နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကကျသော တိုင်းရင်းသားစည်းလုံးညီညွတ်ရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေးကို အလေးထားကြိုးပမ်းဆောင်ရွက်သွားရန် မွန်ညီညွတ်ရေးပါတီ တိုက်တွန်း

နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကကျသော တိုင်းရင်းသားစည်းလုံးညီညွတ်ရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေးကို အလေးထားကြိုးပမ်းဆောင်ရွက်သွားရန် မွန်ညီညွတ်ရေးပါတီ တိုက်တွန်း
Published 16 February 2022
ဘိုဘိုမြင့်

နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကကျသော တိုင်းရင်းသားစည်းလုံးညီညွတ်ရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေးကို အလေးထားကြိုးပမ်းဆောင်ရွက်သွားရန် ဖေဖော်ဝါရီ ၁၆ ရက်တွင် ကျရောက်သည့် (၇၅) နှစ်မြောက် စိန်ရတုမွန်အမျိုးသားနေ့သို့ မွန်ညီညွတ်ရေးပါတီ (MUP) က သဝဏ်လွှာ ပေးပို့သည်။

လက်ရှိနိုင်ငံအတွင်းဖြစ်ပေါ်နေသော  အခြေအနေကို သက်ဆိုင်ရာအင်အားစုများအနေဖြင့် စိတ်ရှည်သည်းခံမှု၊ အကြမ်းဖက်မှုများ မဖြစ်ပေါ်လာရေး ညင်သာစွာကိုင်တွယ်ဆောင်ရွက်ပေးကြပါရန်နှင့် နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းဖြစ်သော စေ့စပ်ညှိနှိုင်းဆွေးနွေးအဖြေရှာသည့်နည်းဖြင့် ဖယ်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးကို ရှေးရူ၍ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကကျသော တိုင်းရင်းသားစည်းလုံးညီညွတ်ရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေးကို အလေးထားကြိုးပမ်းဆောင်ရွက်သွားရန် တိုက်တွန်းလိုပါကြောင်း မွန်ညီညွတ်ရေးပါတီ (MUP) က (၇၅) နှစ်မြောက်စိန်ရတုမွန်အမျိုးသားနေ့ (ဗဟို)သို့ သဝဏ်လွှာပေးပို့သည်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်တွင် တပ်မတော်က နိုင်ငံတော်အာဏာကိုလွှဲပြောင်းရယူခဲ့သည့် အခြေအနေအား ပကတိအရှိတရားအပေါ် ဆင်ခြင်သုံးသပ်ပြီး မွန်တစ်မျိုးသားလုံး၏ အကျိုးစီးပွားအတွက် သိမ်မွေ့ညင်သာသော တွေ့ဆုံဆွေးနွေးအဖြေရှာသည့် နည်းလမ်းကို လျှောက်လှမ်းကာ မွန်လူမျိုးတို့သာမက တိုင်းရင်းသားအားလုံး လိုလားနေသော စစ်မှန်သည့် ဖယ်ဒရယ်ဒီမိုကရေစီပြည်ထောင်စု၊ တစ်နည်းအားဖြင့် တန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရရှိရေးအတွက် ဆက်လက်ရုန်းကန်ကြိုးစားသွားရမည်ဖြစ်ကြောင်း မွန်ညီညွတ်ရေးပါတီ၏ သဝဏ်လွှာတွင် ဖော်ပြထားသည်။

မည်သည့်အခြေအနေတွင်မဆို မိမိတို့ရည်မှန်းထားသော တန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို အာမခံချက်ပေးနိုင်သော ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရန်မှာ စည်းလုံးညီညွတ်မှုသည်သာ အဓိကကျသောကြောင့် သဘောထားကြီးစွာဖြင့် ညှိနှိုင်းအဖြေရှာကြရင်း၊ တစ်နိုင်ငံလုံးငြိမ်းချမ်းမှုရရှိအတွက် အပတ်တကုတ်ကြိုးပမ်းဆောင်ရွက်ကြပါစို့ဟု သဝဏ်လွှာတွင်ပါရှိသည်။

Most Read

Most Recent