မကွေးတိုင်းဒေသကြီးအတွင်းရှေး ဟောင်းသမိုင်းဝင်စေတီပုထိုး၊ ဘုန်းတော်ကြီးကျောင်းနှင့် ခံတပ်များတည်ရှိသည့်ဒေသများ အများအပြား တည်ရှိသည်။ ကမ္ဘာ့အမွေအနှစ် စာရင်းဝင်ထားသည့် တောင်တွင်းကြီးမြို့ နယ်မှ ဗိဿနိုးပျူယဉ်ကျေးမှုနယ်မြေမှအစ သမိုင်းဝင်ခံတပ်များဖြစ်သော မင်းလှခံတပ်နှင့် ကွေ့ချောင်းခံတပ်များအလယ် စလေ၊ စလင်း၊ ပခန်းကြီးနှင့် စကုမြို့တို့မှ ရှေးဟောင်း စေတီပုထိုးနှင့် ရုပ်စုံဘုန်းတော်ကြီးကျောင်း များအဆုံး မြန်မာလူမျိုးတို့၏ ယဉ်ကျေးမှုအမွေအနှစ် ဗိသုကာလက်ရာ၊ ပန်းချီပန်းပု စာ ပေလက်ရာများ ထင်ကျန်နေသည့် နေရာများ စွာ တည်ရှိကြသည်။
အဆိုပါဒေသများအနက် မင်းဘူးမြို့၏အနောက်ဘက် ၁၀ မိုင်ခန့်အကွာရှိ စကုမြို့ တွင် ရှေးဟောင်းရုပ်စုံကျောင်းအပါအဝင် ရှေးဟောင်းစေတီပုထိုးများနှင့် သာသနိကအဆောက်အအုံ အများအပြားတည်ရှိကြသည်။ ထိုစေတီပုထ်ုိးများအနက် နံရံဆေးရေး မင်စာ များ၊ နံရံပန်းချီများရှိသည့် စကုမြို၊့ကျွဲတဲကျေး ရွာ၊ ရွှေတောင်ဦးဘုရားသည်လည်း သမိုင်း အမွေအနှစ်တန်ဖိုး ကြီးမားလှသည်။
အဆိုပါဘုရားတွင် တည်ရှိသည့် သမိုင်း အမွေအနှစ်များကို စကုမြို့မှ သမိုင်းသုတေ သီတစ်ဦးဖြစ်သည့် ဦးဇော်မျိုးဦးက အစဉ်တစိုက် လေ့လာလျက်ရှိသည်။

ရွှေတောင်ဦးဘုရား လိုဏ်ဂူအတွင်းရှိ သမိုင်းအမွေအနှစ်များနှင့်ပတ်သက်၍ ဦးဇော်မျိုးဦးအား မေးမြန်းရာ အဆိုပါဘုရား လိုဏ်ဂူနံရံပေါ်မှ မင်စာအရ ဘုရားကို မြန်မာ နှစ် ၁၁၇၇ ခုက တည်ခဲ့သည်ဟု သိရသည်။ ကျွဲတဲရွာအဝင်တွင်တည်ရှိသော ရွှေတောင် ဦးစေတီပေါက်ဂူဘုရား၊ လိုဏ်ဝင်ပေါက် ညာ ဘက်ခြမ်းတွင် နံရံပန်းချီများနှင့်အတူ နံရံ ဆေးရေးမင်စာ ဝတ္ထုတိုတစ်ပုဒ်ကို လွန်ခဲ့သော နှစ်ပေါင်း ၂၀၀ ကျော်က မူလလက်ရေး အတိုင်းတွေ့ရကြောင်း၊ ထိုစာများကို မြန်မာ စာလေ့လာသူများ၊ စာပေဝါသနာရှင် သမိုင်း ၀ါသနာရှင်များ ပညာရှင်များ လာရောက်လေ့ လာမှုများ ရှိခဲ့ကြောင်း သိရသည်။
မင်စာပါအကြောင်းအရာကတော့ ခန္ဓာ ပူရဝတ္ထု ဖြစ်ပါတယ်။ ဒီဇာတ်ဝတ္ထုဟာ အင်းဝ ခေတ်က စတင်ပေါ်ပေါက်ခဲ့ဟန်ရှိတယ်လို့လည်း ဆိုကြပါတယ်။ ဘုရားရှင်ဟောကြားတဲ့ ပိဋကတ်တော်လာ ဇာတ်ဝတ္ထု မဟုတ်ဘဲ ရုပ် တရား နာမ်တရားတို့၏ ဇာတိ၊ ဇရာ၊ ဗျာဓိ၊ မရဏ သဘောတို့ကို ထင်မြင်လွယ်အောင် ဝတ္ထုသဘောဆောင်၍ ရေးသားခဲ့ပါတယ်။အစပထမမှာတော့ တိုတိုရှင်းရှင်း လိုရင်းကိုပဲ ရေးသားကြတယ်လို့ မှတ်သားရပါတယ်”ဟု ဦးဇော်မျိုးဦးက ရှင်းလင်းပြောပြသည်။
သူက ဆက်လက်၍ “ရွှေတောင်ဦးစေတီ ပေါက်ဂူဘုရား မင်စာမှာတော့ ဇာတိ၊ ဇရာ၊ ဗျာဓိ၊ မရဏ သဘောတို့ကို ထင်မြင်လွယ်အောင် ရေးသားထားတာထက် အဓမ္မကိုပြုကျင့်သူနဲ့ ဓမ္မကိုပြုကျင့်သူတို့ခံစားရမယ့် အရာကိုဖော် ပြထားတာကို ဖတ်ရသမျှ စာကြောင်းတွေအရ သိရပါတယ်”ဟု ပြောပြသည်။
အဆိုပါမင်စာတွင် စာကြောင်း ၁၅ ကြောင်းရှိပြီး အချို့စာသားများကို ဖတ်၍မရတော့ကြောင်း၊ ဖတ်၍ရသည့် စာသားများအရ မင်စာနှစ်ပုဒ်ရှိပြီး တစ်ပုဒ်က ဘုရားဘွဲ့တော် နှင့် ခန္ဓာပူရဝတ္ထုကို ဖော်ပြထားကြောင်း၊ အခြားတစ်ပုဒ်က အလှူရှင်မှတ်တမ်းနှင့် ဆု တောင်းစာကို ဖော်ပြထားကြောင်း သိရသည်။
“မှတ်တမ်းမင်စာမှာတော့ ဘုရားအလှူ ရှင်သားအမိအမည်၊ ဘုရားတည်ခုနှစ်၊ လ၊ ကြာမြင့်ချိန်၊ နံရံပန်းချီဆရာ အမည်၊ ပန်းရန် အတွက်ကုန်ကျစရိတ်၊ ပန်းချီအတွက်ကုန်ကျ စရိတ်၊ ပန်းရန်အတွက် ကုန်ကျစရိတ်တွေကို ဖော်ပြပါရှိတာကြောင့် ဒေသသမိုင်းမှတ်တမ်းအတွက် အရေးပါလှတဲ့ မင်စာတစ်ခုဖြစ်ပါ တယ်။ ဒီမင်စာတွေကို ရနိုင်သမျှဖတ်ဖို့ ကျွန် တော် ဆယ်စုနှစ်တစ်ခု ကျော်ကြာအောင် မစွမ်း နိုင်ခဲ့ပါဘူး။ မှုန်မှုန်ဝါးဝါးနဲ့ အပျက်အစီးက လည်းများလှပါတယ်။ ခုလိုဖတ်လို့ရတာဟာ အစ်ကိုသန်းဇော်ရဲ့ကျေးဇူးပါ။ အစ်ကိုလာမှပဲ
သူ့ဆီက ဓာတ်ပုံတောင်းယူပြီးမှ ခုလိုဖတ်ရခဲ့ တာပါ”ဟု ဦးဇော်မျိုးဦးက ပြောပြသည်။
၎င်းက ဆက်လက်၍ “လက်ရှိမှာတော့ ဒီနံရံပန်းချီနဲ့ မင်စာတွေဟာ တော်တော်လေး ပျက်စီးနေပြီးတော့ အချိန်မီမထိန်းသိမ်းနိုင် ရင် ကျွန်တော်ကူးရေးထားတဲ့မှတ်တမ်းတွေဟာ ပထမဆုံးနဲ့ နောက်ဆုံး ဖြစ်သွားတော့မှာ ပါ။ ဖတ်ရသမျှ အမှားအယွင်းပါခဲ့လျှင် ကျွန် တော့်ရဲ့ ညံ့ဖျင်းမှုသာဖြစ်ပါတယ်”ဟု ပြောပြ သည်။
ဦးဇော်မျိုးဦး ဖတ်ရှု၍ရသည့် မင်စာပါ စာသားများမှာ အောက်ပါအတိုင်း ဖြစ်ကြ သည်။
စာကြောင်းတစ်ကြောင်းစီအလိုက် စီရသော် -
၁။ ဘုရားရှင်နံတော်တကာဇိတ်ကာ။ ရွှေ တောင်ဦး။ ။ - နတ်ပြဉ်ခြောံထ - ၊ ဗြ - နှစ်ဆယ်။ - - လသွယ်ကိုအစို
၂။ ရသော။ ချစ်ရှင်သုံလု။ သဗ္ဗညုဟု။ အတု မဲညာ၊ အထွတ်ထားသဉ်။ဘုရားရှင်မှ၊ သေရ မဉ်သာ။ အနိစ္စဓမ္မတာမလွှဲသာ။ ကူသိုကျိန်ပ
၃။ လျက်။ တကျိတ်တယော်သော။ သူရဲတို နှင်။ ကာယာမရဏ။ သေမင်ကြီသည် - - ၍။ ခန္ဓာပူရမြိုကို။ တိုက်ဖျက်စိ - - - ငှာ။ ချိသွာ လေ
၄။ ၏ ချိသွား၍တခွံဖြူကိုဖွေဖွေမြင်လျှင်။ ခန္ဓာပူရမြိုကို။ တိုက် - - - ၏ တိုက်သော်လဉ်။ အထက်ရာဇာ - - အ - - - - -
၅။ သောကြောင်။ သူရဲသူခက်တို။ အချင်ချင် တိုက်ဖျက်၍ - န်မ -တ်ရှိ - ဉ်။ ကာယာမရဏ။ သေမင်ကြီသဉ် - ၍။ ခန္ဓါပူရမြို - -
၆။ -က်လေ၏ မီထင်တိုက်၍ ထိုမြို့၌နေ သော။ အကုသလာတဉ်ဟူသော မသူတော် လဉ်တယော။ ကုသလာတဉ်ဟူသော -
၇။ တော်လဉ်တယော်။ နှစ်ယောံသော- - - ကို။ သစ္စ - - - စစ်လေ၏။ အကုသလာတဉ် ဟူသောမ - - - - - -
၈။ ခန္ဓါပူရမြို၌နေသောခါ။ အဘယ်အကျင် - - - - - - - မေ၏ အရှင် ကျွန်တိုသည်။ ခန္ဓါ ပူရမြို - - - - - - - -
၉။ သတ်ခြင်။ အစရှိသော။ မကောင်မူကို ပြုမိ ခြေ၏ သင်တိုသည် အဓမ္မမတရာ - - - ပြု ကျင်၍။ ဓမ္မတရာကိုမေ့လျောသည်။ ဖြစ်ေ
၁၀။ သာကြောင်။ အောံအရတ်မြေထဲငရဲသို။ သက်စေ၍။ ယမ - ။ ယ - ။ ယမက။ တိုထံ အဆုံအဖြတ်ကို။ ခံရစေမဉ်ဆို၍အပ်လေ၏-
၁၁။ နောံ။ ကုသလာတဉ်ဟူသောသူတော်ကောင်ကိုခေါ်၍။ - စိစစ်ပြ၏သင်တိုသည်။ ခန္ဓါပူရမြို့၌ နေသောခါ။ ဘယ်အကျင်ကို ကျင်-
၁၂။ ကျကုံသနဉ်။ ဟု - - ရှိသော်။ အကျွ - - သဉ်။ ဓမ္မတရားနှင်လျော်ညီစွာ။ - - - - - - - ၍နေပါသဉ်ဟုလျော -
၁၃။ ပေ၏ သင်တိုသဉ်။ တရာကိုနှံလုံသွင် သူဖြစ်သောကြောင်။ ခန္ဓါပူရမြိုကို - - - - - - - - - - သိုတက်လို ရှိ
၁၄။ လျှင်လှ်တက်ကျကုံ။ ဤသိုမိမိတို။ အ - - - ။ ကျမ္မါ - သဉ် - မ - - - - - - ။ ဆုံဖြတ် ကြောင်ကို။ - ရ - ရာ - - မဉ်သော။ ကျမ်၌ ထုတ်ဖော်၍ပျ - - - - - သဒိရှိသူ - ကျင်၍။
နိရာဓါအဆုံမှာ ပုန်မိသဉ် ကျန် ၁၅။ ဂန်ကိုအတံတံဖွေရှာမှသိသာ - - - - - ဟု ဖြစ်သည်။

အဆိုပါ မင်စာများပေါ်တွင် ထုံးများသုတ်ထားခြင်း၊ ထိန်းသိမ်းစောင့်ရှောက်မှု နည်းပါးခြင်းတို့ကြောင့် စာကြောင်းများကို အပြည့်အဝဖတ်ရှု၍ မရတော့ကြောင်းလည်း ဦးဇော်မျိုးဦးက နှမြောတသစိတ်ဖြင့် ပြောပြသည်။
ရွှေတောင်ဦး ဘုရားလိုဏ်ဂူအတွင်း အဆိုပါမင်စာများနှင့်အတူတွေ့ရသည့် လက်ရာမြောက်နံရံဆေးရေးပန်းချီများကလည်း စိတ်ဝင်စားဖွယ်ကောင်းသည့်အားလျော်စွာ မင်စာပါ အကြောင်းအရာဖြစ်သည့် ဓမ္မ-အဓမ္မ အကြောင်းအရာများကလည်း ပို၍ စိတ်ဝင်စားဖွယ် ကောင်းနေသည်။
ထိုအကြောင်းအရာများက စိတ်ဝင်စားဖွယ်ကောင်း လှသည်ထက် လေ့လာဖော်ထုတ်မှု မပြုနိုင်သေးသည့် ရှေးဟောင်းအမွေများ မည်မျှကျန်ရှိနေပြီး တွေ့ရှိထားသမျှ သမိုင်းယဉ်ကျေးမှု အမွေအနှစ်များ မည်သို့ပျက်စီးယိုယွင်းနေ လျက်ရှိသည်ကလည်း စိတ်ဝင်စားဖွယ် အကောင်းဆုံး ဖြစ်နေပါသည်။










