မြန်မာ့အရေးနှင့်ပတ်သက်၍ ပူးပေါင်းဆောင်ရွက်ရန် ဂျပန်နိုင်ငံခြားရေးဝန်ကြီးနှင့် ကမ္ဘောဒီးယား ဒုတိယစစ်ဦးစီးချုပ်တို့ သဘောတူ

မြန်မာ့အရေးနှင့်ပတ်သက်၍ ပူးပေါင်းဆောင်ရွက်ရန် ဂျပန်နိုင်ငံခြားရေးဝန်ကြီးနှင့် ကမ္ဘောဒီးယား ဒုတိယစစ်ဦးစီးချုပ်တို့ သဘောတူ
Published 15 February 2022
Ref: AP

ဖေဖော်ဝါရီ ၁၄ ရက်က ဂျပန်နိုင်ငံခြားရေးဝန်ကြီးသည် ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်၏ သားလည်းဖြစ်၊ သူ့အားဆက်ခံမည့်သူအဖြစ် တရားဝင်လျာထားခံရသူလည်းဖြစ်သော ကမ္ဘောဒီးယားဒုတိယစစ်ဦးစီးချုပ်နှင့် တိုကျိုမြို့တွင် တွေ့ဆုံခဲ့ပြီး မြန်မာနိုင်ငံတွင် တပ်မတော်က နိုင်ငံတော်အာဏာကို ထိန်းသိမ်းခဲ့ပြီးနောက်ပိုင်း မြန်မာ့အရေးနှင့်ပတ်သက်၍ ပူးပေါင်းဆောင်ရွက်ရန် သဘောတူညီခဲ့ကြသည်ဟု ဂျပန်ထိပ်တန်းအရာရှိများက ပြောကြားခဲ့သည်။

ကမ္ဘောဒီးယားတပ်မတော်၏ လက်ရှိစစ်ဦးစီးမှူးအဖြစ် တာဝန်ယူထားသူ ဟွန်မာနေးသည် ဇန်နဝါရီလအတွင်းက ဖခင်ဖြစ်သူ ဟွန်ဆန် မြန်မာနိုင်ငံသို့ သွားရောက်ရာတွင် အတူလိုက်ပါခဲ့သူဖြစ်သည်။ လွန်ခဲ့သည့်တစ်နှစ်က မြန်မာနိုင်ငံ၌ တပ်မတော်က နိုင်ငံတော်အာဏာကို ထိန်းသိမ်းခဲ့ပြီးနောက်ပိုင်း  ဟွန်ဆန်သည် မြန်မာနိုင်ငံသို့ သွားရောက်သည့် ပထမဆုံးပြည်ပခေါင်းဆောင်တစ်ဦးလည်း ဖြစ်ခဲ့သည်။

ဂျပန်နိုင်ငံခြားရေးဝန်ကြီး ယိုရှီမာဆာဟာရာရှီသည် ဟွန်မာနေးနှင့်တွေ့ဆုံဆွေးနွေးစဉ်အတွင်း ၎င်းက နွေးထွေးလှိုက်လှဲစွာ ကြိုဆိုခဲ့ကြောင်း၊ ဂျပန်နှင့်ကမ္ဘောဒီးယားတို့အကြား ခိုင်မာသည့် ဆက်ဆံရေးရှိသည်ကို ဖော်ပြခဲ့ကြောင်းနှင့် မြန်မာအရေးအပါအဝင် အခြားဒေသတွင်းအကြောင်းအရာများနှင့်ပတ်သက်၍ အနီးကပ် ပူးပေါင်းဆောင်ရွက်ရန် သဘောတူခဲ့ကြောင်း  ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။

ကမ္ဘောဒီးယားနိုင်ငံသည် လက်ရှိတွင်  အရှေ့တောင်အာရှနိုင်ငံများအဖွဲ့ (အာဆီယံ)၏ အလှည့်ကျဥက္ကဋ္ဌအဖြစ် တာဝန်ယူထားပြီး ကုလသမဂ္ဂမှ ကျွမ်းကျင်သူအချို့က ပြည်တွင်းစစ်ဟုပင် အမည်တပ်ထားသည့် မြန်မာနိုင်ငံအရေး၌ တင်းမာမှုများလျော့ပါးစေရန်  အာဆီယံအဖွဲ့က အားထုတ်ရာ၌ ဟွန်ဆန်က ဦးဆောင်လျက်ရှိသည်။

ဟာရာရှီက ဟွန်ဆန် မြန်မာနိုင်ငံသို့  သွားရောက်ခဲ့မှုအား တင်းမာနေသည့်အနေအထားကို ဖြေရှင်းရန် အပြုသဘောဆောင်သည့် အားထုတ်မှုအဖြစ် ချီးကျူးခဲ့သည်။

အာဏာရယူထားသည်မှာ ၃၆ နှစ်ရှိပြီဖြစ်သော ဟွန်ဆန်သည် ၂၀၂၈ ခုနှစ်အထိ အာဏာရယူထားသူဖြစ်ပြီး ဟွန်မာနေးကို သူ့အား ဆက်ခံမည့်သူအဖြစ် ထောက်ခံထားသည်။                                               

 

Most Read

Most Recent