ရခိုင်ပြည်နယ်အတွင်း ကိုဗစ်ပိုးတွေ့ရှိသူ တစ်ကျော့ပြန် ထပ်မံမြင့်တက်လာသည်။ ရခိုင်ပြည်နယ်တွင် ဖေဖော်ဝါရီ ၁၅ ရက် တစ်ရက်အတွင်း စစ်တွေတက္ကသိုလ်မှ ဆရာ၊ ဆရာမများနှင့် လေယာဉ်စီးခရီးသည်များ အပါအဝင် လူပေါင်း ၇၂ ဦးတွင် ကိုဗစ်ပိုးတွေ့ ရှိခဲ့သည်။
ဖေဖော်ဝါရီ ၁၅ ရက်တွင် စစ်တွေမြို့ရှိ စစ်တွေတက္ကသိုလ်မှဆရာမတစ်ဦး၌ ကိုဗစ်ပိုး တွေ့ရာမှ စစ်ဆေးရာ ဆရာ၊ ဆရာမ ၁၀ ဦး ခန့်တွင် ကိုဗစ်ပိုးတွေ့ရှိခဲ့သည်ဟု သိရသည်။
အလားတူ စစ်တွေ၊ သံတွဲနှင့် ကျောက် ဖြူမြို့မှ လေကြောင်းဖြင့် ထွက်ခွာမည့် ခရီး သည်များအပါအဝင် ပြင်ပမှ ပုံမှန်စစ်ဆေးခဲ့ သူ စုစုပေါင်း ၆၀ ကျော်တွင် ကိုဗစ်ပိုးတွေ့ရှိခဲ့ ခြင်းဖြစ်သည်။
တွေ့ရှိခဲ့သူများတွင် စစ်တွေမြို့တစ်ခု တည်းတွင် ၆၂ ဦးအထိ ရှိခဲ့သည်။ ယင်းသို့ စစ်တွေတွင် ကိုဗစ်ပိုးတွေ့ရှိသူ မြင်တက်လာခြင်းမှာ လေယာဉ်စီးခရီးသည်များသည် ကို ဗစ် ရှိ-မရှိ မဖြစ်မနေစစ်ဆေးရခြင်းနှင့် ဆက် စပ်နေပြန်သည်။
မြန်မာနိုင်ငံတွင် အိုမီခရွန်ပိုးကူးစက် ခံရမှု မြင့်တက်နေသည့်အတွက် ဖေဖော်ဝါရီ ၁၅ ရက်မှစတင်ကာ လေယာဉ်စီးနင်းလိုက်ပါ သူများအနေဖြင့် ကိုဗစ်ကာကွယ်ဆေးထိုးပြီးသည်ဖြစ်စေ၊ မထိုးပြီးသည်ဖြစ်စေ ကိုဗစ်စစ် ဆေးခြင်းကိုခံယူပြီးမှ လေယာဉ်စီးခွင့်ရမည် ဟု ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထား သည်။
အိုမီခရွန် ရခိုင်ရောက်နေပြီ
လက်ရှိ ရခိုင်ပြည်နယ်တွင် ဖျားနာသူ၊ လည်ချောင်းနာ၊ ချောင်းဆိုးသူ များပြားလျက် ရှိရာ နီးစပ်ရာဆေးဆိုင်များမှ ဆေးများကို သောက်နေကြသည်ကိုတွေ့ရသည်။ လူအ များက ကိုဗစ်စစ်ဆေးခြင်း မရှိသော်လည်း ကို ဗစ်ကြောင့် ဖျားသည်ဟု ယူဆနေကြသည်။
မဖြစ်မနေ ကိုဗစ်စစ်ဆေးရသူများမှာ လေယာဉ်စီးခရီးသည်များသာဖြစ်ပြီး စစ် ဆေးတွေ့ရှိသူများမှာလည်း လေယာဉ်စီးခရီး သည်များက ပိုများနေသည်။
“ပိုးတွေ့သူတွေကို MOH (ကျန်းမာရေး ဝန်ကြီးဌာန) သတ်မှတ်ချက် Version T အရ ဆေးရုံပို့ ကုသခံစေခြင်း၊ ဆက်စပ်သူတွေ HQ (နေအိမ်ကွာရန်တင်း) ထားခြင်းကို သက်ဆိုင် ရာက မျက်ခြည်မပြတ်ဆောင်ရွက်နေပါတယ်” ဟု ပြည်နယ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဦးလှသိန်း၏ လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားထားသည်။
ရခိုင်ပြည်နယ်တွင် ဖေဖော်ဝါရီ ၁ ရက်မှ ဖေဖော်ဝါရီ ၁၇ ရက်အထိ စစ်တွေ၊ ကျောက် ဖြူ၊ မောင်တော၊ သံတွဲ၊ မြေပုံနှင့် အမ်းမြို့နယ် တို့တွင် ကိုဗစ်ပိုးရှိသူများတိုးလာပြီး ယင်း အနက် စစ်တွေမြို့သည် ပိုးတွေ့သူအများဆုံး မြို့နယ်ဖြစ်သည်ဟု ပြည်နယ်ကောင်စီထုတ် ပြန်ချက်တွင် ဖော်ပြထားသည်။
လက်ရှိတွင် ကမ္ဘာ့နိုင်ငံပေါင်း ၂၀၀ ခန့်တွင် အိုမီခရွန်ကူးစက်ဖြစ်ပွားနေပြီး မြန် မာနိုင်ငံတွင် ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၂၈ ရက်၌ ပြည်ပမှပြန်လည်ဝင်ရောက်လာသူ လေးဦး တွင် စတင်တွေ့ရှိခဲ့သည်။
ယင်းနောက် ပြည်တွင်းကူးစက်မှုအဖြစ် ပြီးခဲ့သည့် ဇန်နဝါရီ ၂၈ ရက်တွင် တမူးနှင့် ကလေးမြို့တို့တွင် တွေ့ရှိခဲ့သည်ဟု ကျန်းမာ ရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။
ကိုဗစ်မျိုးကွဲဖြစ်သည့် အိုမီခရွန်ရောဂါ ကူးစက်ခံရပါက ရောဂါလက္ခဏာသည် အဓိ ကအသက်ရှူလမ်းကြောင်းနှင့်သက်ဆိုင် သည့် ချောင်းဆိုးခြင်း၊ လည်ချောင်းနာခြင်း၊ နှာရည်ယိုခြင်း၊ ခေါင်းကိုက်ခြင်း၊ အသက် ရှူကျပ်ခြင်း၊ အဖျားရှိခြင်း၊ နွမ်းနယ်ခြင်း၊ ဖျားနာခြင်း၊ နာကျင်ကိုက်ခဲခြင်းနှင့် အနံ့ပုံမှန်မရ ခြင်းတို့ ဖြစ်တတ်ကြောင်း သိရသည်။
“အခုရက်ပိုင်း အစုလိုက် ကိုဗစ်ပိုးတွေ့ လူနာတွေကို Omicron ဟုတ်-မဟုတ် ကျန်း မာရေးက တို့ဖတ်နမူနာများ ရန်ကုန်ပို့ဖို့ ပြည်နယ်အစိုးရက ညွှန်ကြားခဲ့ပါတယ်။ ရခိုင်ပြည် နယ်ကပို့တဲ့ တို့ဖတ် နမူနာ ကိုးခု၊ လူကိုးဦးမှာ Omicron Positive ဖြစ်တယ်လို့ သိရပါတယ်” ဟု ပြည်နယ်အစိုးရက ဖေဖော်ဝါရီ ၁၈ ရက် မွန်းလွဲပိုင်းက နောက်ဆုံး သတင်းထုတ်ပြန်ခဲ့ သည်။
ကိုဗစ်နှင့်နယ်စပ်ကုန်သွယ်ရေး
ရခိုင်သို့ ကိုဗစ်ကူးစက်လာသည့် လမ်းကြောင်းများတွင် ဘင်္ဂလားဒေ့ရှ် နယ်စပ်ကုန် သွယ်ရေးလမ်းကြောင်းလည်း တစ်ခုအပါအ ဝင်ဖြစ်သည်။ ကိုဗစ် ပထမလှိုင်း၊ ဒုတိယလှိုင်း၊ တတိယလှိုင်းအားလုံးတွင် ဘင်္ဂလားဒေ့ရှ်မှ ဝင်ရောက်လာသူများထံမှပင် ကိုဗစ်စတွေ့ခဲ့ ခြင်းဖြစ်သည်။ ကိုဗစ်တတိယလှိုင်းကြောင့် ဇူလိုင် ၁၅ ရက်မှစ၍ သုံးလကြာပိတ်ထားခဲ့ သည့် မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်ကုန်သွယ် ရေးကို ၂၀၂၁ ခု အောက်တိုဘာလ ဒုတိယ အပတ်အတွင်း ပြန်လည်ခွင့်ပြုခဲ့သည်။ စစ် တွေ နယ်စပ်ကုန်သွယ်ရေးစခန်းမှ အောက်တိုဘာ ၁၆ ရက်မှစတင်ကာ ကုန်သွယ်မှုဆောင် ရွက်ခဲ့ပြီး မောင်တောနယ်စပ်ကုန်သွယ်ရေး စခန်းမှ အောက်တိုဘာ ၂၀ ရက်တွင်စ၍ ကုန် သွယ်မှုပြုခဲ့လည်းဖြစ်သည်။
ဘင်္ဂလားဒေ့ရှ်သို့ ကုန်ပို့သင်္ဘောများ တွင် လိုက်ပါမည့်သူ စက်လှေသမားများမှာ လည်း COVID-19 ကာကွယ်ဆေး နှစ်ကြိမ် ထိုးနှံပြီးသူများကိုသာ လိုက်ပါခွင့်ပြုခဲ့သည်။
ယင်းသို့ ကုန်တင်ပို့မှု အားကောင်းလာပြီးနောက် တစ်လခွဲခန့်အကြာ နိုဝင်ဘာ ၃၀ ရက်တွင် ဘင်္ဂလားဒေ့ရှ်မှ ကုန်တင်ပို့ပြီးပြန် လာသူ ကိုးဦးတွင် ကိုဗစ်ပိုးစတင်တွေ့ရှိခဲ့ သည်။ စစ်တွေ ရွှေမင်းဂံနယ်စပ်ကုန်သွယ် ရေးစခန်းမှတစ်ဆင့် ဘင်္ဂလားဒေ့ရှ်သို့ ကုန် တင်ပို့သွားသည့် စက်လှေများတွင် လိုက်ပါ လာသူများကို အပြန်တွင် သီးခြား ကွာရန် တင်းထားရှိပြီး ကိုဗစ်ပိုး ရှိ-မရှိ စစ်ဆေးရာမှ ကိုဗစ်ပိုးတွေ့ရှိသူများ ရှိလာခဲ့ခြင်းလည်း ဖြစ်သည်။ ဘင်္ဂလားဒေ့ရှ်မှ ပြန်လာသူများတွင် ပိုးတွေ့ရှိခဲ့သော်လည်း နယ်စပ်ကုန်သွယ်ရေး ကို မရပ်တန့်ခဲ့ဘဲ ဒေသတွင်း ကူးစက်မှုမရှိ အောင် သီးခြားထားခဲ့သည်။
ရခိုင်နှင့် နေ့စဉ်ကုန်သွယ်မှုရှိနေသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် OMICRON မျိုးကွဲဗိုင်း ရပ်စ်ပိုးရှိသူနှစ်ဦးကို ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ထဲတွင် စတင်တွေ့ရှိခဲ့သည်။
သန္ဓေပြောင်းမှု အများအပြားရှိသည့် အိုမီခရွန် မျိုးကွဲဗိုင်းရပ်စ်ကို တောင်အာဖရိက တွင် စတင်တွေ့ရှိခဲ့ပြီးနောက် ကမ္ဘာတစ်ဝန်း နိုင်ငံအသီးသီးသို့ ပျံ့နှံ့ ရောက်ရှိခဲ့သည့်အပြင် အာရှဒေသတွင်း နိုင်ငံများတွင်လည်း ကူးစက် ခံရသူများရှိခဲ့သည်။ မြန်မာနိုင်ငံတွင်လည်း အိုမီခရွန်တွေ့ရှိနေပြီဖြစ်သကဲ့သို့ ယခုအခါ ရခိုင်ပြည်နယ်သို့ ရောက်ရှိလာခဲ့ပြီဖြစ်သည်။
အိုမီခရွန် ကြိုတင်ကာကွယ်ရေး
ရခိုင်ပြည်နယ် မြို့နယ်အသီးသီးတွင် COVID-19 ရောဂါမျိုးကွဲသစ် အိုမီခရွန် ရောဂါပိုးနှင့်ကူးစက်ရောဂါများ ကြိုတင်တား ဆီးကာကွယ်ရေးဆိုင်ရာအချက်များပါရှိ သော အသိပညာပေးလက်ကမ်းစာစောင် များဖြန့်ဝေခြင်းများကို ဆောင်ရွက်လျက်ရှိ သည်။
COVID-19 ရောဂါ ဗီဇပြောင်းမျိုးကွဲ သစ်ဖြစ်သည့် အိုမီခရွန်ရောဂါပိုး ကူးစက်ပျံ့နှံ့ မှုများ မဖြစ်ပေါ်စေရေးအတွက် မိမိတို့၏မြို့ ရွာအတွင်းတွင်လည်း ကြိုတင်တားဆီးကာ ကွယ်နိုင်ရေးအတွက် သတိပြုကြရမည်ဖြစ် ကြောင်း၊ အလွန်ပင် စိုးရိမ်စရာမလိုအပ် ကြောင်း၊ သို့သော်လည်းမိဘပြည်သူများ အနေဖြင့် ကျန်းမာရေးဝန်ကြီးဌာနက ထုတ် ပြန်ထားသည့် စည်းကမ်းများကို တိတိကျကျ လိုက်နာဆောင်ရွက်ရန်လိုအပ်ကြောင်း၊ သို့မှ သာ COVID-19 ရောဂါမျိုးကွဲသစ် အိုမီခ ရွန်ရောဂါပိုးကို ကာကွယ်တားဆီနိုင်မည်ဖြစ် ကြောင်း သိရသည်။
လူစုလူဝေးများကို ရှောင်ရှားကြရန်၊ အပြင်သို့ထွက်ခွာသွားလာမည်ဆိုပါက ပါး စပ်၊ နှာခေါင်းစည်းများကို စနစ်တကျတပ်ဆင် သွားလာကြရန်၊ လက်ကိုဆပ်ပြာဖြင့် မကြာ ခဏ ဆေးကြောရန်၊ တစ်ဦးနှင့်တစ်ဦး ခပ်ခွာ ခွာနေထိုင်ကြရန်နှင့် တစ်ဦးကိုတစ်ဦး သတိ ပေးခြင်း၊ အသိပေးခြင်းများ ဆောင်ရွက်ရန် လည်း လိုအပ်သည်။
ရခိုင်ပြည်နယ် မြို့နယ်များတွင် အသက် ၁၈ နှစ်နှင့်အထက် ပြည်သူများကို Covishield, Sinopharm, Sputnik V နှင့် Sinovac COVID-19 ရောဂါကာကွယ်ဆေးများကို ဆက်လက်ထိုးနှံပေးလျက်ရှိပြီး သက်ဆိုင်ရာ ဦးစားပေးအစီအစဉ်အလိုက် ဦးတည်အုပ်စု များဖြစ်သည့် နိုင်ငံ့ဝန်ထမ်း မိသားစုဝင်များ နှင့် ပြည်သူများအား Booster ထပ်ဆောင်း Covaxin COVID-19 ရောဂါ ကာကွယ် ဆေးကို စတင်ထိုးနှံပေးနေကြောင်းလည်း သိ ရသည်။
“ရခိုင်ပြည်နယ်အစိုးရကတော့ ဒီနေ့က စပြီး ကိုဗစ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ ပြန်ရေး အရှိန်အဟုန်မြှင့်တင်ပါပြီ။ လူစုလူ ဝေးမလုပ်ကြပါနဲ့။ Mask တပ်ပြီးမှ အပြင် ထွက်ပါ။ Check Point တွေမှာ နှာခေါင်းထိုး စစ်တာတွေလုပ်ဖို့ ဆွေးနွေးနေပါပြီ”ဟု ရခိုင် ပြည်နယ်အစိုးရက ဖေဖော်ဝါရီ ၁၈ ရက် မွန်းလွဲပိုင်းက သတင်းထုတ်ပြန်ခဲ့သည်။
ရခိုင်ပြည်နယ်တွင် ကိုဗစ်ပိုးတွေ့ရှိ၍ စစ်တွေမြို့တွင် ၁၄၄ ဦး၊ မြေပုံမြို့တွင် တစ်ဦး၊ ကျောက်ဖြူမြို့တွင် ငါးဦး၊ အမ်းမြို့တွင် လေး ဦး၊ တောင်ကုတ်မြို့တွင် လေးဦးနှင့် သံတွဲမြို့ တွင် ၁၈ ဦး စုစုပေါင်း ၁၇၆ ဦးအထိ ဆေးရုံ အသီးသီးတွင် ကုသမှုခံယူနေရသည်ဟု ရခိုင် ပြည်နယ် COVID-19 ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီက ဖေဖော် ၀ါရီ ၁၇ ရက်ထုတ်ပြန်ချက်တွင် တွေ့ရှိရ သည်။
ရခိုင်တွင် ဖေဖော်ဝါရီ ၁၇ ရက်အထိ ကိုဗစ်ကူးစက်ခံရသူ ၅၄၃၆ ဦးရှိပြီး သေဆုံးသူ ၅၀၁ ဦးရှိခဲ့သည်ဟု ရခိုင်ပြည်နယ် COVID-19 ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီက ထုတ်ပြန်ထားသည်။
လက်ရှိတွင် ရခိုင်ပြည်နယ်သို့ အိုမီခရွန် ရောက်ရှိနေပြီဖြစ်ရာ ကိုဗစ်ရောဂါတွေ့ရှိသူ တစ်နေ့ထက် တစ်နေ့ ရက်ဆက်တိုးလာဖွယ် ရှိနေသည်။ ကိုဗစ်ကြောင့် သေဆုံးသူ မရှိ သေးသော်လည်း ကိုဗစ်ကူးစက်ဖြစ်ပွားနှုန်း များပြားလာသည်နှင့်အမျှ ကန့်သတ်ချက်များ
ထွက်လာဖွယ်ရှိနေရာ စာသင်ကျောင်းများ ပြန်ပိတ်သွားမည်လား။ ကလေးများ စာမေးပွဲ မဖြေဆိုရတော့မည်လားဆိုသည်ကို စိုးရိမ် မကင်း ဖြစ်လာကြသည်။










