MNDAA လက်နက်ကိုင်အဖွဲ့ တည်ထောင်သူ ဖုန်ကြားရှင် အသက် ၉၄ နှစ်အရွယ်တွင် ကွယ်လွန်

MNDAA လက်နက်ကိုင်အဖွဲ့ တည်ထောင်သူ ဖုန်ကြားရှင် အသက် ၉၄ နှစ်အရွယ်တွင် ကွယ်လွန်
Published 16 February 2022

MNDAA လက်နက်ကိုင်အဖွဲ့ တည်ထောင်သူ ဖုန်ကြားရှင် အသက် ၉၄ နှစ်အရွယ်တွင် ကွယ်လွန်ခဲ့ကြောင်း MNDAA လက်နက်ကိုင်အဖွဲ့နှင့် နီးစပ်သူများထံမှသိရသည်။

ဖုန်ကြားရှင်မှာ ဖေဖော်ဝါရီ ၁၆ ရက် နံနက်အစောပိုင်းတွင် လူကြီးရောဂါဖြင့်  ကွယ်လွန်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့်ပတ်သက်ပြီး လေ့လာစောင့်ကြည့်သူတစ်ဦးလည်းဖြစ်၊ ဆောင်းပါးရှင်တစ်ဦးလည်းဖြစ်သည့် ဆရာဦးမောင်မောင်စိုးကလည်း ၎င်း၏လူမှုကွန်ရက်စာမျက်နှာတွင် “၂၀၂၂ ခုနှစ် ဖေဖဝါရီ ၁၆ ရက် နံနက် ၅ နာရီ ၄၀ မိနစ်တွင် ကိုးကန့်အဖွဲ့၏ အထင်ကရခေါင်းဆောင်တစ်ဦးဖြစ်သူ ဖုန်ကြားစင်းသည် အသက် ၉၄ နှစ်အရွယ်တွင် ကွယ်လွန်သွားပြီဟု သိရ။ ကိုးကန့်စော်ဘွားခေတ် ကာကွယ်ရေးခေါင်းဆောင်မှ CPB တပ်မှူးတစ်ဦးဖြစ်ခဲ့ပြီး ၁၉၈၉ ခုနှစ်တွင် CPB အား ပထမဆုံးပုန်ကန်ခဲ့သူဖြစ်သော ဖုန်ကြားစင်းသည်  အကောင်းအဆိုးများ ဒွန်တွဲနေပြီး မည်သို့ဆိုစေ လုပ်ရည်ကိုင်ရည် အစွမ်းအစရှိသူ တစ်ဦးဖြစ်သူဟု ဆိုရပါမည်။ မှတ်ချက်။ မိမိတစ်ဦးချင်းအမြင်အရ သူ၏ညီဖုန်ကြားဖူးက စစ်ရေးအစွမ်းအစတွင် သူ့ထက်သာလွန်ပြီး ဖုန်ကြားစင်းက စည်းရုံးအုပ်ချုပ်ရေးတွင် သာလွန်သည်ဟု ထင်မြင်ယူဆပါသည်” ဟုရေး သားထားသည်။

ဖုန်ကြားရှင်မှာ ဗမာပြည်ကွန်မြူနစ်ပါတီ(CPB) တပ်မှူးတစ်ဦးဖြစ်ပြီး ၁၉၈၉ ခုနှစ်တွင် ဗကပမှခွဲထွက်ကာ တပ်မတော်အစိုးရနှင့် ငြိမ်းချမ်းရေးရယူပြီး MNDAA ကို တည်ထောင်ခဲ့ခြင်းဖြစ်သည်။ တပ်မတော်အစိုးရနှင့်နားလည်မှုယူပြီးနောက် ဖုန်ကြားရှင်၏ MNDAA အခြေချသည့် လောက်ကိုင်ဒေသကို ရှမ်းပြည်နယ်မြောက်ပိုင်းအထူးဒေသ(၁)အဖြစ် တပ်မတော်အစိုးရက သတ်မှတ်ပေးခဲ့သည်။

၂၀၀၉ ခုနှစ်တွင် စစ်အစိုးရ၏ နယ်ခြားစောင့်တပ်ဖွဲ့စည်းရေးကိုလက်မခံသည့် အခြေအနေ၌  MNDAA သည် မူးယစ်ဆေးဝါးချက်လုပ်ကာ လက်နက်စက်ရုံ တည်ထောင်သည်ဟုဆိုကာ တပ်မတော်က ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ပြီး MNDAA အခြေချရာဒေသကို ထိန်းချုပ်ခဲ့သည်။

၂၀၁၅ခုနှစ်တွင် MNDAA တပ်များ စစ်ရေးလှုပ်ရှားမှု ပြန်လည်ပြုလုပ်လာပြီး တပ်မတော်နှင့် တိုက်ပွဲများဖြစ်ပွားခဲ့သည်။

 

Most Read

Most Recent