စတုတ္ထလှိုင်းစရန် တာစူလာသည့် အိုမီခရွန်နှင့် မြန်မာနိုင်ငံ ဘယ်လိုပြင်ဆင်မလဲ

စတုတ္ထလှိုင်းစရန် တာစူလာသည့် အိုမီခရွန်နှင့် မြန်မာနိုင်ငံ ဘယ်လိုပြင်ဆင်မလဲ
ရန်ကုန်မြို့ မြို့နယ်တစ်ခုအတွင်း COVID-19 ပိုးတွေ့လူနာ လာရောက်သယ်ဆောင်သောယာဉ်များကို COVID-19 တတိယလှိုင်းကာလက တွေ့ရစဉ် (ဓာတ်ပုံ-သီဟအောင်)
ရန်ကုန်မြို့ မြို့နယ်တစ်ခုအတွင်း COVID-19 ပိုးတွေ့လူနာ လာရောက်သယ်ဆောင်သောယာဉ်များကို COVID-19 တတိယလှိုင်းကာလက တွေ့ရစဉ် (ဓာတ်ပုံ-သီဟအောင်)
Published 13 February 2022
ပြည့်ဖြိုးအောင်

မြန်မာနိုင်ငံတွင် အိုမီခရွန်ရောဂါပိုး ပြည်တွင်းကူးစက်မှုများ တွေ့ရှိခဲ့ပြီးနောက် ဖေဖော်ဝါရီလ ဒုတိယပတ်မှစပြီး ကိုဗစ်ရောဂါပိုး တွေ့ရှိမှု အရေအတွက်မှာ ၁၀၀၀ ကျော်အထိ ပြန်လည်မြင့်တက်လာခဲ့ပြီး နေ့အလိုက် ကူးစက်မှုရာခိုင်နှုန်း လေးရာခိုင်နှုန်းမှ ခြောက်ရာခိုင်နှုန်းကျော်အထိ ပြန်လည်မြင့်တက်ခဲ့သည်။

ကမ္ဘာ့နိုင်ငံအနှံ့တွင် ကူးစက်ပျ့ံနှံနေသည့် အိုမီခရွန်ပိုးကြောင့် နိုင်ငံအသီးသီးတွင်လည်း နေ့အလိုက် ရောဂါကူးစက်ခံရသူ မြင့်တက်နေဆဲဖြစ်ခြင်းကြောင့် ရောဂါ ထိန်းချုပ်ရေးအတွက် အရှိန်အဟုန်မြင့် ဆောင်ရွက်နေရဆဲဖြစ်သည်။

ကျန်းမာရေးဝန်ကြီးဌာန၏ နေ့အလိုက် COVID-19 ဓာတ်ခွဲနမူနာ စစ်ဆေးနိုင်မှုအရ အခြားတိုင်းဒေသကြီးနှင့်ပြည်နယ်ထက် လူဦးရေထူထပ်များပြားသည့် ရန်ကုန်တိုင်းဒေသကြီးတွင် ပိုးတွေ့ရှိမှု ရာခိုင်နှုန်း အများဆုံး ဖြစ်ပွားလျက် ရှိသည်။

ကူးစက်မြန် အိုမီခရွန်နှင့် ကိုဗစ်စတုတ္ထလှိုင်း စပြီလား

မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ် မေ ၂၇ ရက်တွင် ကိုဗစ်ရောဂါပိုးတွေ့ရှိမှု ငါးရာခိုင်နှုန်းကျော်တွေ့ရှိခဲ့ရာမှ ကိုဗစ်တတိယလှိုင်းဖြစ်ပေါ်လာခဲ့ပြီး ကူးစက်မြန် ဒယ်လ်တာဗိုင်းရပ်စ်ကြောင့် ကူးစက်ခံရသူနှင့် သေဆုံးသူ အများအပြား ရှိခဲ့သည်။

လက်ရှိတွင် ဒယ်လ်တာဗိုင်းရပ် ထက်ပင် ကူးစက်မှု ပိုမိုမြန်ဆန်သည့် အိုမီခရွန်ရောဂါပိုးကို မြန်မာနိုင်ငံအတွင်း တွေ့ရှိလာချိန်မှစတင်ကာ ဖေဖော်ဝါရီ ပထမပတ်တွင် ပိုးတွေ့ရှိသူဦးရေ သိသိသာသာပြန်လည် မြင့်တက်လာပြီး ဖေဖော်ဝါရီ ၁၀ ရက်တွင် ရောဂါကူးစက်မှုလှိုင်းတစ်ခုအဖြစ် သတ်မှတ်နိုင်သည့် ပိုးတွေ့ရှိမှု ငါးရာခိုင်နှုန်းကျော် တွေ့ရှိလာခဲ့သည်။ 

ပြီးခဲ့သည့် ၂၀၂၁ခုနှစ် ဒီဇင်ဘာနှင့် ယခုနှစ် ဇန်နဝါရီတွင် နေ့စဉ် ဓာတ်ခွဲနာမူနာ တစ်သောင်းကျော်ကို စစ်ဆေးခဲ့ပြီး ပိုးတွေ့ရှိမှုရာခိုင်နှုန်း တစ်-ရာခိုင်နှုန်းဝန်းကျင်သာရှိခဲ့ပြီး COVID-19 ကြောင့် သေဆုံးသူအနေဖြင့် ဒီဇင်ဘာအတွင်း  စုစုပေါင်း ၁၆၂ ဦးနှင့် ဇန်နဝါရီ ၁ ရက်မှ ၂၃ ရက်အထိ သေဆုံးသူ စုစုပေါင်း ၄၂ ဦး ရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ သိရသည်။

ဖေဖော်ဝါရီလ ပထမပတ်တွင် ဓာတ်ခွဲနမူနာ နှစ်သောင်းကျော်အထိ စစ်ဆေးခဲ့ပြီး ပိုးတွေ့ရှိမှု တစ်-ရာခိုင်နှုန်းကျော်ရှိကာ ဖေဖော်ဝါရီ ၁၀ ရက်တွင် ပိုးတွေ့ရှိမှု ငါးရာခိုင်နှုန်းကျော်နှင့် ဖေဖော်ဝါရီ  ၁၁ ရက်တွင် ခြောက်ရာခိုင်နှုန်းကျော်အထိ ပြန်လည်မြင့်တက်လာခဲ့သည်။

ယင်းသို့ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ရောဂါပိုးတွေ့ရှိသည့် ရာခိုင်နှုန်းမြင့်တက်မှုအနက် လူဦးရေ ထူထပ်သည့် ရန်ကုန်တိုင်းက ရောဂါပိုးတွေ့ရှိသူဦးရေ အများဆုံးဖြစ်နေခြင်းက စိုးရိမ်စရာအခြေအနေ ဖြစ်လာသည်။

ရောဂါပိုးတွေ့ရှိမှု ရာခိုင်နှုန်း ၅ ဒသမ ၃၈ ရာခိုင်နှုန်းရှိခဲ့သည့် ဖေဖော်ဝါရီ ၁၀ ရက်တွင် တိုင်းဒေသကြီး အလိုက် ကိုဗစ်ရောဂါပိုးတွေ့ရှိသူ ၁၀၄၃ ဦးအနက် ရန်ကုန်တိုင်းဒေသကြီးတွင် ရောဂါပိုးတွေ့ရှိသူ ၆၁၈ ဦး ရှိခဲ့သည်။ အလားတူ ဖေဖော်ဝါရီ ၁၁ ရက်တွင် ဓာတ်ခွဲအတည်ပြုလူနာ ၁၃၀၇ ဦးအနက် ရန်ကုန်တိုင်းမှ ၇၅၈ ဦးဖြင့် အများဆုံးဖြစ်ပြီး ရာခိုင်နှုန်းအားဖြင့် ပိုးတွေ့ရှိမှု၏ ၆၀ ရာခိုင်နှုန်းမှာ ရန်ကုန်တိုင်းတွင် တွေ့ရှိထားသည်။

ရန်ကုန်တိုင်းအတွင်း COVID-19 ဖြစ်ပွားမှု ပြန်လည်မြင့်တက်လာသဖြင့် ကာကွယ်ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ ကြိုတင်ဆောင်ရွက်ရန် ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းက ဖေဖော်ဝါရီ ၆ ရက်တွင် ပြုလုပ်သည့် ရန်ကုန်တိုင်းဒေသကြီးအတွင်း COVID-19 ရောဂါဖြစ်ပွားမှုများကို အချိန်နှင့်တစ်ပြေးညီ ထိရောက်စွာ ကာကွယ်ထိန်းချုပ် ကုသရေးနှင့်ပတ်သက်၍ လုပ်ငန်းညှိနှိုင်း အစည်းအဝေးတွင် ပြောကြားခဲ့သည်။

လက်ရှိတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်း Quarantine စင်တာများနှင့် ကုသရေးစင်တာကို ဆက်တိုက်ဖွင့်လှစ်ထားပြီး လူနာလက်ခံသည့်စင်တာများမှာ ရိုးမရိပ်သာ၊ အောင်မြင့်မိုရ်၊ အုတ်တစ်ချပ် သဲတစ်ပွင့်၊ ဇီဝက စသည့်စင်တာများဖြစ်သည်။

ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်ရှိ အောင်မြင့်မိုရ် ကိုဗစ်ကုသရေးစင်တာသို့ နေ့စဉ် ကိုဗစ်လူနာ ၉၀ ကျော် လာရောက်ကုသလျက်ရှိပြီး စင်တာတွင် ဝင်ဆံ့သည့် လူနာဦးရေ ထက်ဝက်ကျော်ရှိလာကြောင်း ယင်းကုသရေးစင်တာ တာဝန်ရှိသူက ပြောကြားသည်။

“လာတက်တဲ့သူတွေ များလာပါတယ်။ နေ့စဉ်ပျမ်းမျှ ၉၀ နဲ့ ၁၀၀ ကြားရှိပါတယ်။ လက်ရှိမှာ ၃၂၀ ကျော်ရှိတယ်။ လူနာ ၆၀၀ လောက်အထိ ဆံ့အောင် ဆောင်ရွက်ထားပါတယ်။ လူနာကတော့ ဝင်ဆံ့နိုင်တဲ့ ဦးရေ ထက်ဝက်ကို ကျော်လာပါပြီ။ အရင်ကူးစက်မှုလောက် မပြင်းထန်တော့ အခက်အခဲ သိပ်မရှိပါဘူး။ အဓိက,ကတော့ စေတနာဝန်ထမ်း လူအင်အား လိုအပ်ပါတယ်” ဟု အောင်မြင့်မိုရ် ကိုဗစ်ကုသရေးစင်တာမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ရန်ကုန်တိုင်းဒေသကြီးတွင် ကိုဗစ်ရောဂါပိုး တွေ့ရှိမှု များလာသဖြင့် ပရဟတိအသင်းများအနေဖြင့် ကိုဗစ်စင်တာများသို့ ရောဂါပိုး ကူးစက်သူများကို လိုက်လံပို့ဆောင်ပေးရမှုများလာကြောင်း ရန်ကုန်မြို့ အခြေစိုက်ပရဟိတအသင်းများထံမှ သိရသည်။

“အခုအခြေအနေကတော့ ကိုဗစ်ပိုးလူနာကတော့ အရင်လောက် အောက်ဆီဂျင်ကျတာတို့၊ အရမ်းကြီး ဆိုးဆိုးရွားရွားလက္ခဏာပြတာ နည်းပါတယ်။ ကုသစင်တာကိုသွားရဖို့့ အကူအညီတောင်းတဲ့သူတွေကို ပို့ပေးနေပါတယ်။ အခုအနေအထားက အစ်ကိုတို့အပါအဝင် တခြားအဖွဲ့တွေက ပို့ပေးနေကြပါတယ်။ အခုက အရမ်းကြီး မပြင်းထန်ဘူး။ သာမန်အဖျားပြင်းထန်တဲ့ အနေအထားပဲ တွေ့ရတယ်။ တချို့ကလည်း မစစ်ဆေးဘူးလေ။ ငါးရက်၊ ခြောက်ရက်လောက်ဆို ပျောက်သွားတာ များတယ်။ သေချာစစ်ဆေးရင်တော့  ရာခိုင်နှုန်း ဘယ်လောက်ရှိမယ် မသိဘူး။ အခုကတော့ နိုင်ငံခြားပြန်တွေနဲ့ တခြားထိစပ်တဲ့သူတွေကို စင်တာတွေ ပို့ပေးနေပါတယ်” ဟု YRO လူမှုကူညီကယ်ဆယ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ဖေဖော်ဝါရီအတွင်း ပိုးတွေ့ရှိမှု ပြန်လည်မြင့်တက်လာနေသဖြင့် ဖေဖော်ဝါရီ ၇ ရက်တွင် ၂ ဒသမ ၀၅ ရာခိုင်နှုန်း၊ ဖေဖော်ဝါရီ ၈ ရက်တွင် ၄ ဒသမ၅၅ရာခိုင်နှုန်း၊ ဖေဖော်ဝါရီ ၉ ရက်တွင် ၄ ဒသမ ၃၉ ရာခိုင်နှုန်း၊ ဖေဖော်ဝါရီ ၁၀ ရက်တွင် ၅ ဒသမ ၃၈ ရာခိုင်နှုန်း ၊ ဖေဖော်ဝါရီ ၁၁ ရက်တွင် ၆ ဒသမ  ၅ ရာခိုင်နှုန်းရှိခဲ့သည်။ ထို့ပြင် COVID-19 ကြောင့် ဇန်နဝါရီ ၂၄ ရက်မှ ဖေဖော်ဝါရီ ၁၁ ရက်အထိ ၁၉ ရက်အတွင်း သေဆုံးသူ မရှိခဲ့ကြောင်း သိရသည်။   

မပေ့ါဆသင့်သည့် အိုမီခရွန်ဗိုင်းရပ်စ်

လူအများက အိုမီခရွန်ဗိုင်းရပ်စ်ကို မပြင်းထန်သည့်ရောဂါပိုးအဖြစ် ရှုမြင်နေကြသော်လည်း ပြီးခဲ့သည့် နှစ် နိုဝင်ဘာလကုန်ပိုင်းက အိုမီခရွန်မျိုးကွဲဗိုင်းရပ်စ်သည် စိုးရိမ်ရသော မျိုးကွဲဖြစ်ကြောင်း ထုတ်ပြန်ကြေညာချိန်ကတည်းက ကမ္ဘာတစ်ဝန်းတွင် ဗိုင်းရပ်စ်ကူးစက်ခံရသူပေါင်း သန်း ၁၃၀ ရှိပြီးဗိုင်းရပ်စ် ကြောင့်သေဆုံးသူပေါင်း  ၅၀၀၀၀၀ ကျော် စံချိန်တင်မြင့်တက်ခဲ့ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ပြောကြားထားသည်။

အိုမီခရွန်ဗိုင်းရပ်စ်သည် လူတိုင်းကို ကူးစက်ခံရနိုင်ခြေရှိပြီး အခြားသော မျိုးရိုးဗီဇကွဲများထက် ပိုမိုလျင်မြန်စွာ ကူးစက်ပျံ့နှံ့နိုင်သည်။

အိုမီခရွန်သည် ရောဂါလက္ခဏာမပြဘဲ ကူးစက်နိုင်ပြီး မပြင်းထန်သော COVID-19 အခြေအနေမှ ပြင်းထန်သော ဖျားနာခြင်းနှင့် သေဆုံးခြင်းတို့အထိ ဖြစ်စေနိုင်ပြီး အသက်အရွယ်ကြီးသူများ၊ ရောဂါအခံရှိသူများနှင့် ကာကွယ်ဆေး မထိုးနှံရသေးသူများမှာ ရောဂါပိုး ကူးစက်ခံရနိုင်သည့် အန္တရာယ် ပိုမိုမြင့်မားနိုင်သည်။

လက်ရှိတွင် အိုမီခရွန်သည် ကျန်းမာရေးစနစ်များစွာကို လွှမ်းမိုးနေလျက်ရှိပြီး မိမိကိုယ်တိုင်နှင့် အခြားသူများကို ကာကွယ်ရန် မလုပ်ဆောင်ပါက သေဆုံးမှုများစွာကို ဆက်လက်ဖြစ်ပေါ်စေနိုင်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ သိရသည်။

ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် ကိုဗစ်ရောဂါ ဓာတ်ခွဲအတည်ပြု လူနာများအား နေအိမ်၌ သီးသန့်နေထိုင်ခြင်းအတွက် ခွင့်ပြုရန်သတ်မှတ်ချက်များ ထုတ်ပြန်ထားပြီး သတ်မှတ်ချက်နှင့် မညီသူများအနေဖြင့် မိမိဘာသာ မဆောင်ရွက်သင့်ကြောင်း သိရသည်။

နေအိမ်တွင် သီးသန့်နေထိုင်ခြင်း သတ်မှတ်ချက်များမှာ ကိုဗစ်ရောဂါကာကွယ်ဆေး အကြိမ်ပြည့် ထိုးနှံထားသူများ၊ နောက်ဆုံးအကြိမ်ကာကွယ်ဆေး (ပုံမှန်/ ထပ်ဆောင်း) ထိုးနှံပြီး ခြေက်လအတွင်း ဖြစ်သူ၊ ရောဂါလက္ခဏာမရှိသူ၊ အန္တရာယ်ရှိ လူနာအုပ်စုတွင် မပါဝင်သူ၊  နေအိမ်တွင် သီးခြားခွဲခြား နေထိုင်နိုင်သည့် အခန်းရှိသူ၊ တစ်နေ့နှစ်ကြိမ် ပုံမှန်သတင်းပေးပို့နိုင်သူ၊ သီးခြားနေထိုင်မည့် နေအိမ်၌ အတူနေသူများမှာ ကိုဗစ်ကာကွယ်ဆေး အကြိမ်ပြည့်ထိုးနှံထားသူများ ဖြစ်ခြင်းနှင့် အန္တရာယ်ရှိသူအုပ်စုတွင် မပါဝင်သူကိုသာ နေအိမ်သီးသန့် နေထိုင်ခွင့်ထားကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် ဆောင်းရာသီဥတု၏ နေ့ပူ၊ ညအေး အခြေအနေတွင် ပုံမှန်ရာသီတုပ်ကွေးလက္ခဏာများ ဖြစ်သည့် နှာစေး၊ ချောင်းဆိုး စသည့် လက္ခဏာများ လူအများစုတွင် ဖြစ်ပွားလေ့ရှိသည့်အပြင် အိုမီခရွန်ဗိုင်းရပ်စ် ကူးစက်ပျံ့နှံနေချိန် ဖြစ်၍ ပေါ့ပေါ့ဆဆမနေသင့်ကြောင်း ဆေးပညာကျွမ်းကျင်သူများက ပြောကြားသည်။

“ကာကွယ်ဆေးကတော့ နှစ်ကြိမ်ထိုးထားတယ်။ဒါပေမဲ့ အခုရက်ပိုင်းမှာ နှာစေးတယ်။ ချောင်းဆိုးတာတွေရှိရင် စိုးရိမ်ပြီး ဆေးခန်းလာတာတွေ ရှိတယ်။ ကိုဗစ်စစ်ကြည့်လို့ တွေ့ရင်ဖြစ်ဖြစ်၊ မတွေ့ရင်ဖြစ်ဖြစ် မပေါ့ဆသင့်ဘူး။ တခြားကိုယ်လိုသူတွေလည်း အများကြီးပဲလေ။ လက္ခဏာတွေဖြစ်လာရင်တော့ သက်ဆိုင်ရာ ကျန်းမာရေးဌာနတွေမှာ ကိုဗစ် ဟုတ် မဟုတ် စစ်ကြည့်တာက အကောင်းဆုံးပဲ။ သူများဆီကလည်း အကူးမခံချင်ဘူး။ ကိုယ့်ဆီကနေလည်း သူများတွေကို မကူးစေချင်ဘူး” ဟု ပုဂ္ဂလိကဆေးခန်းတစ်ခုမှ ဆရာဝန်တစ်ဦးက အကြံပြုပြောကြားသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း COVID-19 ဓာတ်ခွဲစစ်ဆေးလိုသူများအနေဖြင့် ခရိုင်အလိုက် အရေးပေါ်တုံ့ပြန်ရေးအဖွဲ့ထံ ဆက်သွယ်၍ စစ်ဆေးနိုင်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ဖေဖော်ဝါရီ ၉ ရက်တွင် ထုတ်ပြန်ထားသည်။

အဆိုပါထုတ်ပြန်ချက်တွင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မိဘပြည်သူများအနေဖြင့် COVID-19 ရောဂါ သံသယလက္ခဏာများ ခံစားရခြင်း၊ ဓာတ်ခွဲအတည်ပြုလူနာများနှင့် အနီးကပ်ထိတွေ့ခဲ့ခြင်းတို့ ရှိပါက အချိန်နှင့် တစ်ပြေးညီ ၂၄ နာ ရီပတ်လုံး သတင်းပေးပို့၍ ဆက်သွယ်စုံစမ်းနိုင်ရေးအတွက် ခရိုင်အလိုက် COVID-19 အရေးပေါ်တုံ့ပြန်ရေးအဖွဲ့ (RRT) များ ဖွဲ့စည်းထားရှိပြီးဖြစ်ရာ အဆိုပါ အဖွဲ့များ၏ ဖုန်းနံပါတ်များသို့ သက်ဆိုင်ရာခရိုင်အလိုက် ဆက်သွယ်နိုင်ကြောင်း သိရသည်။

ဆက်သွယ်ရမည့် ဖုန်းနံပါတ်များမှာ တောင်ပိုင်းခရိုင်ပြည်သူ့ ကျန်းမာရေးဦးစီးဌာန၊ COVID-19 အရေးပေါ်တုံ့ပြန်ရေးအဖွဲ့ (RRT) ၀၉-၈၈၂၅၅၅၀၆၇၊ ၀၉-၈၈၂၅၅၅၀၆၈၊  ၀၉-၈၈၂၅၅၅၀၆၉၊ မြောက်ပိုင်းခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ အရေးပေါ်တုံ့ပြန်ရေးအဖွဲ့သို့ ၀၉-၈၈၂၅၅၅၀၇၁၊ ၀၉-၈၈၂၅၅၆၃၃၈၊ ၀၉- ၈၈၂၅၅၆၃၄၀၊ အနောက်ပိုင်းခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ အရေးပေါ်တုံ့ပြန်ရေးအဖွဲ့သို့ ၀၉-၈၈၂၅၅၅၀၆၃၊ ၀၉- ၈၈၂၅၅၅၀၆၄၊ ၀၉- ၈၈၂၅၅၅ ၀၆၅၊ အရှေ့ပိုင်းခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် အရေးပေါ်တုံ့ ပြန်ရေးအဖွဲ့ ၀၉-၈၈၂၅၅၅၀၄၉၊ ၀၉- ၈၈၂၅၅၅၀၆၁၊ ၀၉ -၈၈၂၅၅၅၀၆၂ ဖုန်းနံပါတ်များသို့ ၂၄ နာရီ ဆက်သွယ်နိုင်ကြောင်း သိရသည်။

မြန်မာနိုင်ငံ၌ COVID-19 ရောဂါ ကာကွယ်ဆေးလွှမ်းခြုံမှု ၅၃ ရာခိုင်နှုန်းကျော်အထိ ရှိလာပြီး ယခုနှစ်တွင်လည်း ကာကွယ်ဆေး လွှမ်းခြုံမှု ပိုမိုကောင်းမွန်ရန် သတ်မှတ်ဦးတည်အုပ်စုများအလိုက် ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ သိရသည်။

မြန်မာနိုင်ငံ၌ ဖေဖော်ဝါရီ ၈ ရက်အထိ COVID-19 ကာကွယ်ဆေးနှစ်ကြိမ်အပြည့်ထိုးနှံပြီးသူ ၁၉ ဒသမ ၄၅ သန်းရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ သိရသည်။

မြန်မာနိုင်ငံတွင် ကာကွယ်ဆေးများကို  ဦးတည်ဦးစားပေးအုပ်စုအလိုက် ထိုးနှံပေးလျက်ရှိရာ ဖေဖော်ဝါရီ ၁ ရက်အထိ ကာကွယ်ဆေးနှစ်ကြိမ်ပြည့်ထိုးနှံပြီးစီးသည့် လူဦးရေ ၁၉,၄၅၆,၄၆၄(၁၉ ဒသမ ၄၅ သန်း)၊ တစ်ကြိမ်ထိုးနှံပြီးစီးသည့်လူဦးရေ ၃,၁၁၇,၃၄၂  (၃ ဒသ မ ၁၁သန်း)၊ ထိုးနှံပြီးစီးသည့် လူဦးရေ စုစုပေါင်း ၂၂,၅၇၃,၈၀၆ (၂၂ ဒသမ ၅၇ သန်း) နှင့် ကာကွယ်ဆေးအကြိမ်ရေ စုစုပေါင်း ၄၂,၀၃၀,၂၇၀ (၄၂ ဒသမ ၀၃ ) သန်းရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ သိရသည်။

ထို့ပြင် ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် ကာကွယ်ဆေး Booster ထိုးနှံခြင်းအတွက် အသက် ၆၅ နှစ် အထက်များကို ဦးစားပေးထိုးနှံပေးလျက်ရှိပြီး ကာကွယ်ဆေးမထိုးနှံရသေးသူများအနေဖြင့် မပျက်မကွက် ထိုးနှံကြရန် တိုက်တွန်းထားသည်။

ကိုဗစ်ကာကွယ်ဆေးအပြည့် ထိုးနှံထားသူများ အထူးသဖြင့် နောက်တိုးကာကွယ်ဆေး ထိုးနှံထားသူများသည် အိုမီခရွန်ပိုးကူးစက်နိုင်ခြေ အတော်လေးနည်းကြောင်းကို နိုင်ငံတကာမှ သုတေသီလေ့လာချက်များတွင် ဖော်ပြထားသည်။

ကိုဗစ်ရောဂါကူးစက်မှု ကာကွယ်ရာတွင် ကာကွယ်ဆေးထိုးနှံထားခြင်းက အကောင်းဆုံးနည်းလမ်းဖြစ်ပြီး ရောဂါကူးစက်ခံရမှု ရှိလာချိန်တွင်လည်း အပြင်းအထန် ခံစားရမှုကို လျော့ကျနိုင်မည်ဖြစ်ကြောင်း ဆေးပညာကျွမ်းကျင်သူများက ပြောကြားထားသည်။

ပြည်သူများအနေဖြင့် အိုမီခရွန်ပိုးကြောင့် နောက်ထပ်လှိုင်း မဖြစ်ပွားစေရန်အတွက် ကာကွယ်ဆေးထိုးနှံခြင်း အပါအဝင် ကိုဗစ်စည်းကမ်းဖြစ်များသည့် မလိုအပ်ဘဲ လူအများနေရာ မသွားခြင်း၊ အပြင်သွားပါက နှာခေါင်းစည်းတပ်ခြင်း၊ လက်ဆေးခြင်း စသည်တို့ကို အထူးဂရုပြုကြရမည်ဖြစ်သည်။

Most Read

Most Recent