မပြုခြင်း  (Aggressino)

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်အစိုးရသည် ရုရှားတို့ ယူကရိန်းအပေါ် ကျူးကျော်ကောင်း ကျူးကျော်လာနိုင်သော အနေအထားကို ‘အန္တရာယ်ကျရောက်လုဆဲဆဲ}’ (imminent) ဆိုသော ဝေါဟာရဖြင့် ဇန်နဝါရီလကုန်၌ စတင်သုံးစွဲလာခဲ့သည်။ ဇန်နဝါရီ ၁၈ ရက်၌ အိမ်ဖြူတော် သတင်းထုတ်ပြန်ရေးခေါင်းဆောင် ဂျန်ဆာကီက ‘immindnt’ ဆိုသော ဝေါဟာရကို မသုံးခဲ့သော်လည်း သူပေးခဲ့သည့် မှတ်ချက်တွင်မူ “ကျွန်မတို့အမြင်အရ ဒီအခြေအနေဟာ အဆုံးစွန်အန္တရာယ်ကြီးပါတယ်။ ခုဆိုရင် ကျွန်မတို့ဟာ ရုရှားက ယူကရိန်းကို ဘယ်နေရာကများ စတိုက်လေမလဲလို့ ရင်တမမ ဖြစ်နေရတာပါ” ဟု ပြောကြားခဲ့သည်။

ဇန်နဝါရီ ၂၅ ရက်၌ ဆာကီသည် ရုရှား၏ ကျူးကျော်ဝင်ရောက်နိုင်ခြေ အချိန်ဇယားကို ရည်ညွှန်းလျက် “ကျွန်မအတွေးအရ ကျွန်မတို့က အန္တရာယ်ကျရောက်လုဆဲဆဲလို့ သုံးနှုန်းရင် အဲဒီမှာ အခြေအနေက တကယ့်ကို imminent ဖြစ်နေလို့ပဲ” ဟု ဖြေကြားခဲ့၏။ နှစ်ရက်အကြာ ဇန်နဝါရီ ၂၇ ရက်၌ ကျူးကျော်သိမ်းပိုက်မှုနှင့် ပတ်သက်သော သူသုံးနှုန်းခဲ့သည့် ‘imminent’ စကားလုံးကို မေးမြန်းရာတွင် ဆာကီက “ကျွန်မတို့ရဲ့ အကဲဖြတ်သတ်မှတ်ချက်အရ အဲဒီအခြေအနေကနေ တစ်ပြားသားမှ မလျော့ပါဘူး” ဟု ဖြေကြားခဲ့သည်။

ဇန်နဝါရီ ၁၇ ရက်တွင် ၀ါရှင်တန်၏ ရုရှား ‘ကျူးကျော်သိမ်းပိုက်မှု  (invasion)’ အတွက် ‘အန္တရာယ်ကျရောက်လုဆဲဆဲ (imminent)’ အတွေးအခေါ်ကို ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂျီလက်ဗ်ရော့က ‘ယူကရိန်းအပေါ် ရုရှား၏ ကျူးကျော်သိမ်းပိုက်ခြင်းဟူသော အသုံးအနှုန်း’ ကို ပြင်းထန်စွာ ပြစ်တင်ရှုတ်ချခဲ့သည်။

နောက်ထပ်သုံးရက်အကြာ ဇန်နဝါရီ ၂၀ ရက်၌ ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြောရေးဆိုခွင့်ရှိသူ မာရီရာဇာခါရိုဗာက ရုရှားသည် ယူကရိန်းကို ကျူးကျော်ဝင်ရောက်မည်မဟုတ်ကြောင်း ငြင်းဆိုခဲ့သည်။ သို့သော်အနောက်အုပ်စုအနေနှင့် ယူကရိန်းကို စစ်ရေးအရ ကြားဝင်မှုများပြုကာ ရုရှားကို ခြိမ်းခြောက်လာလျှင်မူ ကျူးကျော်ဝင်ရောက်ဖွယ်ရာ ‘လမ်းပေါက်’ သွားလိမ့်မည်ဟု တုံ့ပြန်ခဲ့ပါသည်။

ယူကရိန်းအပေါ် ရုရှား၏ စစ်ရေးကျူးကျော်မှုတည်းဟူသော အကြောင်းအရာအပေါ် အဆိုအချေငြင်းခုန်ကြည့်ရန် အတိတ်သမိုင်း၏ အလွန့်အလွန်ရှားပါးလှသော သတိရအောက်မေ့ချက်တစ်ခုကို လမ်းစဖော်ပေးလိုပါသည်။

၂၀၀၈ ခု ဂျော်ဂျီယန်-ရုရှား ပဋိပက္ခ ဘေးကြုံတွေ့ပြီးနောက် ဆွစ်သံအမတ် ဟယ်ဒီတက်လီဗီနီဦးဆောင်သော ဥရောပသမဂ္ဂ၏ နိုင်ငံတကာ လွတ်လပ်သော အချက်အလက် ရှာဖွေရေးမစ်ရှင် (Independent International Fact-Finding Mission) ကို ဂျော်ဂျီယာပဋိပက္ခ စုံစမ်းရန်အတွက် စေလွှတ်ခဲ့သည်။ မစ်ရှင်၏တွေ့ရှိချက်အရ ပဋိပက္ခအတွင်း မတိကျသော၊ စိတ်ကြွအောင် နှိုးဆွခဲ့သော သတင်းစစ်ပွဲ၏ လွှမ်းမိုးမှုကို ထင်ရှားစွာ တွေ့ရှိခဲ့ရ၏။

ဂျော်ဂျီယန်-အနောက်တိုင်းသားတို့၏ဖော်ပြချက်နှင့် လုံးဝခြားနားသော ဆန့်ကျင်ဘက်အဖြစ် “ဂျော်ဂျီယန်တပ်တွေက စကင်ဝါလီ (တောင်ပိုင်း အိုဆက်တီယာမြို့တော်) ကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေချိန်မှာ ရုရှားစစ်တပ်အနေနဲ့ စစ်ရေးအရ ကြီးကြီးမားမား ခုခံတိုက်ခိုက်မှုမျိုး မရှိခဲ့ဘူး” ဟု တက်လီဗီနီက ပြောခဲ့သည်။

ရုရှားတို့ ယူကရိန်းကို ကျူးကျော်ရန် ဖြစ်နိုင်ချေရှိသောကာလ၌ ရုရှားတို့၏ ‘ကျူးကျော်ရန်စခြင်း သို့မဟုတ် အဓမ္မပြုခြင်း (Aggression)’ ဟူသော အိုင်ဒီယာကို ယခုလပိုင်းအတွင်း ရည်ညွှန်းလာပြန်သည်။ ဤဖြစ်ရပ်မှာ ဆိုဗီယက်ခေတ်ဟောင်းကာလ အလွန်နယ်နိမိတ်ပြဿနာဖြစ်ပွားနေသော ရုရှားနှင့် ဂျော်ဂျီယာအကျပ်အတည်း၌ သံတမန်ရေးရာ ချဉ်းကပ်မှုဖြင့် ကိုင်တွယ်နေစဉ်အတွင်း ပြဿနာပိုကြီးအောင်  ကြိုတင်၍ စကားဦးသန်းခဲ့ပုံနှင့် တစ်ထပ်တည်း သွားတူနေပြန်သည်။

အနောက်အုပ်စုနိုင်ငံရေးသမားများနှင့် မီဒီယာတို့က ယူကရိန်းနယ်စပ်အနီး ရုရှားတပ်ဖွဲ့အင်အား ၁၀၀၀၀၀ (သူ့နိုင်ငံအတွင်း) အခြေစိုက်နေသော အချက်အလက်ကို ‘ကျူးကျော်ရန်စခြင်း သို့မဟုတ် အဓမ္မပြုခြင်း’ အဖြစ် အသုံးချလျက်ရှိသည်။ အရေအတွက် ၁၀၀၀၀၀ တည်းဟူသော အသံနှင့် ကြောက်ရွံ့မှုကို ပေါက်ဖွားစေပြီး ပကတိအဖြစ်မှန်နှင့် ဝေးကွာအောင်ပုံသွင်းနေသည်။

၁၉၉၁ ခုနှစ်၌ အီရတ်ကို ကျူးကျော်သိမ်းပိုက်ရန်အတွက် အမေရိကန်ပြည်ထောင်စုနှင့် သူ့မဟာမိတ်များသည် တပ်ဖွဲ့အင်အား ၇၀၀၀၀၀ ကျော် စုစည်းခဲ့ကြသည်။ အခြေစိုက်စခန်းများအနီးရှိ နည်းပညာအခြေပြုတပ်ဖွဲ့များနှင့် စစ်သင်္ဘောများအပါအဝင် စစ်ဆင်ရေးဆင်နွှဲနိုင်သော တပ်ဖွဲ့အင်အားအစုံ ပါဝင်သည်။ ထိုအချိန်က အီရတ်သည် အီရန်နှင့် ဆယ်စုတစ်စုကြာ စစ်ခင်းခဲ့သည့်အတွက် စစ်ပန်းနေရုံမျှမက မဟာမိတ်အဖြစ်လည်း တစ်နိုင်ငံမှ မရှိခဲ့ပါ။

ယူကရိန်းတပ်မတော်တွင် ပုံမှန်နှင့် အရန်စစ်အင်အား ၅၀၀၀၀၀ (NATOမဟာမိတ်နိုင်ငံများ၏ ကျောထောက်နောက်ခံ စစ်အင်အား ၁.၅ သန်း) ရှိသည်။ ရုရှားအနေနှင့် ယူကရိန်းနယ်စပ်အနီး ယခုထက်ပို၍ တပ်ဖြန့်ထားရန် လိုအပ်မည်ဖြစ်ပြီး အကယ်၍သာ NATO ၏ လက်တွဲဘက်နိုင်ငံတစ် နိုင်ငံအတွင်း အပြည့်အဝကျူးကျော်မည်ဆိုပါက ထို့ထက်ပိုသော စစ်အင်အားဖြန့်ကြက်မှု လိုအပ်ပါဦးမည်။

လေးစားခန့်ညားမှု (Respect)

ရွှန်းဘာ့ခ်သုံးစွဲခဲ့သော ‘လေးစားခန့် ညားမှု (Respect)’ ဆိုသည့် စကားလုံးမှာ ရုရှားနှင့် တရုတ်တို့ကို ကမ္ဘာ့အင်အားကြီးနိုင်ငံများအဖြစ် ဆွေးနွေးပြောဆိုရာတွင် အရေးကြီးဆုံးသော့ချက်အဖြစ် ပေါ်ထွက်လာသည်။ ဤအကျပ်အတည်းသည် ယူကရိန်းသာပါဝင်သော မည်ကာမတ္တကိစ္စ မဟုတ်သကဲ့သို့ တောင်တရုတ်ပင်လယ် အကျပ်အတည်းသည်လည်း တိုင်ဝမ်တစ်နိုင်ငံတည်း၏အရေးမဟုတ်ပါ။ ဒိဋ္ဌဓမ္မ အကျပ်အတည်းမှာ ရုရှားနှင့် တရုတ်တို့၏ သူတို့နိုင်ငံနယ်နိမိတ်ကျော်လွန်၍ မူဝါဒရေးရာ အကောင်အထည်ဖော်ချက်များကို အနောက်အုပ်စုက ခွင့်ပြုမပြုဆိုသော ကိစ္စဖြစ်ပါသည်။

ထင်ရှားစေရန် သာဓကဆောင်ရသော် ဆိုဗီယက်ယူနီယံပြိုကွဲအပြီး အနောက်အုပ်စုနှင့်ယှဉ်သော် အင်အားချို့တဲ့နေသော ရုရှားကို ခြိမ်းခြောက်မှု သို့မဟုတ် သူတို့အပေါ် ရန်မူမည့်နိုင်ငံအဖြစ် မရှုမြင်ခဲ့ကြပါ။ ဘောရစ် ယဲ့လ်ဆင် သမ္မတအဖြစ် တာဝန်ထမ်းဆောင်ခဲ့သော ၁၉၉၁ မှ ၁၉၉၉ ခုနှစ်အတွင်း လက်တစ်ဆုပ်စာ အစိုးရက စည်းပျက်ကမ်းပျက် စီးပွားရေးနှင့် ‘တောကြောင် လက်ခမောင်းခတ်’ စေခဲ့၏။ အဆိုပါပုဂ္ဂိုလ်အများစုမှာ ယခုအခါ အနောက်နိုင်ငံများသို့ ပဝတ္တိအဖြစ် ပြောင်းရွှေ့အခြေချပြီးဖြစ်၏။ ယဲ့လ်ဆင်၏ နိုင်ငံခြားရေးပေါ်လစီမှာလည်း အမေရိကန်ပြည်ထောင်စု၏ ရည်မှန်းချက်နှင့်အညီသာ ဖြစ်ခဲ့ရ၏။

၁၉၉၄ ခုနှစ်တွင် ‘ရုရှားသည် NATO ၏ ငြိမ်းချမ်းရေးဆိုင်ရာ လက်တွဲဘက်နိုင်ငံအဖြစ် ပထမဆုံးဝင်ရောက်ရန် လျာထားခဲ့ပြီး ထိုနှစ်အတွင်းမှာပင် စက်မှုထိပ်သီး ခုနစ်နိုင်ငံအုပ်စု (The Group of Seven) သို့ ဝင်ရောက်ခွင့် သုံးနှစ်တာကို စတင်စောင့်ဆိုင်းခဲ့သည်။ ထို့ကြောင့် ၁၉၉၇ ခုနှစ်၊ ရုရှားဝင်ရောက်ခွင့်ရသည့်အခါ G 7 မှ G 8 ဖြစ်သွားသည်။ သက္ကရာဇ် ၂၀၀၀ ပြည့်နှစ်၌ ပူတင် သမ္မတဖြစ်လာပြီး ‘နူရာဝဲစွဲ လဲရာသူခိုးထောင်း’ နေသော တိုင်းပြည်ကို အမွေဆက်ခံကာ ရုရှား၏ ဝင်းပသောအနာဂတ်ကို အပြည့်အဝ မျှော်တွေးလျက် ပြန်လည်ထူထောင်မည် ဖြစ်ကြောင်း ကတိပေးခဲ့သည်။

၂၀၀၇-၀၈ ခုနှစ်အတွင်း အနောက်အုပ်စု၏ အကြွေးအခြေပြုစျေးကွက် ပြိုလဲသွားချိန်၌ ပူတင်သည် ရုရှား၏ ‘ငါမသေဘူး၊ ရေကူးတတ်’ သည့် ကိုယ်ဖော့သတ္တိကို စပြောလာခဲ့သည်။

၂၀၁၅ ခုနှစ်အတွင်း စာရေးသူသည် ရုရှားသံအမတ်တစ်ဦးနှင့် ဘေရွတ်၌ ဆုံခဲ့ဖူး၏။ သူက ရှင်းပြခဲ့သည်မှာ ရုရှား၏ ရှားရှားပါးပါး ရေမခဲသည့် ဆိပ်ကမ်းနှစ်ခုဖြစ်သော ခရိုင်းမီးယားရှိ ဆီဗက်စ်တိုပေါဆိပ်ကမ်းနှင့် ဆီးရီးယားရှိ တားတပ်စ်ဆိပ်ကမ်းတို့ကို အနောက်အုပ်စု ကျောထောက်နောက်ခံပြုကာ စစ်ရေးအသာစီးယူသွားမည်ကို မော်စကိုက စိုးရိမ်ပူပန်ကြောင်း ပြောပြခဲ့၏။ ဆတ်ဆတ်ထိမခံသော ဤပထဝီဝင်နိုင်ငံရေးကို လာဆွခဲ့သည့်အတွက် ၂၀၁၄ ခုနှစ်၌ ခရိုင်းမီးယား၊ ၂၀၁၅ ခုနှစ်၌ ဆီးရီးယားတို့တွင် ရုရှားက တုံ့ပြန်ခဲ့ခြင်းဖြစ်သည်။

အမေရိကန်ပြည်ထောင်စုအဖို့ ဘားရက်အိုဘားမား သမ္မတအဖြစ် တာဝန်ထမ်းဆောင်နေစဉ် ကာလတစ်လျှောက် ရုရှားနှင့် တရုတ်တို့၏ နယ်စပ်အပိုင်းအခြားဆိုင်ရာ တည်တ့ံမှုနှင့် ကမ္ဘာ့အစီအစဉ်အတွင်း ထိုနှစ်နိုင်ငံ၏နေရာကို ရှင်းလင်းစွာ သိမြင်ဆက်ဆံခဲ့သည်။

အရှေ့ဥရောပသို့ ‘ခေါင်းဝင်ကိုယ်ဆ့ံ’ လုပ်လာသော NATO ၏ ‘နားရွက် တံတွေးဆွတ်’ သည့် မူဝါဒနှင့် လေးနိုင်ငံမဟာမိတ် (Quad-သြစတြေးလျ၊ အိန္ဒိယ၊ ဂျပန်နှင့် အမေရိကန်ပြည်ထောင်စု) ဖွဲ့စည်းမှုများက ရုရှားနှင့် တရုတ်တို့ကို လုံခြုံရေးမဟာမိတ်များအဖြစ် တွန်းပို့လိုက်ပြီး အချိန်နှင့်အမျှ တဖြည်းဖြည်း နီးကပ်သွားစေခဲ့သည်။

ရုရှားသမ္မတ ဗလာဒီမာပူတင်ရော တရုတ်သမ္မတ ရှီကျင့်ဖျင် နှစ်ဦးစလုံးက မြောက်အတ္တလန္တိတ်စာချုပ်အဖွဲ့ (NATO) ၏အရှေ့ဘက်သို့ ချဲ့ထွင်မှုများနှင့် တိုင်ဝမ်လွတ်လပ်ရေးကိစ္စ၌ ဝင်ရောက်ပတ်သက်နေပုံများသည် လက်ခံနိုင်ဖွယ်ကိစ္စများ မဟုတ်ကြောင်း လက်ရှိသဘောတူထားကြသည်။ တရုတ်နှင့် ရုရှားတို့သည် အနောက်အုပ်စု၏ အရှေ့ဥရောပနှင့် တိုင်ဝမ်ရေးရာ လှုပ်ရှားမှုများမှာ သူတို့၏ရည်မှန်းချက်များကို ဆန့်ကျင်ကာ အာရှဥရောပပါ၀ါကို သွေးတိုးစမ်းနေခြင်းဖြစ်ကြောင်း သိမြင်နားလည်သည်။

၂၀၁၅ ခုနှစ်က ဘေရွတ်၌ ဆုံခဲ့ဖူးသော သံအမတ်၏ အချက်ကျကျ စကားသံမှာ ကျွန်တော့်နားတွင် ယခုအချိန်ထိ ပဲ့တင်ထပ်နေဆဲဖြစ်သည်။ “အမေရိကန်ပြည်ထောင်စုက အီရတ်နိုင်ငံကို တရားဥပဒေမဲ့ ဝင်သိမ်းတဲ့အခါ အနောက်နိုင်ငံ ဘယ်စာနယ်ဇင်းကမှ ကျူးကျော်ရန်စတာ၊ ဒါမှမဟုတ် အဓမ္မပြုတာ  (Aggression) လို့များ ရေးခဲ့လို့လဲဗျာ့။”

Most Read

Most Recent