မြန်မာနိုင်ငံ၏ အခြေအနေသည် အလွန်ပင် အကျပ်ရိုက်စရာ အခြေအနေဖြစ်နေဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ပြောကြား

မြန်မာနိုင်ငံ၏ အခြေအနေသည် အလွန်ပင် အကျပ်ရိုက်စရာ အခြေအနေဖြစ်နေဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ပြောကြား
Published 12 February 2022

အမေရိကန်သမ္မတဂျိုးဘိုင်ဒင်အနေဖြင့် အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) ခေါင်းဆောင်များနှင့် တွေ့ဆုံရာတွင် မြန်မာ့နိုင်ငံ၏အခြေအနေနှင့် ပတ်သက်၍ အလေးထားဆွေးနွေးသွားမည်ဖြစ်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်က ဖေဖော်ဝါရီ ၁၁ ရက် တွင် ပြောကြားခဲ့သည်။

မြန်မာနိုင်ငံတွင် တပ်မတော်က ဖိနှိပ်မှု များနှင့် အကြမ်းဖက်မှုများကို လုပ်ဆောင်နေဆဲ ဖြစ်သည်ဟုလည်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဘလင်ကန်က စွပ်စွဲ ပြောကြားခဲ့သည်။

“မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ အခြေအနေတွေက အလွန်ပင် အကျပ်ရိုက်စရာ အခြေအနေဖြစ်နေတယ်ဆိုတာက စိတ်ပျက်ဖွယ် ကောင်းလောက်အောင် ထင်ထင်ရှားရှား ရှိနေတယ်လို့ ကျွန်တော်ထင်ပါတယ်”ဟု အမေရိကန်ပြည်ထောင်စု၊ သြစတြေးလျ၊ အိန္ဒိယနှင့် ဂျပန်နိုင်ငံတို့ပါဝင်သော  Quadအဖွဲ့၏ အစည်းအဝေးအပြီး၌ မဲဘုန်းမြို့တွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ဘလင်ကန် က ပြောကြားခဲ့သည်။

အမေရိကန် အစိုးရအနေဖြင့် ယမန်နှစ်က သဘောတူညီခဲ့သည့် မြန်မာ့အရေး အာဆီယံဘုံသဘောတူညီချက်ငါးရပ်ကို ထောက်ခံကြောင်းနှင့် ယင်းသဘောတူညီ ချက်များကို အကောင်အထည်ဖော်ရန် လိုအပ်ကြောင်းလည်း ဘလင်ကန်က ပြောကြားခဲ့သည်။

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်သည် မကြာမီအချိန်အတွင်း ၀ါရှင်တန်၌ အာဆီယံ နိုင်ငံများ၏ ခေါင်းဆောင်များကို လက်ခံတွေ့ဆုံရာတွင် အဆိုပါ အရေးကိစ္စသည် အလေးထား ဆွေးနွေးစရာကိစ္စရပ်တစ်ခု ဖြစ်သည်ဟုလည်း ဘလင်ကန်က ပြောကြားခဲ့သည်ဟု ရိုက်တာသတင်းတွင်ဖော်ပြထားသည်။

Ref : Reuters

Most Read

Most Recent