သာမန်အသိ/ လူပြိန်းသိ (Common Sense)

သာမန်အသိ/ လူပြိန်းသိ (Common Sense)
Published 13 February 2022
ပါမောက္ခ ဒေါက်တာသောင်းဌေး (စာရင်းအင်းပညာ)

စာရေးသူသည် မိမိတို့တိုင်းပြည် နိုင်ငံတော်ကြီးအား ကမ္ဘာ့အလယ်တွင် ဂုဏ်သိက္ခာရှိပြီး ခေတ်မီဖွံ့ဖြိုးသော၊ ကြွယ်ဝချမ်းသာသော၊ အင်အားကြီးမားတောင့်တင်းသော နိုင်ငံတော်ကြီးဖြစ်စေလိုသည့်အပြင် နေထိုင်လျက်ရှိကြသည့် ပြည်သူပြည်သားများအနေဖြင့်လည်း ကိုယ်ကျန်းမာ၊ စိတ်ချမ်းစွာနှင့် ပျော်ရွှင်စွာ အသက်ရှင်ရပ်တည်နေထိုင်နိုင်စေမည့် ပတ်ဝန်းကျင်ကောင်းကို ရရှိခံစား၊ စံစားစေလိုသည့် စိတ်စေတနာ လိုအင်ဆန္ဒ အမြဲရှိသည့် သာမန်နိုင်ငံသားတစ်ဦး ဖြစ်ပါသည်။

သို့သော်လည်း စာရေးသူအနေဖြင့် မိမိ၏ လိုအင်ဆန္ဒများကို ယခုကဲ့သို့ ဆောင်းပါးများဖြင့်သာ တင်ပြပေးနိုင်ပါသည်။ စာရေးသူတို့ကဲ့သို့ လိုအင်ဆန္ဒရှိသည့် တိုင်းကျိုးပြည်ပြု လူပုဂ္ဂိုလ်ကြီးများ ပေါ်ထွက်လာစေရန် မျှော်လင့်မိပါသည်။

အမေရိကန် ပြည်ထောင်စုတွင် သမ္မတကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည့် ဆရာကြီး အီဗရာ ဟင်လင်ကွန်း (Abraham Lincoln) ၏ အဆိုအမိန့်နှင့် ယခုဆောင်းပါးကလေးကို စတင်ပါမည်။ “You must remember that some things legally right are not morally right.” အဓိပ္ပာယ်မှာ “သင့်အနေနှင့် အလေးထားဂရုပြုရမည့် အချက်မှာ အချို့သောအကြောင်းအရာကိစ္စရပ်များသည် ဥပဒေအရ မှန်ကန်နိုင်ပါသော်လည်း လူ့ကျင့်ဝတ် ကိုယ်ကျင့်တရား၊ အကျင့်စာရိတ္တအရ မှန်ကန်ခြင်းမရှိပါ။” ဖြစ်ပါသည်။

သို့ပါသော်လည်း ဥပဒေအရလည်း မှန်ကန်ခြင်းမရှိနိုင်၊ လူ့ကျင့်ဝတ်ကိုယ်ကျင့်တရား၊ အကျင့်စာ ရိတ္တအရလည်း မှန်ကန်ခြင်းမရှိသည့် အကြောင်းအရာ ကိစ္စရပ်များကို ပြုမူဆောင်ရွက်လျက်ရှိသည့် လူပုဂ္ဂိုလ်ကြီးများအား သာမန် အသိ/ လူပြိန်းသိ (Common Sense) ပင် မရှိသည့် ပျောက်ကွယ်နေသည့် လူပုဂ္ဂိုလ်ကြီးများအဖြစ် စာရေးသူအနေဖြင့် ယူဆမိပါသည်။ ထူးခြားသည့်အခြေအနေတစ်ရပ်မှာ နိုင်ငံခြားတက္ကသိုလ်ကြီးများတွင် အဆင့်မြင့်ပညာရပ်များကို သင်ယူလေ့လာခဲ့ပြီး မိမိတို့ တိုင်းပြည်နိုင်ငံတွင်လည်း ဝန်ကြီး၊ ဝန်ကလေးအဆင့်ထက် မနိမ့်သော ရာထူး၊ တာဝန်ကြီးများကို ထမ်းဆောင်ခဲ့ရပါသော်လည်း ရာထူး၊ တာဝန်မရှိတော့သည့် အချိန်သို့ ရောက်ရှိနေချိန်၌ပင် ရာထူး၊ တာဝန်ယူစဉ်ကရရှိခဲ့သည့် အဆောင် အယောင် အခွင့်အရေးတို့ကို မစွန့်လွှတ်နိုင်ဘဲ အရှက်မရှိ ရယူအသုံးပြုလျက်ရှိနေသည်ကို တွေ့ရှိနေရသည်မှာ သာမန်နိုင်ငံသားတစ်ဦးအနေဖြင့် စဉ်းစားကြည့်လျှင်ပင် အဆင်မပြေလှပါ။

အဆိုပါကဲ့သို့သော လူပုဂ္ဂိုလ်ကြီးများက မိမိတို့ တိုင်းပြည်နိုင်ငံကို ဦးဆောင်ခဲ့ကြခြင်းသည် အကြောင်းတရားဖြစ်ပြီး ယနေ့ မိမိတို့ တိုင်းပြည်နိုင်ငံကြုံတွေ့နေကြရသည်မှာ အကျိုးတရားများ ဖြစ်ကြပါသည်။ စာရေးသူ အလေးထား တင်ပြလိုသည့်အချက်မှာ တိုင်းပြည်နိုင်ငံတော်ကို တည်ဆောက်ကြရာတွင် သက်ဆိုင်ရာဘာသာ ရပ်မျိုးစုံကို သက်ဆိုင်ရာအခန်းကဏ္ဍအလိုက် အခြေခံကြရမည်ဖြစ်ပြီး ဘာသာရပ်တစ်ခုတည်း၊ အခန်းကဏ္ဍတစ်ခုတည်း၊ လူပုဂ္ဂိုလ်တစ်ဦးတည်းကိုသာ အခြေပြုပြီး စဉ်းစားခဲ့မည်ဆိုပါက အထက်ဖော်ပြပါ ကဲ့သို့ သာမန်အသိ/လူပြိန်းသိ (Common Sense) ပျောက်နေသည့် လူပုဂ္ဂိုလ်ကြီးများနှင့် တွေ့ကြုံရနိုင်ပြီးလျှင် တိုင်းပြည်နိုင်ငံတော်သည်လည်း အခက်အခဲပေါင်း မြောက်မြားစွာ စိန်ခေါ်မှုများနှင့် ကြုံတွေ့ရနိုင်ပြီး အလုံးစုံပျက်သုဉ်းသွားနိုင်ပါသည်။

အလျဉ်းသင့်သဖြင့် စာရေးသူ ပါမောက္ခ (ဌာနမှူး) တာဝန်ထမ်းဆောင်စဉ်က စာရေးသူ၏ ကိုယ်ပိုင် လက်ခံခံယူကျင်သုံးခဲ့သည့်အတွေးအခေါ် စဉ်းစားချက် ကလေးကို တင်ပါမည်။ ထိုစဉ်အချိန်ကာလ ဆရာကန်တော့ပွဲများ ပြုလုပ်သည့် အခါတွင် စာရေးသူအနေနှင့် ကျောင်းသူကျောင်းသားကလေးများက ကန်တော့သည့် ပစ္စည်းသည် ပါမောက္ခ (ဌာနမှူး) ရာထူးကို ကန်တော့ခြင်းဖြစ်ပါသလား။ သို့မဟုတ် စာရေးသူ လူပုဂ္ဂိုလ်ကို ကန်တော့ခြင်းဖြစ်ပါသလားဆိုသည့် မေးခွန်းကို အမြဲတမ်းမေးဖြစ်ပါသည်။

ပါမောက္ခ (ဌာနမှူး) ရာထူးကို ကန်တော့ခြင်းဖြစ်ပါက ပါမောက္ခ (ဌာနမှူး) ရာထူးတာဝန်ထမ်းဆောင်ချိန်တွင် အသုံးပြုခွင့်ရှိပြီး ပါမောက္ခ (ဌာနမှူး) ရာထူးတာဝန်ထမ်းဆောင်ခြင်း မပြုတော့သည့် အချိန်တွင် ဌာနပိုင်ပစ္စည်းအဖြစ် ထားရှိခဲ့ရမည်ဖြစ်ကာ ပါမောက္ခ (ဌာနမှူး) ရာထူးတာဝန်ကို ထမ်းဆောင်မည့်သူက ဆက်လက်အသုံးပြုရန်ဖြစ်ပါသည်။ လူပုဂ္ဂိုလ်ကို ကန်တော့ခြင်းဖြစ်ပါမူ စိတ်ကြိုက်အသုံးပြုနိုင်ပါသည်။ သို့သော်လည်း ကျောင်းသူကျောင်းသားကလေးများက ကန်တော့သည့် ပစ္စည်းအများစုမှာ တစ်ကိုယ်ရေသုံးပစ္စည်းများသာ ဖြစ်တတ်သဖြင့် လူပုဂ္ဂိုလ်ကို ကန်တော့ခြင်းဖြစ်သည်က များပါသည်။

ဥပဒေအရလည်း မှန်ကန်ခြင်း မရှိနိုင်၊ လူ့ကျင့်ဝတ်ကိုယ်ကျင့် တရား၊ အကျင့်စာရိတ္တအရလည်း မှန်ကန်ခြင်းမရှိသည့် အခြေအနေကို တင်ပြပြီးဖြစ်သည့်အတွက် ယခုဥပဒေအရ မှန်ကန်ခြင်း ရှိနိုင်ပါသော်လည်း လူ့ကျင့်ဝတ် ကိုယ်ကျင့်တရား၊ အကျင့်စာရိတ္တအရ မှန်ကန်ခြင်း မရှိသည့်အခြေအနေကို တင်ပြပါမည်။

ဥပမာအားဖြင့် နိုင်ငံတော်အဆင့် ပြည်ထောင်စု အဝေးပြေးလမ်းမကြီး (National highway) သိုမဟုတ် အမြန်လမ်းမကြီး (Express Way) များ၏ ဥပဒေအရ မော်တော်ဆိုင်ကယ်၊ ထော်လာဂျီ၊ အနှေးယာဉ်များ တက်ရောက် မောင်းနှင်ခွင့် မရှိ၊ မောင်းနှင်ခြင်း မပြုရဟု သတ်မှတ်ထားသည့်အတွက် တက်ရောက်မောင်းနှင်သည့် မော်တော်ဆိုင်ကယ်၊ အနှေးယာဉ်များကို မော်တော်ကားမောင်းနှင်သူများက ဥပဒေအရ တိုက်သတ်ခွင့်ရှိပါသည်ဟု ဆိုပါသော်လည်း အခြားတစ်ဖက်ကလည်း မော်တော်ဆိုင်ကယ်၊ အနှေးယာဉ်များကို မောင်းနှင်လျက်ရှိသူများမှာ လူသားများ ဖြစ်နေသဖြင့် လူ့ကျင့်ဝတ် ကိုယ်ကျင့်တရား၊ အကျင့်စာရိတ္တအရ တိုက်သတ်ခွင့်မရှိပါ။

ထို့ပြင် ပထမအချက်အနေဖြင့် မော်တော်ဆိုင်ကယ်၊ အနှေးယာဉ်များကို မောင်းနှင်သူများအနေဖြင့် နိုင်ငံတော်အဆင့် ပြည်ထောင်စု အဝေးပြေးလမ်းမကြီးများပေါ်တွင် တက်ရောက်မောင်းနှင်ခွင့်မရှိကြောင်း သိမြင်နားလည်နိုင်စေရန် သတိပေးစာတန်းများ ချိတ်ဆွဲထားခြင်း၊ ပညာပေးခြင်းများကို တာဝန်ရှိသူများက ဆောင်ရွက်ပြီး ဖြစ်ပါသလား ဆိုသောမေးခွန်းနှင့် ဒုတိယအနေနှင့် နိုင်ငံတော်အဆင့် ပြည်ထောင်စု အဝေးပြေးလမ်းမကြီးများပေါ်တွင် တက်ရောက် မောင်းနှင်ခွင့်မရှိပါက အခြားအလွယ်တကူ သွားလာနိုင်စေမည့်လမ်းများ ဖောက်လုပ်ထားရှိပြီး ဖြစ်ပါသလား ဆိုသောမေးခွန်းများ ဖြစ်ပေါ်လာစေပါသည်။

အကယ်၍ တာဝန်ရှိသူများက ၎င်းတို့၏တာဝန်ကို ကျေပွန်စေရန် ဆောင်ရွက်ထားခြင်းမပြုဘဲ ဥပဒေများ အတည်ပြုပြဋ္ဌာန်းခြင်း၊ စည်းမျဉ်းစည်းကမ်းများ ထုတ်ပြန်ခြင်းသည် တိုင်းပြည်နိုင်ငံတော်နှင့် ပြည်သူပြည်သားများအပေါ်တွင် ရက်စက်ကြမ်းကြုတ်သည့် အပြုအမူ လုပ်ရပ်များပင် ဖြစ်ပါသည်။

ဖော်ပြပါ အခြေအနေများကို လေ့လာခြင်းအားဖြင့် သာမန် အသိ/လူပြိန်းသိ (Common Sense) သည် ပညာတတ်မြောက်ခြင်း၊ အုပ်ချုပ်ရေးအာဏာကို ရရှိခြင်း (ခေါင်းဆောင်ဖြစ်ခြင်း)၊ ငွေကြေးချမ်းသာကြွယ်ဝခြင်းတို့နှင့် တိုက်ရိုက်သက်ဆိုင်ခြင်းမရှိပါ။ ရှေးလူကြီးသူမတို့က ကရုဏာဒေါသောနှင့် ခပ်ပြင်းပြင်းဆုံးမရာတွင် အသုံးပြုခဲ့ကြသည့် စကားလုံး စကားရပ်များအရ တင်ပြရပါလျှင် “အာဏာရူး၊ ဥစ္စာရူး၊ ကာမရူး” အသိစိတ် ဖြစ်ပေါ်လျက်ရှိနေသူတို့မှာ အာဏာအတွက်၊ ဥစ္စာအတွက်၊ ကာမအတွက် သူတို့၏အသက်ခန္ဓာကို ပေးဆပ်နိုင်ကြပါသော်လည်း မိမိတို့တိုင်းပြည်နိုင်ငံတော်ကို တည်ဆောက်မည့်သူများ မဟုတ်ကြပါ။

သာမန်အသိ/လူပြိန်းသိရှိသူတို့ကသာလျှင် မိမိတို့ တိုင်းပြည် နိုင်ငံတော်ကို တည်ဆောက်နိုင်ကြပါလိမ့်မည်။ ထို့ကြောင့် သာမန် အသိ/ လူပြိန်းသိရှိသူတို့အတွက် တိုင်းပြည်နိုင်ငံတော်ကို တည်ဆောက်နိုင်စေမည့် ပတ်ဝန်းကျင်အား ဖန်တီးတည်ဆောက်နိုင်ရန်မှာ မိမိတို့ တိုင်းပြည်နိုင်ငံအတွက် အရေးကြီးဆုံးအချက် ဖြစ်နေပါသည်။

စာရေးသူ ယခုဆောင်းပါးကို ရေးသားတင်ပြရသည့် အကြောင်းရင်းမှာ မိမိတို့ တိုင်းပြည်နိုင်ငံတော်တွင် သာမန်အသိ/လူပြိန်းသိ (Common Sense) မရှိဘဲ ပျောက်ကွယ်နေသည့် လူပုဂ္ဂိုလ်ကြီးများအနေဖြင့် တိုင်းပြည် နိုင်ငံတော်ကို ဦးဆောင်ဦးရွက်ပြုရသည့်အခန်းကဏ္ဍနှင့် အုပ်ချုပ်ရေးကဏ္ဍတွင် အထိန်းအကွပ်မဲ့ လွတ်လပ်စွာ ပါဝင်ခွင့်ရရှိသည့် အခြေအနေ ဖြစ်ပေါ်ခဲ့သည်ကို မီးမောင်းထိုးတင်ပြလိုခြင်းနှင့် ဖော်ပြပါ အကြောင်းများကြောင့် ယနေ့အကျိုးများဖြစ်ပေါ်လျက်ရှိသည်ကို သိမြင်ပြီး သင်ခန်းစာများ ထုတ်နုတ်ရယူနိုင်ကြစေရန် ဖြစ်သည့်အပြင် နောင်တွင် တိုင်းပြည်နိုင်ငံတော်၏ အုပ်ချုပ်ရေးအာဏာ အလုံးစုံကို သာမန် အသိ/လူပြိန်းသိ (Common Sense) မရှိသည့် လူပုဂ္ဂိုလ်ကြီး တစ်ဦးတစ်ယောက်၏ ဦးဆောင်မှုအောက်တွင် ကာလကြာရှည်စွာ တည်ရှိနေခဲ့ပါက တိုင်းပြည်နိုင်ငံတော်သည် အလုံးစုံပျက်သုဉ်းသည့် အခြေအနေသို့ ရောက်ရှိသွားနိုင်ပါသည်ဆိုသည့် သဘောတရားကို သိမြင်နားလည်စေရန်နှင့် သာမန် အသိ/လူပြိန်းသိ ရှိသူတို့အတွက် တိုင်းပြည်နိုင်ငံတော်ကို တည်ဆောက်နိုင်စေမည့် ပတ်ဝန်းကျင်အား ဖန်တီးတည်ဆောက်နိုင်ရန်မှာ မိမိတို့ တိုင်းပြည်နိုင်ငံအတွက် အရေးအကြီးဆုံးအချက်ဖြစ်နေသည်ကို အဆိုပြုတင်ပြရန် ဖြစ်ပါသည်။

ပထမဦးစွာ တိုင်းပြည်နိုင်ငံတော်ကို တည်ဆောက်ကြရာတွင် သာမန်အသိ/လူပြိန်းသိ (Common Sense) ၏ အရေးကြီးပုံကို တင်ပြပါမည်။

ယခုတင်ပြချက်သည် ဆရာကြီး သောမတ်ပိန်း (Thomas Paine) ၏ သာမန်အသိ/လူပြိန်းသိ (Common Sense) ခေါင်းစဉ်နှင့် ရေးသားတင်ပြထားချက်များ (Reference:1) ကို အခြေခံပြီး တင်ပြခြင်း ဖြစ်ပါသည်။ ဆရာကြီးက အင်္ဂလန်နိုင်ငံ၏ ဖွဲ့စည်းတည်ဆောက်ပုံစနစ်ယန္တရားများ လည်ပတ်နေပုံနှင့် အမေရိကန် ပြည်ထောင်စုအဖြစ် ဖွဲ့စည်းဖြစ်ပေါ်လာခဲ့ပုံများကို သာမန်အသိ/လူပြိန်းသိ (Common Sense) ခေါင်းစဉ်ဖြင့် ရေးသားတင်ပြထားခြင်း ဖြစ်ပါသည်။

တင်ပြထားချက်အားလုံးကိုမူ ယခုဆောင်းပါးအဆင့်ဖြင့်ပြီး ပြည့်စုံအောင်တင်ပြရန် မဖြစ်နိုင်ပါ။ အရေးကြီးသည့် အစိတ်အပိုင်း အချို့ကိုသာ ရွေးချယ်ပြီး ဘာသာပြန်တင်ပြပေးပါမည်။

အမေရိကန်ပြည်ထောင်စုအဖြစ် ဖွဲ့စည်းဖြစ်ပေါ်လာရန် ကြိုးပမ်းအားထုတ်ခဲ့ကြသည့် လူပုဂ္ဂိုလ်ကြီးများ၏ အခြေခံစဉ်းစားချက်အချို့ကို တင်ပြပါမည်။

စာရေးသူအနေဖြင့် စိတ်ဝင်စားမိသည့်အချက်မှာ အင်္ဂလန်နိုင်ငံတွင် ဘုရင် သို့မဟုတ် ဘုရင်မက တိုင်းပြည်နိုင်ငံကို ဦးဆောင်လျက်ရှိပါသဖြင့် အမေရိကန်ပြည်ထောင်စုတွင် ဘုရင် သို့မဟုတ် ဘုရင်မနေရာကဲ့သို့ ဦးဆောင်မှု ပေးနိုင်ရန် မည်ကဲ့သို့ ဖွဲ့စည်းတည်ဆောက်ပါမည်လဲ ဆိုသည်ကို အဖြေရှာခဲ့ကြသည်မှာ -

“….. that in America the law is King. For as in absolute governments the King is law, so in free countries the law ought to be king; and there ought to be no other.” (Reference: 1, pp-99) 1ဖော်ပြထားချက်အရ “…အမေရိကန်ပြည်ထောင်စုတွင် တည်ဆဲဥပဒေသည် ဘုရင် သို့မဟုတ် တိုင်းပြည် နိုင်ငံတော်ကို ဦးစီးဦးဆောင်ပြုသည့် အကြီးအကဲဖြစ်ပါသည်။ ပကတိအစစ်အမှန်ဖြစ်သည့် အစိုးရများအတွက် ဘုရင် သို့မဟုတ် တိုင်းပြည်နိုင်ငံကို ဦးစီးဦးဆောင်ပြုသည့် နိုင်ငံတော်အကြီးအကဲသည် ဥပဒေ ဖြစ်ပါသည်။ လွတ်လပ်သည့် တိုင်းပြည်နိုင်ငံများ အနေနှင့်လည်း ဥပဒေသာလျှင် ဘုရင် သို့မဟုတ် ဦးဆောင်ဦးရွက်ပြုမည့် နိုင်ငံတော်အကြီးအကဲ ဖြစ်သင့်ပါသည်။ အခြားမည်သည့် အကြောင်းအရာ လူပုဂ္ဂိုလ်မျှ မဖြစ်သင့်ပါ။”

ထို့ပြင် နိုင်ငံရေးသမားများနှင့် အစိုးရအကြား တာဝန်ခွဲဝေသတ်မှတ်နိုင်ရန် ကြိုးစားအားထုတ်ခဲ့ကြပုံမှာလည်း စိတ်ဝင်စားစရာ ကောင်းပါသဖြင့် တင်ပြပါသည်။ “of the Politician consists in fixing the true point of happiness and freedom.  Those men would deserve the gratitude of ages, who should discover a mode of government that contained the greatest sum of individual happiness, with the least national expense.” (Drago-netti on “Virtues and Reward.”) (Reference :1, pp- 99).

တင်ပြထားချက်မှာ “နိုင်ငံရေးသမားများအနေဖြင့် လွတ်လပ်ခြင်းနှင့် ပျော်ရွှင်ခြင်းတို့၏ ဆုံချက် (ဆုံမှတ်) အမှန်ကို ရှာဖွေပေးနိုင်ရမည် ဖြစ်ပါသည်။ တိုင်းသူပြည်သားများအနေနှင့် အသက်အရွယ်အလိုက် နိုင်ငံသားအားလုံးတို့၏ အကျိုးစီးပွားအတွက် ဆောင်ရွက်နိုင်သည့် ကျေးဇူးတရားများနှင့် ထိုက်တန်စွာ အသိအမှတ်ပြုဖော်ဆောင်ပေးနိုင်မည့် စွမ်းဆောင်ရည်ရှိသော အစိုးရတစ်ရပ် ရရှိနိုင်စေရန်လည်း ကြိုးစားသင့်ပါသည်။ အမြင့်မားဆုံး စွမ်းဆောင်ရည်ရှိသော အစိုးရဆိုသည်မှာ တိုင်းပြည်နိုင်ငံ၏ အသုံးစရိတ် အနည်းဆုံးနှင့် လူအများစု (အများဆုံး စုစုပေါင်း လူဦးရေ) အတွက် လူတစ်ဦးချင်းစီ၏ ပျော်ရွှင်ချမ်းမြေ့မှု အမြင့်မားဆုံးကို ရရှိရောက်ရှိနိုင်စေရန် ထိန်းသိမ်းဆောင်ရွက်နိုင်ခြင်းပင် ဖြစ်ပါသည်။”

တိုင်းပြည် နိုင်ငံတော်၏ အချုပ်အခြာအာဏာကို သုံးစွဲခြင်း ကျင့်သုံးခြင်းများ ပြုလုပ်ရာတွင် သတိပြုရမည့် ဖော်ပြထားချက်ကို နောက်ဆုံး ကောက်နုတ်တင်ပြပါသည်။ “As a long and violent abuse of power is generally means of calling the right of it in question, …” ရှင်းလင်းတင်ပြထားသည်မှာ “အချိန်ကာလကြာမြင့်စွာ ရက်စက်ကြမ်းကြုတ်ပြီး အာဏာကို အလွဲသုံးစားပြု မတရားညှဉ်းပန်းနှိပ်စက်ခြင်းများ ပြုလုပ်ပြီး အုပ်ချုပ်ခြင်းသည် ထိုကဲ့သို့ပြုလုပ်သည့် အပြုအမူများကို စိန်ခေါ်မည့် ဆန့်ကျင်သည့် အခွင့်အရေးကို ရှာဖွေသည့် နည်းလမ်းများအား ကျယ်ကျယ်ပြန့်ပြန့် ပေါ်ပေါက်လာစေပါသည်ဆိုသည့် မေးခွန်းဖြစ်ပါသည်။”

ဒုတိယအနေဖြင့် သာမန် အသိ/လူပြိန်းသိ (Common Sense) ၏ သဘောတရားအချို့ကို ရှင်းလင်းတင်ပြနိုင်ရန် ပုံတွင်ဖော်ပြထားပါသည်။ ပုံတွင် စာဖတ်သူတို့ အလွယ်တကူ သိမြင်နားလည်နိုင်စေရေးအလို့ငှာ အထက်တွင် ရှင်းလင်းတင်ပြပြီးဖြစ်သည့် နိုင်ငံတော်အဆင့် ပြည်ထောင်စုအဝေးပြေးလမ်းမကြီး (National Highway) သို့မဟုတ် အမြန်လမ်းမကြီး (Express Way) များ ဥပမာနှင့် ဆရာကြီး သောမတ်ပိန်း (Thomas Paine) ၏ သာမန်အသိ/ လူပြိန်းသိ (Common Sense) စာအုပ်ကို ဖော်ပြထားပါသည်။

အခြားဖော်ပြထားချက်မှာ သာမန်အသိ/ လူပြိန်းသိ (Common Sense) ၏ သဘောတရားများတွင်လည်း (So Common) အဖြစ်သို့ ရောက်ရှိ ဖြစ်ပေါ်လာစေခြင်း မရှိနိုင်စေရန် ထိန်းသိမ်းကာကွယ် စောင့်ရှောက်ရမည့် အခြေအနေကို တင်ပြထားပါသည်။ စာဖတ်သူတို့ တွေ့မြင်နေရသည့် ပုံအရ လူတစ်ဦးက သစ်ကိုင်းပေါ်တွင် ထိုင်လျက် ထိုသစ်ကိုင်းကို ဖြတ်ချနေခြင်း ဖြစ်ပါသည်။ ထို့ကြောင့် သာမန်အသိ/ လူပြိန်းသိ (Common Sense) ၏ သဘောတရားများမှာ လုံးဝ အဆင်ခြင်မဲ့ခြင်း၊ စဉ်းစားဉာဏ်မဲ့ခြင်း (So Common) ဖြစ်သည့် အခြေအနေ မဟုတ်သည်ကို သတိပြုရမည်ဖြစ်ပါသည်။ စာရေးသူအနေနှင့် (So Common) ကို မြန်မာဘာသာသို့ တိုက်ရိုက်ပြန်ဆိုနိုင်ရန် ကြိုးစားရာတွင် စိန်ခေါ်မှုနှင့် အခက်အခဲများစွာ တွေ့ရှိခဲ့ရပါသည်။ စာရေးသူ၏ မိတ်ဆွေတစ်ဦးက အကြံပြုရာတွင် (So Common) ကို “ပြိန်းလွန်းတာ” ဟု ဘာသာပြန်ဆိုသင့်ပြီး (Common Sense) ၏ သဘောတရားများမှာ “လူမိုက် နှင်းတော တိုးခြင်း” မျိုး မဟုတ်သကဲ့သို့ “အများညီတိုင်းလည်း ဤကို ကျွဲဖတ်ခြင်း” လည်း မဟုတ်သည်ကို သတိပြုနိုင်ကြရမည်ဖြစ်ကြောင်းကိုလည်း အကြံပြုခဲ့ပါသည်။

တတိယအနေဖြင့် မိမိတို့ တိုင်းပြည်နိုင်ငံတွင် ဖြစ်ပေါ်တည်ရှိနေသည့် အခြေအနေကို စာရေးသူ၏ အမြင်သက်သက်ဖြင့် မြင်ရတွေ့ရှိနေရသည့် အချက်အလက်များအပေါ်တွင် အခြေခံကာ တင်ပြပါမည်။ လွတ်လပ်ရေးရရှိပြီး နောက်ပိုင်း မိမိတို့တိုင်းပြည်နိုင်ငံကို ဦးဆောင်ခဲ့ကြသူများမှာ တိုင်းပြည် နိုင်ငံတော်ကြီးကို တည်ဆောက်ရန် ကြိုးပမ်းအားထုတ်သည့် အခြေအနေ အရိပ်အယောင်များပင် မြင်တွေ့ရခြင်းမရှိပါ။ တည်ဆောက်မည့် တိုင်းပြည်နိုင်ငံတော်ကြီး၏ ဒီဇိုင်း မိုဒယ်ပုံစံကို စနစ်တကျ ဖော်ဆောင်ခြင်းကိုလည်း ကြိုးပမ်းအားထုတ် ပြုလုပ်ကြသည်ကို  မတွေ့ရှိရပါ။ ယုတ်စွအဆုံး တိုင်းပြည်နိုင်ငံတော်ကြီးကို ဦးဆောင်ဦးရွက်ပြုမည့် သဘောသဘာဝနှင့် အကောင်အထည်ဖော် ဆောင်ရွက်မည့် သဘောသဘာဝကိုပင် ကွဲကွဲပြားပြား တည်ဆောက်နိုင်ခြင်း မရှိခဲ့သည်မှာ ယနေ့ထက်တိုင်ဖြစ်ပါသည်။

အထက်ပါကဲ့သို့ ဖြစ်ပေါ်နေရသည်မှာ အဘယ့်ကြောင့် ဖြစ်ပါသလဲဟု မေးခွန်းကို စာရေးသူအနေဖြင့် ဖြေဆိုရပါလျှင် သာမန်အသိ/ လူပြိန်းသိ (Common Sense) သိရှိသူများ တိုင်းပြည်နိုင်ငံတော်ကို တည်ဆောက်ခွင့် မရရှိခဲ့သည့်အတွက်ကြောင့်ဖြစ်ပါသည်။ တစ်နည်းအားဖြင့် တင်ပြရပါလျှင် သာမန်အသိ/ လူပြိန်းသိ (Common Sense) သိရှိသူများ တိုင်းပြည် နိုင်ငံတော်၏ ဦးဆောင်မှု အခန်းကဏ္ဍတွင် ပါဝင်ခွင့် မရရှိခဲ့ကြသည့်အတွက် ဖြစ်ပါသည်။

သို့သော် အချို့သော ပညာရှင်ကြီးများကလည်း မိမိရာထူး၊ အာဏာရရှိစေရေးအတွက် မိမိတို့သိရှိထားသည့် သာမန်အသိ/ လူပြိန်းသိ (Common Sense) သဘောတရားများကို လျစ်လျူရှုကာ “ အာဏာရှိနေသူ၊ အင်အားရှိနေသူ၊ ရာထူးရှိနေသူတို့၏ အကြောင်းကို အားလုံးကောင်းပါသည်ဟု ပြောဆိုရေးသားတင်ပြပြီး၏ ကျန်တဲ့သူ အားလုံး မကောင်းပါ။” ဟု ရေးသားတင်ပြခြင်းဖြင့် ရာထူး၊ အာဏာ၊ အခွင့်အရေးများကို ရယူပြီး တိုင်းပြည်နိုင်ငံတော်နှင့် ပြည်သူ ပြည်သားများ၏အကျိုးထက် မိမိ၏ ကိုယ်ကျိုးစီးပွားများကိုသာ ရှာဖွေခဲ့ကြပါသည်။

နိဂုံးချုပ်အနေဖြင့် တင်ပြလိုသည်မှာ မိမိတို့ တိုင်းပြည်နိုင်ငံတော်တွင် သာမန်အသိ/ လူပြိန်းသိ (Common Sense) မရှိဘဲ ပျောက်ကွယ်နေသည့် လူပုဂ္ဂိုလ်ကြီးများအနေဖြင့် တိုင်းပြည် နိုင်ငံတော်ကို ဦးဆောင်ဦးရွက် ပြုရသည့် အခန်းကဏ္ဍနှင့် အုပ်ချုပ်ရေးကဏ္ဍတွင် အထိန်းအကွပ်မဲ့ လွတ်လပ်စွာ ပါဝင်ခွင့်ရရှိသည့် အခြေအနေ ဖြစ်ပေါ်လာခဲ့ပါက ဆိုးကျိုးများ ဖြစ်ပေါ်လာခြင်း မရှိမီ အချိန်မီ ထိန်းသိမ်းကာကွယ်နိုင်ကြစေရန်နှင့် နောင်တွင် တိုင်းပြည်နိုင်ငံတော်၏ အုပ်ချုပ်ရေးအာဏာ အလုံးစုံကို သာမန်အသိ/ လူပြိန်းသိ (Common Sense) မရှိသည့် လူပုဂ္ဂိုလ်ကြီး တစ်ဦးတစ်ယောက်၏ ဦးဆောင်မှုအောက်တွင် ကာလကြာရှည်စွာ တည်ရှိနေခဲ့ပါက တိုင်းပြည်နိုင်ငံတော်သည် အလုံးစုံပျက်သုဉ်းသည့် အခြေအနေသို့ ရောက်ရှိသွားနိုင်ပါသည် ဆိုသည့် သဘောတရားကို သိမြင်နားလည်ကြပြီးလျှင် သာမန်အသိ/ လူပြိန်း သိရှိသူတို့အတွက် တိုင်းပြည်နိုင်ငံတော်ကို တည်ဆောက်နိုင်စေမည့် ပတ်ဝန်းကျင်အား ဖန်တီးတည်ဆောက်နိုင်ကာ မိမိတို့တိုင်းပြည်နိုင်ငံတော်ကြီး သာယာဝပြောစေရေးအတွက် အစွမ်းကုန်ကြိုးစား ဆောင်ရွက်နိုင်ကြပါစေကြောင်း ရေးသားတင်ပြအပ်ပါသည်။

Reference:

1. Thomas Paine, “Common Sense”, “The Writings of Thomas Paine”, Collected and Edited by Moncure Daniel Conway, Vol. I (1774-1779), pp-67-120.

Most Read

Most Recent