အနောက်ငွေကုန်ကူးသူများကား အိုင်အမ်အက်ဖ်၊ နိုင်ငံတကာ ဘဏ္ဍာရေးကော်ပိုရေးရှင်းကြီး၏ ဒေါ်လာအားကိုးဖြင့် ခြေထိုးလိုက်သောအခါ အာရှဘဏ္ဍာရေးအကျပ်အတည်းဖြစ်ပေါ်ခဲ့သည်ဟု ဘောဂဗေဒသမားများက လက်ညှိုးထိုးကြသည်။ အာရှလည်း ထိုအကျပ်အတည်းကြောင့် ဘဏ္ဍာရေးသင်ခန်းစာလည်း တော်တော်များများရလိုက်ပြီး အရင်းရှာပုံတော်လည်း ပြောင်းသွားသည်။ အချိန်တိုတိုအတွင်း အာရှစီးပွားရေး နာလန်ထ ဦးမော့လာသည်။ ဆိုရလျှင် Business များ၏ အရင်းရှာဖွေမှု အသွင်ပြောင်းလိုက်ခြင်းကြောင့်ဖြစ်မည်ဟု သုံးသပ်သည်။ အာရှ Business ၏ မော်ဒယ်ပြောင်းသွားခြင်းကို မြန်မာ့စီးပွားရေး မော်ဒယ်ဖော်ဆောင်သူများ သင်ခန်းစာ ကောင်းကောင်းယူသင့်သည်။
မြန်မာပြည်သည် စီးပွားရေး လုပ်ငန်းတစ်ခုစတင်ရန် အရင်းအနှီး ရှားပါးလွန်း၊ အရင်းရှာဖွေရန် ချို့တဲ့လွန်းသော တိုင်းပြည်ဖြစ်သည်။ ခေတ်အဆက်ဆက် အရင်း ရှာပုံတော်ဇာစ်မြစ်ကလည်း သုံးမျိုးသာရှိသည်။ အစဉ်အလာ မိဘဆွေမျိုး၏ပိုက်ဆံဖြင့် ကုမ္ပဏီထောင်ခြင်း၊ ဘဏ်များတွင် ငွေချေးခြင်း၊ မိမိ၏ကိုယ်ပိုင်ပစ္စည်း ထုခွဲရောင်းချခြင်း ထိုသုံးနည်းသာ။
အကျပ်အတည်းဖြစ်ပြီးနောက် အာရှအရင်း ရှာပုံတော် ပြောင်းသွားသော်လည်း မြန်မာ့စီးပွားရေးအရင်း ရှာပုံတော် ဥခွံကား ယနေ့တိုင် ဖောက်မထွက်နိုင်ခြင်းကား ဝမ်းနည်းဖွယ်။ ထို့ကြောင့် ယခုဆောင်းပါးဖြင့် စီးပွားရေးဖောက်ထွက် တွေးခြင်းကို စဉ်းစားကြရာတွင် ဆော်သြလိုခြင်း ဖြစ်သည်။
နာလန်ထအသစ်
အကျပ်အတည်းမတိုင်မီကား အာရှစီးပွားရေးမျက်နှာစာမှာ၊ လူမှုရေးတည်ဆောက်ပုံမျက်နှာစာမှာ အာရှတန်ဖိုး၊ ရှေးရှိးစွဲကွန်ဆာဗေးတစ်များကသာ ဦးဆောင်ခဲ့ကြ သည်။ ထိုမျိုးဆက်ဟောင်းများ၏ ပုံစံကား မိသားစုပိုင်စီးပွားရေး၊ မိသားစုပိုင်ကုမ္ပဏီ၊ မိသားစုပိုင်ကော်ပိုရေးရှင်းစီးပွားရေးလုပ်ငန်း မော်ဒယ်ဥခွံထဲက မထွက်ကြ။ မိသားစုစီမံခန့်ခွဲမှု၊ မိသားစုအမြတ်ခွဲဝေမှု၊ မိသားစုကုန်စည်ဖြန့်ဖြူးမှု စသည့် အာရှမိသားစုဥခွံထဲက မထွက်ခဲ့ကြ။ အရင်းအနှီးရှာဖွေမှုနှင့် ကုမ္ပဏီ လုပ်ငန်းတစ်ခုကို စတင်ခဲ့သည် ့ရာဇဝင်ကလည်း ဆိုခဲ့ပါနည်းသုံးနည်းထဲက မထွက်ခဲ့ကြ။ ထိုလုပ်ငန်းများကလည်း မိမိအသိုင်းအဝိုင်း၊ မိမိမြို့၊ မိမိနိုင်ငံအတွင်းသာ လုပ်ငန်းကို ရှင်သန်ရန်သာ အားထုတ်ကြခြင်းဖြစ်သည်။ ကံကောင်းခဲ့သည်ကား အစဉ်အလာဖြင့် ချမ်းသာကြွယ်ဝလာသော မိသားစုများ၏ မျိုးဆက်များကို အနောက်နိုင်ငံများတွင် ပညာသင်ကြားခဲ့သည့်အချက်ဖြစ်သည်။ အထူးသဖြင့် အမေရိကန်၊ အင်္ဂလန်၊ ဥရောပတစ်ခွင်တွင်ဖြစ်သည်။ ၁၉၉၇ အာရှအကျပ်အတည်းကား စီးပွားရေး၊ စီမံခန့်ခွဲမှုနှင့် လူမှုရေးမျက်နှာစာ၊ ဘဏ္ဍာရေးမျက်နှာစာ အသစ်များ၏ ဒိုင်မေးရှင်းပြောင်းတိုက်ခိုက်ခြင်းနှင့် မျက်နှာချင်းဆိုင် တိုးသွားသောအခါ အာရှကွန်ဆာဗေးတစ် စီးပွားရေးသမားများ အငိုက်မိကုန်တော့သည်။
ထိုအကျပ်အတည်းကို ရင်ဆိုင်ရန် ရှေးရှိးစွဲအာရှကွန်ဆာဗေးတစ်များ တစ်နည်းဆိုသော် ၁၉၉၇ မတိုင်မီ စီးပွားရေးကိုဦးဆောင်ခဲ့ကြသော အာရှမိသားစုများ၊ ခေါင်းကိုင်များ လက်လှမ်းမမီဖြစ်လာသည်။ ဘဏ်များကို အကူအညီတောင်းမည်၊ အစိုးရကို အကူအညီတောင်းမည်၊ ဘဏ္ဍာရေးငွေကြေးအဖွဲ့အစည်းများကို အကူအညီတောင်းမည်။ အားလုံးအကျပ်အတည်းဆိုက်နေခြင်းကြောင့် သူလည်း ကိုယ့်မကူနိုင်၊ ကိုယ်လည်း သူ့ မကူနိုင်ဖြင့် အကျပ်အတည်း ဝရုန်းသုန်းကားဖြစ်ပြီး လုပ်ငန်းများ တဖြည်းဖြည်းပြိုကွဲ ပျောက်ကွယ်ကြတော့သည်။ လူမွဲ စာရင်းခံကြတော့သည်။
ထိုအခါ အာရှအကျပ်အတည်းကို ဖြေရှင်းရန် အနောက်နိုင်ငံများမှ ပညာသင်ပြီးပြန်လာကြသော မျိုးဆက်သစ်များထံသို့ စီးပွားရေးလုပ်ငန်းများ၊ စီမံခန့်ခွဲမှုများ လက်လွှဲလိုက်ရတော့သည်။ အာရှစီးပွားရေး၊ အာရှစီမံခန့်ခွဲမှု၊ အာရှလူမှုဆက်ဆံရေး စသည့် အာရှမျက်နှာပြင်ကား အာရှမျက်နှာသစ် မျိုးဆက်သစ်များ လက်ထဲ ရောက်သွားတော့မှ အကျပ်အတည်းမှ ဖောက်ထွက်နိုင်တော့သည်။
Bank Financing မှ Equity Financing
ဤတွင် အကျပ်အတည်းမှ ဒိုင်မေးရှင်းအသစ်ဖြင့် အခုအခံလုပ်သည်။ ၎င်းမှာ အရင်းအနှီးရှာဖွေခြင်းဖြင့် Business တစ်ခု တည်ထောင်ခြင်း ‘မူ’ ပြောင်းသွားခဲ့သည်။ ကုမ္ပဏီများ၊ ကော်ပိုရေးရှင်းများ၊ စီးပွားရေးလုပ်ငန်းများ၏ အရင်းအနှီးရှာသည့် နိုင်ငံတကာ Bank Financing မှ Equity Financing ဘက်ကို ကူးပြောင်းခဲ့မှု၊ ဆယ်စုနှစ်ကြာ အတွေ့အကြုံကို အာရှသို့ ယူဆောင်လာခဲ့ကြသည်။
ဆိုရလျှင် ကုမ္ပဏီအတွက် လိုနေသောငွေကို မိသားစုမှ ချေးငှားခြင်းမလုပ်တော့။ မိတ်ဆွေအသိုင်းအဝိုင်းတွင် ချေးငှားခြင်းမလုပ်တော့။ ဘဏ်ကြီးများတွင် စီမံချက် အမျိုးမျိုးတင်ပြကာ နှစ်ပေါက်တစ်ပေါက်ရိုက် ပိုက်ဆံမချေးငှားတော့။ မိမိ၏စီးပွားရေးစီမံချက်၊ မဟာဗျူ ဟာ၊ နည်းဗျူဟာ၊ စျေးကွက်၊ ဖောက်သည်၊ အရင်းအနှီးနှင့် အရှုံးအမြတ် အားလုံး စျေးကွက်တန်ဖိုးဖြတ်လိုက်သည်။ ထိုစျေးကွက်တန်ဖိုးအား စတော့ရှယ်ယာတန်ဖိုးသတ်မှတ်ပြီး အရင်းအနှီးစျေးကွက်တွင် ရောင်းချလိုက်တော့သည်။ သို့မဟုတ် ရှယ်ယာပွဲစား၊ စတော့ပွဲစားအား ထိုးအပ်လိုက်တော့သည်။ ထိုမှ အရင်းရှာလိုက်ခြင်းကို Equity Financing လုပ်ခြင်းဟုခေါ်သည်။ ထိုနည်းဖြင့် အရင်းပြန်ရှာပြီး စီးပွားရေးလုပ်ကြခြင်းကြောင့် နာလန်ထမြန်ခဲ့သည်ဟု ပညာရှင်များက သုံးသပ်သည်။ Equity Financing ပုံစံဖြင့် အရင်းအနှီးပြန်ရှာကြသော ကုမ္ပဏီလုပ်ငန်းများအတွက် အစိုးရက အရင်းအနှီးစျေးကွက် Capital Market ဖွံ့ဖြိုးအောင်၊ ခိုင်ခံ့အောင် အားပေးအားမြောက်ပြုပေးသည်။ အစိုးရတွင်လည်း ပိုက်ဆံမရှိသဖြင့် အရင်းအနှီး စျေးကွက်မှာ ငွေရှာသူများကို မက်လုံးမျိုးစုံဖြင့် အားပေးကူညီသည်။ အာရှအကျပ်အတည်းပြီးနောက် အစိုးရသစ်များ၊ အာရှမျိုးဆက်သစ်များ၊ အရင်းအနှီးရှာပုံတော် မော်ဒယ်စျေးကွက်အသစ်များဖြင့် ဟန်ချက်ညီသွားတော့သည်။
ဥခွံဖောက်ခွဲ
မျိုးဆက်သစ်တို့၏ စီမံခန့်ခွဲမှု အသစ်၊ အင်တာပရီနာစွန့်ထွင်လိုမှု၊ ဟိတ်ဟန်ကင်းသော စီးပွားရေး ဆက်ဆံမှု၊ အရင်းအနှီးရှာပုံတော် ဖွင့်ခြင်း၊ စတော့နှင့် ဘဏ္ဍာရေးအရင်းအမြစ်ဖန်တီးမှု၊ ဂလိုဘယ်လိုက်ဇေးရှင်း၊ အိုင်တီနည်းပညာအခြေပြု၊ ကြော်ငြာနှင့် အရောင်းမြှင့်တင်မှု၊ နိုင်ငံတကာ ဥဒဟိုစီးပွားရေးဆက်ဆံမှုပုံစံ စသည့်မော်ဒယ်သစ်များကို အာရှသို့ ယူဆောင်လာခဲ့ကြခြင်းကား အကျပ်အတည်းကုထုံး ဖြစ်သွားတော့သည်ဟု ပညာရှင်များက ဖော်ထုတ်ကြသည်။
ထိုမျိုးဆက်သစ်တို့၏ အိုင်ဒီယာအသစ်များကား အာရှမိသားစု ဥခွံကို ဖောက်ခွဲလိုက်သောအခါ အာရှ၏ဒိုင်မင်းရှင်းပြောင်းသွား၏။ အစိုးရများ၊ ကုမ္ပဏီများ၊ စီးပွားရေး လုပ်ငန်းများ၏ မျက်နှာစာမှာ နိုင်ငံတကာစီးပွားရေးနှင့် အစပ်အဟပ် တည့်သွားတော့သည်။
၁၉၉၇ ခုနှစ်မတိုင်မီ စီးပွားရေးကို ဦးဆောင်ခဲ့ကြသော အိမ်ထောင်စုများမှ မွေးထုတ်လိုက်သော လူငယ်လူသစ်များ၊ တစ်နည်း အနောက်မှ ပညာသင်လာသော မျိုးဆက်သစ်များ၊ ထိုမျိုးဆက်သစ်များက စီးပွားရေးနယ်ပယ်အား နေရာယူလိုက်ခြင်းနှင့် လုပ်နည်းကိုင်နည်း ဒိုင်မင်းရှင်းအသစ်များက အာရှအား ကယ်လိုက်နိုင်ကြောင်း ပညာရှင်များက ဖော်ထုတ်ခဲ့သည်။
ဂန္ထဝင်ထဲ လသာနေသေးတဲ့မြန်မာ
မြန်မာအများစုရဲ့ အရင်းအက်ဇက်ဟာ များသောအားဖြင့် ရွှေ၊ ကားနှင့် အိမ်ခြံမြေတွေအပေါ်မှာသာ ထားကြသည်။ အစုရှယ်ယာ၊ ဘွန်း၊ ငွေချေးစာချုပ်တွေအပေါ်မှာ မထားကြ။ ဒါကြောင့် အီကွီတီစျေးကွက်၊ အရင်းအနှီးစျေးကွက် မဖွံ့ဖြိုးခြင်းဖြစ်သည်။ အရင်းအနှီးစျေးကွက် အရေးပါပုံကိုလည်း အစိုးရများ နားလည်ဟန်မတူ၊ ကွန်ဆာဗေးတစ်များ စိတ်ဝင်စားဟန်မပြ။ အရင်းအကြောင်း၊ ဘဏ္ဍာရေးဇာစ်မြစ် အကြောင်း၊ အီကွီတီအကြောင်းနှင့် ပတ်သက်ပြီး မျိုးဆက်သစ်များ နားလည်ရန် ပိုအခွင့်အလမ်း နည်းပါးသွားတော့သည်။ အကျပ်အတည်း မတိုင်မီလည်းထိုလူများ၊ အကျပ်အတည်းအတွင်း၌လည်း ထိုလူများ၊ အကျပ်အတည်းလွန်မြောက်ပြီးကာလတွင် ထိုလူများသာ စျေးကွက်ကို ဦးဆောင်သည်၊ အစိုးရကို ဦးဆောင်သည်။
ထိုရှေးရိုးစွဲလူများကြောင့် စီးပွားရေး၊ လူမှုရေးအရွေ့က အထနှေးခဲ့ခြင်းဖြစ်ဟန်တူသည်။ ထိုရှေးရိုးစွဲ ကွန်ဆာဗေးတစ်များကလည်း မျိုးဆက်သစ်များအပေါ် စိတ်မချဟန်ဖြင့် မျက်နှာစာအားလုံးအား နေရာယူလိုကြ၊ ထိုင်ခုံမက်နေခြင်းကြောင့်သာ အာရှ၏အလျှင်၊ နိုင်ငံတကာ၏ ဒိုင်းနမစ်ဆန်ဆန်အလျင်နှုန်းကို မီအောင်လိုက်နိုင်ရန် ဝေးကွာစွာ၊ ရှေးရိုးစွဲ ခေတ်နောက်ကျ ကျန်ခဲ့ခြင်းဖြစ်နိုင်ပေသည်။
ပုဂ္ဂလိကမျက်နှာစာ၊ ကုမ္ပဏီမျက်နှာစာ၊ ဗျူရိုကရေစီမျက်နှာစာ၊ ပါ၀ါနိုင်ငံရေးမျက်နှာစာစသည့် စီးပွားရေး၊ နိုင်ငံရေး၊ လူမှုရေးမျက်နှာ စာအားလုံးတွင် ယခုတိုင် ကွန်ဆာဗေးတစ်အိုင်ဒီရော်လော်ဂျီအခံနှင့် ပေါ်လစီထက် သစ္စာရှိသူများကိုသာ နေရာပေး အထိုင်ကစားသည့်ကား ယခုထိတိုင် မပြောင်းလဲနိုင်သေး။ အင်စတီကျူးရှင်းထက်၊ ဒိုင်မင်းရှင်းထက်၊ ပါ၀ါလုပ်ပိုင်ခွင့်နှင့် ထိုင်ခုံတို့ဖြင့်သာ အသားကျနေသေးသည်။ ယနေ့လူငယ်များ လမ်းပျောက်နေသည်မှာ ဆယ်စုနှစ်ငါးခုမကရှိတော့မည်။
ခေတ်အဆက်ဆက် ဦးဆောင်သူများကား ကွန်ဆာဗေးတစ်ဥခွံမှ ထွက်ဖောက်စဉ်းစားသင့်နေပြီ။










