လက်ရှိနိုင်ငံရေးအပြောင်းအလဲကို မျက်ခြည်မပြတ်စောင့်ကြည့်သုံးသပ်ပြီး ကိုယ့်ကြမ္မာကိုယ်ဖန်တီးနိုင်ရေးအတွက် နည်းလမ်းပေါင်းစုံဖြင့် တိုက်ပွဲဝင်သွားမည်ဟု မွန်ပြည်သစ်ပါတီ ကြေညာ

လက်ရှိနိုင်ငံရေးအပြောင်းအလဲကို မျက်ခြည်မပြတ်စောင့်ကြည့်သုံးသပ်ပြီး ကိုယ့်ကြမ္မာကိုယ်ဖန်တီးနိုင်ရေးအတွက် နည်းလမ်းပေါင်းစုံဖြင့် တိုက်ပွဲဝင်သွားမည်ဟု မွန်ပြည်သစ်ပါတီ ကြေညာ
Published 16 February 2022

လက်ရှိ နိုင်ငံရေးအပြောင်းအလဲအား မျက်ခြည်မပြတ် စောင့်ကြည့်သုံးသပ်ပြီး ကိုယ့်ကြမ္မာကိုယ် ဖန်တီးနိုင်ရေးအတွက် နည်းလမ်းပေါင်းစုံဖြင့် တိုက်ပွဲဝင်သွားမည်ဟု ဖေဖော်ဝါရီ ၁၆ ရက်တွင် ကျရောက်သည့် စိန်ရတုမွန်အမျိုးသားနေ့တွင် မွန်ပြည်သစ်ပါတီ (NMSP)က ကြေညာချက် ထုတ်ပြန်သည်။

မွန်ပြည်သစ်ပါတီအနေဖြင့် လက်ရှိဖြစ်ပွားနေသည့် နိုင်ငံရေးအပြောင်းအလဲကို မျက်ခြည်မပြတ် စောင့်ကြည့်သုံးသပ်ပြီး ကိုယ့်ကြမ္မာကိုယ် ဖန်တီးနိုင်ရေးအတွက် မွန်အမျိုးသားများ၏ စုစည်းမှုအင်အားကို အဓိကထားကာပါတီ၊ တပ်ဖွဲ့နှင့် အခြေခံဒေသများ ခိုင်မာအားကောင်းလာစေရန်အတွက် ဆက်လက်လုပ်ဆောင်လျက် ဘဝတူတိုင်းရင်းသားများနှင့်လက်တွဲ၍ နည်းလမ်းပေါင်းစုံဖြင့် တိုက်ပွဲဝင်သွားမည်ဟု မွန်ပြည်သစ်ပါတီ၏ ကြေညာချက်တွင် ဖော်ပြထားသည်။

မွန်အမျိုးသားများ၏ ရည်မှန်းချက်ပန်းတိုင်ရောက်ရှိနိုင်ရေးအတွက် မွန်နိုင်ငံရေးအင်အားစုများ၊ ပြည်တွင်းပြည်ပတွင် နေထိုင်နေကြသည့် မွန်မျိုးချစ်ပုဂ္ဂိုလ်များ၊ အဖွဲ့အစည်းအသီးသီးတို့ တွဲလက်ညီညာစွာဖြင့် မိမိတို့၏အမျိုးသားရေးတာဝန်များကို စွမ်းစွမ်းတမံ ထမ်းဆောင်ကြရန် မွန်ပြည်သစ်ပါတီက တိုက်တွန်းသည်။

ထို့ပြင် နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းဖြင့်သာ ဖြေရှင်းရမည်ဖြစ်သော်လည်း လက်ရှိအချိန်တွင် လက်နက်ကိုင်တိုက်ပွဲသဏ္ဌာန် အရှိန်အဟုန်မြင့်တက်လာနေသောကြောင့် နိုင်ငံရေးဆွေးနွေးပွဲများ ဖြစ်မြောက်ရေးမှာ အလားအလာနည်းပါးနေသေးကြောင်းလည်း မွန်ပြည်သစ်ပါတီ၏ ကြေညာချက်တွင် ဖော်ပြထားသည်။

နိုင်ငံ၏ ရှုပ်ထွေးနေသောပဋိပက္ခကို အာဆီယံ (ASEAN)၏ ဘုံသဘောတူညီချက် ငါးရပ်ဖြင့် ဖြေလျှော့နိုင်ရန်အတွက် အမေရိကန်၊ တရုတ်၊ EU ၊ ကုသမဂ္ဂနှင့် အချို့သောကမ္ဘာ့နိုင်ငံများက ရပ်တည်ထောက်ခံ အားပေးနေခဲ့သော်လည်း အကောင်အထည်မပေါ်လာသေးကြောင်း မွန်ပြည်သစ်ပါတီ၏ ကြေညာချက်တွင် ပါရှိသည်။

မွန်ပြည်သစ်ပါတီအနေဖြင့် လက်နက်ကိုင်တော်လှန်ရေးလမ်းစဉ်အပေါ် အခိုင်အမာရပ်တည်ပြီး နိုင်ငံရေးအရဆွေးနွေးအဖြေရှာမှုများအတွက် တံခါးဖွင့်ထားမည်ဖြစ်ကြောင်း မွန်ပြည်သစ်ပါတီက ထုတ်ပြန်သည်။

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) ၏ အနှစ်သာရဖြစ်သည့် နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းဖြင့် ငြိမ်းချမ်းစွာအဖြေရှာရေး၊ နိုင်ငံရေးဆွေးနွေးပွဲများတွင် သက်ဆိုင်သူအားလုံးပါဝင်ရေး၊ အရပ်သားများကို အကာအကွယ်ပေးရေးအချက်များကို ခိုင်မာစွာဆုပ်ကိုင်ပြီး ဘဝတူတိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေးအင်အားစုများနှင့် လက်တွဲ၍ နိုင်ငံရေးဆိုင်ရာကိစ္စရပ်များကို ရှေ့ဆက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မွန်ပြည်သစ်ပါတီကကြေညာချက် ထုတ်ပြန်သည်။

ယနေ့ နိုင်ငံရေးပြဿနာသည် အနေအထားသစ်တစ်ရပ်သို့ ရွေ့လျားပြောင်းလဲရောက်ရှိနေပြီး Stakeholder သစ်များလည်း ပေါ်ပေါက်လာသည်ဖြစ်၍ နိုင်ငံရေးဆွေးနွေးမှုပုံစံအခင်းအကျင်းသစ် တစ်ရပ်ရပ်ကို တောင်းဆိုလာနေသည်ဟု မွန်ပြည်သစ်ပါတီ၏ ကြေညာချက်တွင် ဖော်ပြထားသည်။

ထို့ပြင် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်တွင် တပ်မတော်က နိုင်ငံတော်အာဏာရယူပြီးနောက် နိုင်ငံရေးဆွေးနွေးပွဲများလည်း ရပ်ဆိုင်းခဲ့ကြောင်း၊ နိုင်ငံရေးပြဿနာများကို နိုင်ငံရေးနည်းဖြင့် ဖြေရှင်းရမည့်အစား အင်အားသုံးဖြေရှင်းခဲ့မှုကြောင့် အပြစ်မဲ့ပြည်သူတို့၏ အသက်အိုးအိမ်ပေါင်းများစွာ ဆုံးရှုံးခဲ့၍ ဒုက္ခမျိုးစုံခံစားရကာ လူမှုစီးပွားပျက်စီးပြီး လူငယ်များမှာလည်း အနာဂတ်ပျောက်ဆုံးခဲ့ကြောင်း  မွန်ပြည်သစ်ပါတီ၏ ကြေညာချက်တွင် ဖော်ပြထားသည်။

ငြိမ်းချမ်းစွာဆန္ဒပြမှုအပေါ် အင်အားသုံးဖြိုခွဲခံရခြင်းကြောင့် ပြည်သူလူထု၏ လက်နက်ကိုင်တော်လှန်ရေး ပေါ်ပေါက်လာပြီး တိုင်းပြည်အခြေအနေမှာ အထွေထွေအကျပ်အတည်းနှင့် ရင်ဆိုင်နေရကာ ဘက်စုံယိုယွင်းပျက်စီးမှုနှင့် ကြုံနေရကြောင်း မွန်ပြည်သစ်ပါတီက ကြေညာချက်ထုတ်ပြန်သည်။

မွန်ပြည်သစ်ပါတီ (NMSP) သည် ၂၀၁၈ ခုနှစ်တွင် လားဟူဒီမိုကရက်တစ်အစည်းအရုံး (LDU) နှင့်အတူ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးခဲ့သော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတစ်ခုဖြစ်သည်။

Most Read

Most Recent