မေး ■ မြန်မာပြည်မြေစျေး ကျနိုင် သလား။ နောင်အနာဂတ်မှာ မြန်မာ ပြည်မြေစျေးကွက်နဲ့ ပတ်သက်ပြီး ဖြစ်လာနိုင်ခြေရှိတဲ့ အလားအလာ၊ စိန်ခေါ်မှု အဟန့် အတားတွေ ဘယ်လိုရှိသလဲ။
ဖြေ ■ မြန်မာပြည်မြေစျေး မကျ နိုင်ပါ။ အချက်သုံးချက်နဲ့ ရှင်းပြပါမယ်။ ပထမအချက်က မြန်မာတွေ စီးပွားရေး မလုပ်တတ်ကြဘူး။ ဒုတိယအချက်က စျေးကွက်မှာ ငွေမည်းတွေ အဆမတန် များနေတယ်။ တတိယအချက်က ဥပဒေနည်းဥပဒေနဲ့ဆိုင်တဲ့ အင်စတီကျူးရှင်း အပိုင်းအားနည်းတယ်။ ဒီသုံးချက် ကြောင့် မြန်မာပြည်ရဲ့အိမ်ခြံမြေ တိုက်တာ အဆောက်အအုံ စျေးကွက်ဟာ လာမယ့်ဆယ်စုနှစ်နှစ်ခု မကစျေးကျနိုင်စရာအကြောင်း မရှိဘူး။
မေး ■ ရှင်းရှင်းလင်းလင်းပဲ မြင်ပါ တယ်။ ဆိုတော့ ပထမအချက်က ဘယ်လုုိကြောင့် ပြောနိုင်တာလဲ။
ဖြေ ■ ပထမအချက်က မြန်မာတွေ စီးပွားရေး မလုပ်တတ်ကြပါဘူး။ စီးပွားရေးလုပ်ဖုုိ့ အခွင့်အလမ်းပေါင်း များစွာရှိပေမဲ့စီးပွားရေးဉာဉ်မရှိတာ (ဥပမာပေ့ါ တရုုတ်လူမျိုးတွေလို စီးပွားရေး၊ အရောင်းအဝယ်စတဲ့ အမူ အကျင့်အခံမရှိတာ) စီးပွားရေး လုပ်ကြဖို့ မက်လုံးဖန်တီးပေးနိုင်ခြင်း မရှိတာ၊ စီးပွားရေးယဉ်ကျေးမှု မရှိ တာ အဲဒါအားလုံးစုပြီးတော့ ပေါင်းစုံဖြစ်ပေါ်နေပါတယ်။ တစ်ခုက စီးပွားရေးလုပ်လေ့လုပ်ထမရှိတဲ့ အမူအကျင့်၊ ယဉ်ကျေးမှု အစဉ်အလာ မျိုးအားနည်းတာကတစ်ပိုင်း။စီးပွားရေးလုပ်ခွင့်နဲ့ ပတ်သက်ပြီး ပတ်ဝန်းကျင်ကောင်း မရှိတစ်ပိုင်းရှိ လာတယ်။ ဒီနှစ်ခုဟာမြန်မာတွေ စီးပွားရေးမလုပ်တတ်ဘူးလို့ သုံးသပ်ခြင်းဖြစ်တယ်။ ပိုက်ဆံတဲ့သူ ဟာလည်း တခြားစီးပွားရေး မလုပ်ကြဘူး၊ မြေစီးပွားရေးပဲလုပ်ကြတယ်။ စီးပွားရေးလုပ်လို့ဖြစ်ဖြစ်၊ တခြားငွေရပေါက်ရလမ်းတစ်ခုခု ဖြစ်ပေါ်တာပဲ ငွေပုုိငွေလျှံရှိရင်မြေပဲ ဝယ်စုကြတာများပါတယ်။ ငွေပုုိငွေ လျှံရှိသူတွေကလည်း မြေပဲဝယ် လှောင်ထားဖို့နားလည်တာ။ မြေစျေး စီးပွားရေးလုပ်သူတွေဟာ လည်းအာဏာနှင့်ဆက်နွှယ်သူတွေ၊ ဗျုရိုကရက်တွေ၊ ပေါ်လစီထုတ်နိုင် တဲ့သူတွေ၊ လုပ်ပုုိင်ခွင့်ရှိသူတွေနဲ့ နီးနီးစပ်စပ်ရှိသူတွေဖြစ်တယ်။ လုပ်ပိုင်ခွင့်ရှိသူတွေကိုယ်တိုင်ကလည်း မြေစျေးကွက်ထဲ ဝင်ကစားတဲ့သူ တွေ ဖြစ်နေတတ်တယ်။တစ်နည်း မြေလှောင်သူတွေလည်း ဖြစ်နေ တတ်တယ်။ များသောအားဖြင့် မြန်မာနိုင်ငံသား တော်တော်များ များဟာ ပိုက်ဆံလာရင် သူဝယ်စုတဲ့ ပစ္စည်းသုံးမျိုးပဲရှိတယ်။မြေဝယ်မယ်၊ ကားဝယ်မယ်၊ ရွှေဝယ်မယ်။ဒီသုံးမျိုးပဲ လုပ်စရာရှိတာ။ တခြားစီးပွားရေး လုပ်ငန်းထဲရှယ်ယာထည့်မယ်၊ အစုရှယ်ယာဝယ်မယ်၊ အစိုးရငွေချေး စာချုပ်၊ ငွေချေးလက်မှတ်ဝယ်မယ် ဆိုတဲ့သူက ရာခိုင်နှုန်းအရမ်းနည်းတယ်။ ဒါကြောင့်ငွေဟာ Non-Productivity Sector ထဲပဲစီးဆင်းတာ။
နောက်တစ်ခုက စီးပွားရေးလုပ်ချင် ကိုင်ချင်စိတ်ရှိအောင် ပတ်ဝန်းကျင်က ပေးထားတဲ့မက်လုံးမရှိဘူး။ ဗျူရိုကရေစီစနစ်ကလည်း Welcome မရှိဘူး။ တစ်နည်း အုပ်ချုပ်ရေးဘက်က ကြိုဆိုမှုမရှိတဲ့ အလေ့အထ ပါ။ နောက်ပိုဆိုးတာက ဗျုရိုကရေစီစနစ် ကိုယ်တိုင်စီးပွားရေး လုပ်ချင်စိတ်ကို ရုုိက်ချိုးထားတာမျိုး။ စီးပွားရေး ပတ်ဝန်းကျင်ဆိုတာ အုပ်ချုပ်ရေးဘက်က ချည်နှောင်ထားတဲ့ စနစ်တွေ၊ ဥပဒေနည်းဥပဒေဆိုင်ရာ၊ လုပ်ထုံးလုပ်နည်းဆိုင်ရာ နှောင်ကြိုး၊ ကြိုးနီစနစ်တွေ၊ အရင်းအနှီးရှားပါးမှု၊ ငှားရမ်းခပြဿနာတွေ၊ လိုင် စင်၊ ခွင့်ပြုချက်ဆိုင်ရာ အကျပ်အတည်းတွေစတဲ့ ပတ်ဝန်းကျင် အခွင့်သာမှု နည်းတာမျိုးကို ဆိုလိုခြင်း ဖြစ် တယ်။ ဗျုရိုကရေစီ၊ ကြိုးနီစနစ်စတဲ့ နှောင်ကြိုးတွေက ပိတ်ဆို့ထားတယ်။ စီးပွားရေးမလုပ်တတ်ကြခြင်း နဲ့ ဗျုရိုကရေစီနှောင်ကြိုးပေ့ါ။
မေး ■ ပထမအချက်မှာဆိုလိုတာက မြန်မာတွေ စီးပွားရေးမလုပ်တတ်ကြဘူး။ ဒါကြောင့်ပိုက်ဆံရှိရင် မြေ ဝယ်လှောင်တာပဲ တတ်တယ်။ ပိုက်ဆံမရှိရှိရင်လည်း မြေရောင်းတာပဲတတ်တယ်ဆိုတာကတော့ ဟုတ်ပါပြီ။ ဒုတိယအချက်ငွေမည်းတွေကြောင့် ဆိုတာကရော။
ဖြေ ■ ဒုတိယအချက်ကစျေးကွက်မှာ ငွေမည်းတွေ အဆမတန်များလွန်းနေတယ်။ ငွေမည်းက သုံးမျိုးလာ တယ်။ ပထမငွေမည်းကတော့ အကျင့်ပျက်ခြစားမှု၊ အဂတိ၊ လာဘ်လာဘတွေကြောင့်ရထားတဲ့ ပမာဏများတဲ့ ငွေလုံးငွေရင်းနဲ့ ဒုတိယ နိုင်ငံတကာက စီးဆင်းလာတဲ့ ငွေမည်းတွေ၊ ဥပမာတရုတ်နိုင်ငံ၊ ထိုင်း နိုင်ငံ၊ ကိုရီးယားနိုင်ငံ စသည်ဖြင့်)ကလာတဲ့ နိုင်ငံခြားငွေမည်းတွေ။ တတိယငွေမည်းကတော့ ကျောက်မျက်ရတနာ၊ သတ္တုသယံဇာတနဲ့ မူးယစ်ဆေးဝါးဘက်ကလာတဲ့ငွေမည်းတွေ။ ဒီငွေမည်းတွေဖြစ်ပါတယ်။ ဒီငွေ မည်းတွေအားလုံးဟာ စီးပွားရေးရဲ့ထုတ်လုပ်မှုဆက်တာဘက်ကို မသွားကြဘူး။ တိုက်တာအိုး အိမ်ခြံမြေဘက်ကို တစ်ဖက်သတ် စီးဆင်းနေတာပါ။ ငွေမည်းတွေဟာ ထုတ်လုပ်မှုဘက်ကို မစီးဘူးဆိုတဲ့ သဘောပေ့ါ။ အကျင့်ပျက်ခြစားမှု ကြောင့်ရတဲ့ ငွေဟာ အစိုးရဘတ် ဂျက်ကနေ နှစ်စဉ်ယိုဖိတ်လာတဲ့ ငွေနှင့် စီးပွားရေးလုပ်ကိုင်ခွင့်ရဖို့၊ ပါမစ်၊လိုင်စင်စတာတွေရရှိဖို့ပေးလိုက်ရတဲ့ လာဘ်ငွေတွေဖြစ်တယ်။ အစိုးရဘတ်ဂျက်ယိုဖိတ်လာတဲ့ငွေဟာ ဗျုရိုကရက်တွေဆီကို ရောက်တယ်။ ဗျုရိုကရက်တွေဟာရလာတဲ့ လာဘ်ငွေကို စျေးကွက်ထဲ အရင်းအနှီးမလုပ်ဘူး။ ခိုင်မာတဲ့အိမ်ခြံမြေ တိုက်တာပဲ ဝယ်တယ်။အိမ်ခြံမြေ တွေဝယ်ပြီး ရင်းနှီးမြုပ်နှံပုံဖျက်ထားခြင်းက အကျိုးအမြတ်ပိုရတယ်။ ပိုင်ဆိုင်မှုနဲ့ ပတ်သက်ပြီး Law Profile လည်း ဖြစ်တယ်။ ခိုင်မာတယ်။ ဒီလို အဂတိကရတဲ့ ငွေနဲ့ပဲ ခြံတွေ မြေတွေ ဝယ်ထားကြတာ တစ်နိုင်ငံလုံးအနှံ့။ တစ်နိုင်ငံလုံးမှာရှိတဲ့ ဗျုရိုကရက်တွေအားလုံး ဒီအတိုင်းပါပဲ။ အဲဒီလိုပဲ စီးပွားရေးပါမစ်၊ လုပ်ပိုင်ခွင့်စတာတွေရဖို့ လာဘ်ထားတဲ့ငွေတွေ အားလုံးဟာလည်း အိမ်ခြံမြေလောကထဲကိုပဲ စီးဆင်းကြတယ်။ ဆိုပါစို့။ တန်ဖိုး နည်းအိမ်ရာစီမံကိန်း၊ ဆောက်လုပ်ရေးအိမ်ရာစီမံကိန်း၊ အိုးအိမ်စီမံကိန်း၊ ကွန်ဒိုစီမံကိန်းစတဲ့အခန်းတွေ လိုက်စစ်ဆေးရန် အဲဒီအဂတိနဲ့ ရထားတဲ့ ပိုက်ဆံဝယ်ထားတဲ့ အခန်းတွေ အများကြီး စစ်လိုက်ရင် တွေမှာ ပဲ။ ဒါကြောင့် ဗျူရိုကရက်တွေ လက်ထဲမြေတွေ အဆမတန်လက် ရောက် ရှိနေကြတာ။ မြေရဲ့ပိုင်ဆုုိင်မှုစနစ် Land Registralism ကွန်ပျူတာစနစ်မရှိတော့မသိနိုင်ဘူးပေါ့။ တရုုတ်ငွေမည်းတွေနဲ့ ပတ်သက်ပြီး အိမ်ခြံမြေစျေးကွက် အဆမတန် မြင့်တက်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ ဆယ်စုနှစ်နီးနီးက တရုတ်ငွေမည်းတွေ မြန်မာဘက်ကို စီးဆင်းတဲ့နေရာမှာ စီမံကိန်းအကြောင်းပြချက်တွေ၊ မြို့ပြတိုးချဲ့မှုစနစ်တွေ၊ စက်မှုဇုန်မြေ စတဲ့ နေရာတွေမှာ တရုတ်ငွေမည်းတွေ စီးဆင်းခဲ့တာပါ။ ဘဏ်တွေ အိမ်ခြံမြေလောကထဲကို အပေါင် ပစ္စည်းအဖြစ်လက်ခံပြီး ဝင်လာတဲ့အခါ ပိုဆိုးသွားတာပေ့ါ။ မြန်မာတစ်နိုင်ငံလုံး တရုတ်ငွေမည်းတွေနဲ့ ဝယ်ထားတဲ့ မြေတွေအများကြီးရှိလောက်ပါတယ်။ မြန်မာလူမျိုး အမည်ခံပြီး။ မန္တလေးမြို့ဆို ပိုသိသာပါတယ်။ နောက်တစ်ခုက မူးယစ်ဆေးဝါးငွေမည်းတွေ၊ ဒီငွေမည်း တွေဟာလည်း အိမ်ရာစီမံကိန်းတွေ၊ ကွန်ဒိုစီမံကိန်းတွေဘက်ကို စီးဆင်း ခဲ့ကြတာပါ။ ရန်ကုန်လို မြို့ကြီးမှာ ပေါ်လာတဲ့ ကွန်ဒိုတွေ၊ အိမ်ရာစီမံ ကိန်းတွေရဲ့ဘဏ္ဍာရေးဇာစ်မြစ်ကို နှိုက်နှိုက်ချွတ်ချွတ်စုံစမ်းရင် တွေ့နိုင်မယ်။ ငွေမည်းတွေနဲ့အိမ်ရာစီမံကိန်း တွေအကောင်အထည် ဖော်တယ်။ ငွေမည်းတွေနဲ့ပဲ အခန်းတွေဝယ်တယ်။ ဒီလိုနဲ့အိမ်ခြံမြေစျေးနှုန်းဟာ ဟောင်ကောင်၊ တိုကျို၊ နယူးယောက် အိမ်ခြံမြေစျေး နီးနီးမြင့်မားနေတာပါ။ မြန်မာပြည်ထဲ ငွေမည်းတွေ အဆမတန်စီးဆင်းနေတာကို ပရစ် ငွေမည်းခဝါချမှု အဖွဲ့ပြီးခဲ့တဲ့ နှစ်က Green List စာရင်းသွင်းတဲ့အထိ တောင်ဖြစ်ပေါ်ခဲ့ဖူးသေးတယ်လုုိ့ ဖတ်လိုက်ရသေးတယ်။ ဒါကြောင့် မြန်မာကျပ် မတည်ငြိမ်တာမျိုး၊ ငွေ ကြေးကောလာဟလ ဖြစ်တာမျိုးဖြစ်လာပြီဆုုိရင် လူတွေကအိမ်ခြံမြေ ထဲကို ငွေအရည်ဖျော်ကြတာဖြစ်တယ်။ ဒီငွေမည်းတွေဟာ စီးပွားရေး လုပ်ငန်းတွေ၊ ထုတ်လုပ်မှုလုပ်ငန်းတွေ၊ စက်မှုလုပ်ငန်းတွေဘက်က
မစီးဆင်းကြဘူး။တိုက်တာအိုးအိမ်၊ အိမ်ယာခြံမြေဘက်ကိုပဲ စီးဆင်းကြတာ။ ဘာကြောင့်လဲဆိုတော့ ငွေ မည်းတွေအလွယ်တကူ မစီးဆင်းနိုင်အောင် ဥပဒေ၊ အင်စတီကျူးရှင်း အပိုင်းက မထိန်းကျောင်းနိုင်လို့၊ မဟန့်တားနိုင်လို့ဖြစ်ပါတယ်။ ဒါကြောင့်လည်း အိမ်ရာစျေးကွက်ဟာ တက်မြဲတက်နေဦးမှာပါ။ခု ဖြစ်နေတဲ့ ဘဏ်ကိစ္စရယ်၊ ကျပ်တန်ဖိုး ကျနေတာရယ်၊ ကျပ်အပေါ်ယုံ ကြည်မှုနည်းနေတာကြောင့် အိမ်ရာ တွေအဝယ်လိုက်နေသေးတာ ခုဖြစ်နေတာ တွေ့တယ်မဟုုတ်လား။
မေး ■ ငွေမည်းတွေ အရည်ဖျော်တာကတော့ နိုင်ငံတိုင်းနီးနီးမှာ သွယ်ဝိုက်ဖြစ်နေကြသလိုပါပဲ။ ဒီ အတိုင်းဆိုရင် ငွေမည်းတွေ အိမ်ခြံ မြေထဲစီးဆင်းတာ ဘယ်လိုမှမကိုင်တွယ်ကြဘူးလား။ ငွေမည်းတွေ ကြောင့် အိမ်ခြံမြေစျေးနှုန်းခေါင်ခိုက်နေတာကတော့ အခြေခံလူတန်းစားတွေအတွက် လက်လှမ်းမီဖုုိ့ ပိုဝေးသွားတာပေ့ါ။ နိုင်ငံတကာ ရင်းနှီးမြုပ်နှံသူတွေကလည်း မြန်မာပြည်မြေစျေး အဆမတန်မြင့်တက်နေတာကို ပြောကြတယ်။ ဒီအချက် ကို ထောက်ခံရမလိုဖြစ်နေပြီ။ ဒါကို ဘာလို့ တက်လာတဲ့အစုုိးရတိုင်းက မကိုင်တွယ်နိုင်တာလဲ။ တတိယအ ချက်ကိုရော ဘယ်လိုမြင်သလဲ။
ဖြေ ■ တတိယနောက်ဆုုံးတတိယ အချက်ကတော့အိမ်ရာ တိုက်တာခြံ မြေနဲ့ ပတ်သက်ပြီးဥပဒေ၊ နည်းဥပ ဒေ၊ အခွန်စနစ်နှင့် အင်စတီကျူးရှင်း ပိုင်းဆိုင်ရာ အားနည်းတယ်။ အစိုးရကိုယ်တိုင်ကလည်း ပုဂ္ဂလိကစီးပွား ရေးလုပ်ငန်းများ ဘယ်လိုမွေးထုတ် ပေးရမယ်ဆိုတဲ့ ပေါ်လစီမျိုး ခေတ်အဆက်ဆက်မရှိခဲ့ကြဘူး။ အိုးအိမ် တိုက်တာခြံမြေနဲ့ ပတ်သက်ပြီးအထူး ကောင်းမွန်တဲ့ ဥပဒေမရှိဘူး။ ဥပမာ အိမ်ရာ တိုက်တာခြံမြေနဲ့ ပတ်သက် ပြီး အိမ်ရာ တိုက်တာခြံမြေနဲ့ ပတ်သက်ပြီး နှုန်းတိုးခွန် (Property Progressive Tax) လိုမျိုး မရှိဘူး။ အိမ်ထောင်စုတစ်စုဟာ တိုက်၊ အိမ်၊ ခြံမြေတစ်ခုက ပိုင်ဆိုင်ခွင့်ရှိတယ်။ နှစ်ခုပိုင်လာရင်အခွန် ၅၀ ရာခိုင်နှုန်း ကောက်မယ်။ သုံးခုပိုင်လာရင် ၁၀၀ ရာခိုင်နှုန်းကောက်မယ်။ ဒီလိုလူတစ်ဦး၊ မိသားစုတစ်စုဟာ အိမ်ခြံ မြေများစွာ လိုအပ်သည်ထက် ပိုပိုင် ဆိုင်ခွင့်မရှိအောင် အခွန်စနစ်နဲ့ ထိန်းတဲ့ ဥပဒေမရှိဘူး။ ကားလည်း ဒီအတိုင်းပဲ။ မြေယာတိုက်တာအိုး အိမ်ခြံမြေနဲ့ ပတ်သက်ပြီးတစ်ခုတည်းသော Computerlize System မရှိဘူး။ လူတစ်ဦးဟာ ကွန်ပျူတာထဲ ရိုက်ထည့် လိုက်အိမ်ခြံမြေများစွာ ပိုင်ဆိုင်ထားသလားဆိုတာ။ အဲဒီ ကွန်ပျူတာစနစ်က အင်တားတစ် ချက်နှိပ်လိုက်တာနဲ့ တန်းသိနိုင်တဲ့ ကွန်ပျူတာ မှတ်ပုံတင်စနစ် မရှိပါဘူး။ ပြီးတော့ မြန်မာ့မြေတွေကိုကိုင် တွယ်ခွင့်ရတဲ့ ဝန်ကြီးဌာနတွေက သိပ်များတယ်။ ဥပမာမြို့ပြမြေ၊ အုုိး အိမ်မြေ၊ စည်ပင်မြေ၊ ပလပ်မြေ စသည်ဖြင့် ခွဲခြားထားတဲ့ မြို့ပြမြေ စနစ်မရှိဘူး။ ကျေးရွာမြေ၊သစ်တော မြေ၊မွေးမြူရေးမြေ၊ လယ်မြေ၊ ယာမြေ၊ ဥယျာဉ်ခြံမြေကိုင်း ကျွန်းမြေ စသည့်ဖြင့် ကွန်ပျူတာစနစ်နဲ့ မှတ် တမ်းတင်ထားတာမျိုး မရှိဘူး။ မြေနှင့်ပတ်သက်ပြီး တစ်ချက်တည်း သိနိုင်တဲ့ ကွန်ပျူတာစနစ်မျိုးကို ဆိုလိုတာဖြစ်ပါတယ်။ ဥပမာဆိုရရင်သစ်တောမြေနဲ့ ပတ်သက်ရင် သစ်တောဝန်ကြီးဌာနမှာပဲ ရှိတယ်။ ဥယျာဉ်ခြံမြေ၊ လယ်ယာကိုင်းကျွန်း ဆိုရင်လယ်ယာဝန်ကြီးဌာနမှာ ရှိတယ်။ မွေးမြူရေးငါးကန်ဆိုရင် မွေး မြူရေးဝန်ကြီးဌာနမှာပဲ ရှိတယ်။ စက်မှုမြေဆိုရင် တခြားဝန်ကြီးဌာန စသည်ဖြင့် မြေယာနဲ့ပတ်သက်ပြီး မြေအမျိုးမျိုးကို ဝန်ကြီးဌာန အမျိုးမျိုးက ကိုင်တွယ်ခွင့်ရနေတဲ့ ရှုပ်ထွေး တဲ့စနစ်မျိုးကို အင်စတီကျူးရှင်း အားနည်းတယ်လို့ ဆိုလိုရင်း ဖြစ်တယ်။ နောက် အင်စတီကျူးရှင်းက ငွေနဲ့ ပတ်သက်ပြီး ဘယ်နေရာမှာ ခွဲဝေအသုံးချမှာလဲ။ Allocation ဆိုတဲ့ ပေါ်လစီလိုမျိုးမရှိဘူး။မြေကုုိ ဘယ်လို ကိုင်တွယ်သင့်တယ်ဆိုတဲ့ အဖွဲ့အစည်းမရှိဘူး။ အဖွဲ့အစည်း မူဘောင်မရှိဘူး။ ဥပမာငွေနဲ့ ပတ်သက်ပြီး ဘဏ္ဍာရေးစျေးကွက်က ပုံဖော်ပေးတဲ့အခြေအနေကို ဆိုလိုရင်းဖြစ်တယ်။ ဘဏ္ဍာရေး၊ အရင်းအနှီးဆိုင်ရာ အင်စတီကျူးရှင်းဆို တာ အရင်းအနှီးစျေးကွက် ငွေကြေး စျေးကွက်၊ စတော့စျေးကွက်မရှိဘူး။ ဖွံ့ဖြိုးလာအောင်လည်း အစိုးရက တစိုက်မတ်မတ်မလုပ်နိုင်ခဲ့ဘူး။ လူတစ်ဦးချင်းရဲ့ ဝင်ငွေ၊ စုဆောင်း ငွေကို လုပ်ငန်းတစ်ခု အတွက်အရင်း အနှီးပြန်လုပ်ထားတဲ့ပေါ်လစီကို ဆိုလိုရင်းဖြစ်တယ်။ ဒီအချက်သုံးချက် ကြောင့်မြန်မာပြည်မြေတွေဟာ ကျဖို့မရှိနိုင်ဘူး။ အခုုလည်းမကျဘူး။နောက်လည်းကျမှာမဟုုတ်ဘူး။
မေး ■ ဒီလိုဆို တော့ သပွတ်အူလို၊ အကျိုးစီးပွား ရှုပ်ထွေးနေတဲ့ မြေလောကကြီး ဒီအတိုင်း ထားမလား။ အနာဂတ်မှာဘယ်လိုထိန်းကျောင်းမလဲ။ မြေအလားအလာ ဘယ်လိိုရှိလာနိုင်မလဲ။
ဖြေ ■ အနာဂတ်အလားအလာ။ အနာဂတ်မှာမြေနဲ့ ပတ်သက်ပြီး လုပ်ရဲကိုင်ရဲသလား၊ လုပ်ချင်ကိုင် ချင်စိတ်ရှိလား၊ အကျိုးစီးပွားတွေ မငဲ့ညာဘဲ လုပ်ချင်သလား အဲဒါ အဖြေပဲ။ မြေစျေးကြီးနေသရွေ့ မြန်မာပြည် အင်တာပရီနာ အသစ် တွေ၊ စီးပွားရေးလုပ်ငန်းအသစ်တွေ၊ ပုဂ္ဂလိကတစ်ဦးချင်း စီးပွားရေး သမားတွေ၊ မြန်မာလူမျိုးစီးပွားရေးသမားတွေ ပေါ်ထွန်းလာစရာမရှိဘူးလို့မြင်တယ်။ မြန်မာ့စီးပွားရေး ဖွံ့ဖြိုးဖို့ အိမ်ခြံမြေစျေးကွက် နည်းလမ်းတကျဖြစ်လာဖို့ တည့်မတ်နိုင်မှပဲ ရမှာ။ နိုင်ငံခြားရင်းနှီးမြှုပ်နှံသူ တွေလည်းမလာနိုင်ဘူး။မြန်မာပြည်က သူဌေးတွေကမြေလှောင်ထားတဲ့ သူကစီးပွားရေးလုပ်ငန်းထူထောင်ဖို့ ထက်မြေငှားစားဖို့ပဲ စိတ်ဝင်စားကြတာ။ မြေတွေလှောင်ထားမယ်။ ငှားစားမယ်။ ဒ ါကိုစီးပွားရေးလို့ ထင်နေ တာ။ ဒီလိုမြေအချီကြီးကိုင်ထားတဲ့ သူတွေကလည်း လုပ်ပိုင်ခွင့်ရှိသူ တွေပြန်ဖြစ်နေတယ်။ ဒါမှမဟုတ် လုပ်ပိုင်ခွင့်ရှိသူတွေနဲ့ ဆက်စပ်နေတယ်။ လုပ်ပိုင်ခွင့်ရှိသူတွေနဲ့ အကျိုး စီးပွားဆက်စပ်နေတယ်။ အဲဒီတော့ မြန်မာပြည်စီးပွားရေးတက်ချင်ရင်၊ မြေလောကကို ထိန်းချုပ်မလား အဲဒါပဲ ပေါ်လစီအဖြေဖြစ်လိမ့်မယ်။ ဘယ်လိုရှင်းမလဲဆိုတာထက် မြေပြဿနာ ဘယ်လိုပေါ်ပေါက်နေတယ်ဆိုတာသိရင် အဖြေကရှိပြီး သားပါ။ ခုနပြောတဲ့ မြေလောက ရဲ့ဇာစ်မြစ်ကို သိရင်ဘာလုပ်ရမယ် ဆိုတာ ပေါ်လစီအဆင့်က လူတွေ အဖြေရှိပြီးသားပါ။ ခက်တာက ပေါ်လစီအဆင့် ဆုံးဖြတ်ချမှတ်နိုင် တဲ့သူတွေကိုယ်တိုင်မြေနဲ့ လုပ်စား နေတယ်ဆိုရင်တော့ ကျွန်တော် ပြောနေတာ အဟောသိကံပဲဖြစ်မှာပါ။










