ကမ္ဘာ့ရွှေစျေးမြင့်တက်ခြင်းကြောင့် မြန်မာ့ရွှေစျေးကျပ် ၁၉ သိန်းနီးပါးသို့ ရောက်ရှိလာပြီး နယ်မှ ရွှေများဝင်ရောက်လာခြင်းကြောင့် ပြန်လည်ရောင်းချမှုများလာ

ကမ္ဘာ့ရွှေစျေးမြင့်တက်ခြင်းကြောင့် မြန်မာ့ရွှေစျေးကျပ် ၁၉ သိန်းနီးပါးသို့ ရောက်ရှိလာပြီး နယ်မှ ရွှေများဝင်ရောက်လာခြင်းကြောင့် ပြန်လည်ရောင်းချမှုများလာ
Published 14 February 2022
ဇော်မင်းနိုင်

ကမ္ဘာ့ရွှေစျေးမြင့်တက်ခြင်းကြောင့် မြန်မာ့ရွှေစျေးကျပ် ၁၉ သိန်းနီးပါးသို့ ရောက်ရှိလာပြီး နယ်မှ ရွှေများ ဝင်ရောက်လာခြင်းကြောင့် ပြန်လည်ရောင်းချမှုများနေကြောင်း ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်းမှ ဥက္ကဋ္ဌ ဦးမျိုးမြင့်က ပြောကြားသည်။

ကမ္ဘာ့ရွှေစျေးနှုန်းမှာ ယခင်က ဒေါ်လာ ၁၇၅၀ ခန့်သာရှိရာမှ လက်ရှိတွင် ၁၈၅၄ သို့ ရောက်ရှိလာခဲ့ရာ ဖေဖော်ဝါရီ ၁၄ ရက်တွင် မြန်မာ့ရွှေစျေးနှုန်းမှာ တစ်ကျပ်သားလျှင် ၁၈၉၅၀၀၀ ကျပ်သို့ ရောက်ရှိလာခဲ့သည်ဟု ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်များအသင်းက ထုတ်ပြန်သည်။

“ရွှေက ထူးထူးခြားခြားတက်တာတော့ မဟုတ်ဘူး။ ကမ္ဘာ့စျေးတက်တော့ လိုက်တက်လာတာ” ဟု ဦးမျိုးမြင့်က ပြောကြားသည်။

ရွှေစျေးနှုန်းတက်လာခြင်းကြောင့် မြန်မာ့ရွှေစျေးကွက်အတွင်း ပြန်လည်ရောင်းချမှုများ ရှိနေပြီး နယ်မှ ရွှေများ ဝင်ရောက်ခြင်းကြောင့် ဖြစ်ကြောင်း ဦးမျိုးမြင့်က ဆက်လက်ပြောကြားသည်။

“အရောင်းအဝယ်ကတော့ အေးတယ်။ ဒါပေမဲ့ နယ်ကပစ္စည်းဝင်တာများတော့ အရောင်းများတယ်။ ပုံမှန်ကတော့ အေးတယ်” ဟု ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း ဥက္ကဌ ဦးမျိုးမြင့်က ပြောကြားသည်။

မြန်မာ့ရွှေစျေးနှုန်းမှာ ယခုနှစ် နှစ်စပိုင်းမှ စတင်ပြီး တစ်ကျပ်သားလျှင် ၁၈ သိန်းနှစ်သောင်းကျော်တွင် ရောက်ရှိခဲ့ခြင်းဖြစ်ပြီး တစ်လကျော်အကြာတွင် ကျပ် ၁၉ သိန်းနီးပါးသို့ မြင့်တက်လာခဲ့ခြင်းဖြစ်သည်။

၂၀၁၆ ခုနှစ်မှစ၍၂၀၂၁ ခုနှစ်အထိ ပြည်တွင်းရွှေစျေးနှုန်း စံချိန်တင်စျေးနှုန်းများ အကြိမ်ကြိမ်ဖြစ်ပေါ်ခဲ့ကာ နှစ်အလိုက် စံချိန်တင်စျေးနှုန်းများမှာ ၂၀၁၆ ခုနှစ် အောက်တိုဘာ ၄ ရက်တွင် ကျပ် ၉၀၃၅၀၀၊ ၂၀၁၇ ခုနှစ် စက်တင်ဘာ ၁၅ ရက်တွင် ကျပ် ၉၅၇၈၀၀၊ ၂၀၁၈ ခုနှစ် စက်တင်ဘာ ၂၀ ရက်တွင် ကျပ် ၁၀၄၇၇၀၀၊ ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီ ၂၀ ရက်တွင် ကျပ် ၁၀၈၈၅၀၀၊ ၂၀၁၉ ခုနှစ် ဇူလိုင် ၁၈ ရက်တွင် ကျပ် ၁၁၄၃၅၀၀၊ ၂၀၁၉ ခုနှစ် သြဂုတ် ၁၃ ရက်တွင် ကျပ် ၁၂၃၇၀၀၀၊ ၂၀၁၉ ခုနှစ် စက်တင်ဘာ ၅ ရက်တွင် ကျပ် ၁၃၁၅၀၀၀၊ ၂၀၂၀ ပြည့်နှစ် သြဂုတ် ၇ ရက်တွင် ကျပ် ၁၃၃၅၅၀၀၊ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၆ ရက်တွင် ပြည်တွင်းရွှေစျေးနှုန်း ကျပ် ၁၄၂၀၀၀၀ ဖြစ်သည်။

ရွှေစျေးနှုန်းသည် ၂၀၁၆ ခုနှစ်တွင် ကျပ် ၈၀၀၀၀၀ တန်း၊ ၂၀၁၇ ခုနှစ်တွင် ကျပ် ၉၀၀၀၀၀ တန်း၊ ၂၀၁၈ ခုနှစ်တွင် ကျပ် ၁၀၀၀၀၀၀ တန်း၊ ၂၀၁၉ ခုနှစ်တွင် ကျပ် ၁၁၀၀၀၀၀ တန်းနှင့် ကျပ် ၁၂၀၀၀၀၀ တန်းကို ကျော်လွန်လာခဲ့ပြီး ၂၀၁၉ ခုနှစ် စက်တင်ဘာတွင် ကျပ် ၁၃၁၀၀၀၀ ကျော်အထိ မြင့်တက်ခဲ့ခြင်းဖြစ်ကာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၆ ရက်တွင် ကျပ် ၁၄၂ဝဝဝဝနှင့် စက်တင်ဘာလအတွင်း ကျပ်သိန်း ၂၀ ကျော်အထိ စံချိန်တင် မြင့်တက်ခဲ့သည်။          

Most Read

Most Recent