နိုင်ငံခြားငွေစျေးအပြောင်းအလဲကြောင့် မန္တလေးပဲစျေးကွက်တွင် ပြီးခဲ့သည့်ရက်ပိုင်းက စျေးကျနေသည့် မတ်ပဲ၊ ပဲစင်းငုံ၊ ပဲယင်းနှင့် V2 ကုလားပဲများ စျေးတက်လာ

နိုင်ငံခြားငွေစျေးအပြောင်းအလဲကြောင့် မန္တလေးပဲစျေးကွက်တွင် ပြီးခဲ့သည့်ရက်ပိုင်းက စျေးကျနေသည့် မတ်ပဲ၊ ပဲစင်းငုံ၊ ပဲယင်းနှင့် V2 ကုလားပဲများ စျေးတက်လာ
မန္တလေးကုန်စည်ဒိုင်တွင် ရောင်းချရန် နမူနာပြသထားသည့် ပဲအပါအဝင် စိုက်ပျိုးရေးထွက်ကုန်များကို တွေ့ရစဉ်
မန္တလေးကုန်စည်ဒိုင်တွင် ရောင်းချရန် နမူနာပြသထားသည့် ပဲအပါအဝင် စိုက်ပျိုးရေးထွက်ကုန်များကို တွေ့ရစဉ်
Published 15 February 2022
မင်းလတ်

မန္တလေးပွဲစား၊ ကုန်သည်စက်ပိုင်များ ကထိန်တော်အသင်း (မန္တလေးကုန်စည်ဒိုင်) စျေးကွက်တွင် နိုင်ငံခြားငွေစျေးအပြောင်းအလဲကြောင့် ပြီးခဲ့သည့်ရက်ပိုင်းက စျေးကျနေသည့် မတ်ပဲ၊ ပဲစင်းငုံ၊ ပဲယင်းနှင့် V2 ကုလားပဲများ စျေးတက်လာသည်ကြောင်း မန္တလေးမြို့ ပဲကုန်သည်များထံမှ သိရသည်။

“အခုရက်ပိုင်းက ပဲစျေးကလူးနေတယ်လို့ ပြောလို့ရမယ်။ သိပ်မထူးဘူး။ ပဲစင်းငုံစျေး ၁၂၆၀၀၀၊ မတ်ပဲစျေး ၁၁၈၀၀၀ တက်သွားတယ်။ ပဲစျေးပြန်တက်တာက အခုရက်ပိုင်း ရန်ကုန်ဘက်ကနေ ဝယ်ယူနေတာက မတ်ပဲ၊ ပဲစင်းငုံတို့ ဝယ်နေတယ်။ မတ်ပဲသုံးတင်းဝင်တစ်အိတ် ၁၁၈၀၀၀ စျေး၊ ပဲစင်းငုံက ၁၂၆၀၀၀ စျေးနဲ့ ဒီနေ့ (ဖေဖော်ဝါရီ ၁၅) အရောင်းအဝယ် ဖြစ်ကြတယ်။ ဟိုအရင်ရက်တွေက ပဲစင်းငုံက ၁၂၀၀၀၀ စျေးအထိ စျေးကျသွားတယ်။ မတ်ပဲက ၁၁၂၀၀၀ အထိ စျေးကျသွားတယ်။ အဓိကက ငွေစျေးတက်တော့ ပဲစျေးက ပေါနေသလိုဖြစ်နေတာပါ။ နိုင်ငံခြားဝယ်လက်တွေအတွက်က စျေးကပေါနေတာပါ။ အဲဒါကြောင့် စျေးကမကျဘဲ စျေးပြန်တက်လာတာပါ။ စမုန်နှမ်းထိပ်စစျေး ၂၁၅၀၀၀၊ နှမ်းဖြူထိပ်စ ၁၇၀၀၀၀ စျေးရှိပြီး စျေးမကျပါဘူး။ အရောင်းအဝယ် ဖြစ်ကြတယ်။ တရုတ်လိုင်းဘက်က မြေပဲဆန် ပုံမှန်ဝယ်ယူနေတယ်။ မြေပဲဆန်အနီ တစ်ပိဿာ ၂၉၀၀ စျေး၊ အဖြူဆန် ၃၁၀၀ ကနေ ၃၃၀၀ အထိ ရှိပါတယ်။ ပဲယင်းဆို စျေးပြန်တက်တယ်။ ပြီးခဲ့တဲ့ရက်ပိုင်းက ၈၅၀၀၀ အထိ ကျသွားတယ်။ ဒီနေ့ ၉၅၀၀၀ စျေးပြန်ဖြစ်တယ်။ သုံးတင်းတစ်အိတ်ကို ကျပ် ၁၀၀၀၀ လောက် စျေးပြန်တက်လာတယ်။ ငွေစျေးက ၁၉၇၀ ကနေ ၁၉၈၀ လောက်ရှိတော့ ပဲစျေးကျရင် နိုင်ငံခြားဝယ်လက်အနေနဲ့က စျေးပေါသလိုဖြစ်တော့ အားလုံးဝိုင်းဝယ်တော့ ပဲစျေးက ပြန်တက်လာတယ်။ ပဲစင်းငုံ၊ ပဲယင်း အဲဒီပုံစံပါ။ ပြီးတော့ တောင်သူက ပဲစျေးကျသွားရင် မြို့ပေါ်လာပြီး တက်မရောင်းတော့ဘူး။ မတ်ပဲ၊ ပဲစင်းငုံဆို တစ်တင်း ၄၀၀၀၀ လောက်မှ လာရောင်းကြတာ။ အဲအောက်ဆို လာမရောင်းတော့ဘူး။ အဲဒီအပိုင်းတော့ ရှိတယ်။ ကုလားပဲအုပ်စုပဲကို ပဲခွဲစက်သမားတွေက အဟောင်းလက်ကျန်နည်းသွားတော့ အသစ်ကိုဝယ်ပြီး ခွဲနေရတော့ လိုအပ်ချက်ကြောင့် ပဲစျေးပြန်တက်ရတယ်။ ကုလားပဲအုပ်စုက V2 ကုလားပဲ ပြီးခဲ့တဲ့ရက်က ၁၀၇၀၀၀ အထိ ကျသွားတယ်။ အခု V2 ကုလားပဲ ၁၁၃၀၀၀ စျေးဖြစ်သွားတယ်” ဟု မန္တလေးပွဲစား၊ ကုန်သည်စက်ပိုင်များကထိန်တော်အသင်း (မန္တလေးကုန်စည်ဒိုင်) ပြန်ကြားရေးတာဝန်ခံက ပြောကြားသည်။

အိန္ဒိအစိုးရက မြန်မာနိုင်ငံမှ ထွက်သည့် ပဲတီစိမ်းကို ကန့်သတ်တင်သွင်းခွင့်ပြုသည့် ကုန်စည်အဖြစ် မူဝါဒပြင်ဆင်သတ်မှတ်ကြောင်းကို ဖေဖော်ဝါရီ ၁၁ ရက်က အိန္ဒိယနိုင်ငံ စီးပွားရေး၊ ကူးသန်းရောင်းဝယ်ရေးနှင့် စက်မှုဝန်ကြီးဌာနက Notification S.O 624(E) ဖြင့် ထုတ်ပြန်ခဲ့ကြောင်း၊ ပဲတီစိမ်းအပြင် မတ်ပဲ၊ ပဲစင်းငုံတို့ကို လွတ်လပ်စွာ (Free) တင်သွင်း ခွင့်ပြုသည့်ကုန်စည်အဖြစ် မတ်လကုန်အထိ သတ်မှတ်ခဲ့ကြောင်း၊ ယခုအခါ ပဲတီစိမ်းကို ကန့်သတ်ကုန်စည်အဖြစ် ပြင်ဆင်ပြီး ကြေညာချက်ထုတ်ပြန်ခဲ့သည်။

Most Read

Most Recent