မန္တလေးသီးနှံစျေးကွက်တွင် ပစ္စည်းအဝင်နည်းပါးပြီး လက်ကျန်နည်းပါးခြင်းကြောင့် တစ်လအတွင်း ၅၄ ပိဿာဆံ့ ပြောင်း သုံးတင်းဝင်တစ်အိတ်လျှင် ကျပ် ၅၀၀၀ ခန့် စျေးတက်

မန္တလေးသီးနှံစျေးကွက်တွင် ပစ္စည်းအဝင်နည်းပါးပြီး လက်ကျန်နည်းပါးခြင်းကြောင့် တစ်လအတွင်း ၅၄ ပိဿာဆံ့ ပြောင်း သုံးတင်းဝင်တစ်အိတ်လျှင် ကျပ် ၅၀၀၀ ခန့် စျေးတက်
ထိုင်းဘက်သို့ တင်ပို့မည့် ပြောင်းဆန်အိတ်များအား မြဝတီမြို့တွင် တွေ့ရစဉ် (ဓာတ်ပုံ- ကိုရွှေသိန်း(မြဝတီ))
ထိုင်းဘက်သို့ တင်ပို့မည့် ပြောင်းဆန်အိတ်များအား မြဝတီမြို့တွင် တွေ့ရစဉ် (ဓာတ်ပုံ- ကိုရွှေသိန်း(မြဝတီ))
Published 9 February 2022
မင်းလတ်

မန္တလေး ပွဲစား၊ ကုန်သည်စက်ပိုင်များ ကထိန်တော်အသင်း (မန္တလေးကုန်စည်ဒိုင်) စျေးကွက်တွင် အိတ်စပို့သမားဝယ်ယူမှု၊ အစာ စက်ရုံများမှ ဝယ်ယူမှုကြောင့် စျေးကွက်တွင် ပစ္စည်းအဝင်နည်းပါးပြီး လက်ကျန်နည်းပါးခြင်းကြောင့် တစ်လအတွင်း ၅၄ ပိဿာဆံ့ ပြောင်းသုံးတင်းဝင်တစ်အိတ်လျှင် ကျပ် ၅၀၀၀ ခန့် စျေးတက်ခဲ့ကြောင်း သတင်းရရှိသည်။

ပြီးခဲ့သည့်လပိုင်းက မန္တလေး ပဲ၊ နှမ်း၊ ပြောင်းသီးနှံစျေးကွက်၌  ၅၄ ပိဿာဆံ့ပြောင်း သုံးတင်းဝင်တစ်အိတ်လျှင် ကျပ် ၃၅၀၀၀ ရှိခဲ့ရာမှ ယခုအခါတွင် ကျပ် ၄၁၀၀၀ အထိ စျေးမြင့်တက်ခဲ့ကြောင်း၊ စျေးမြင့်တက်ခဲ့ခြင်းအကြောင်းမှာ ပြည်တွင်း တိရစ္ဆာန်အစာစပ် စက်ရုံများ၏ အဝယ်လိုက်မှု၊ ရန်ကုန်ဝယ်လက်များမှ အိန္ဒိယသို့ တင်ပို့ရန် အဝယ်လိုက်မှုများကြောင့်နှင့် တရုတ်ပြည်သို့ တင်ပို့မှုကြောင့် စျေးမြင့်တက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ပြောင်းဖူးစေ့စျေးက တာဘိုးပြောင်းက ၃၉၀၀၀ စျေး၊ ရှမ်းစစီပီပြောင်းက ၄၀၀၀၀ ကနေ ၄၀၅၀၀ အထိ ဒီနေ့ (ဖေဖော်ဝါရီ ၉ ရက်) အရောင်းအဝယ်ဖြစ်ကြတယ်။ အဓိက,က အိတ်စပို့ဝယ်လက်၊ အစားစက်ရုံတွေက ဆက်တိုက်ဝယ်ပြီးတော့ စျေးကွက်ထဲပစ္စည်း အဝင်ပါးပြီး လက်ကျန်နည်းလို့ စျေးတက်သွားတာပါ။ အရင်လလောက်က ပြောင်းစျေးက ၃၃၀၀၀ ကနေ စျေးတက်လာတာပါ။ ပြောင်းဆန်က ထိုင်းဘက်သွားတယ်ဆိုပေမဲ့ ကြားခံတစ်ခုအနေနဲ့ သွားတာပါ။ အဓိကသွားတာက တရုတ်ပြည်ဘက်ကို သွားတာပါ။ မြန်မာနယ်စပ်ကနေမသွားဘဲနဲ့ ထိုင်းနယ်စပ်ကနေ တရုတ်ဘက်ပြန်ဝင်တာပါ။ ပြောင်းကို သွားနေတာက မြဝတီဘက် သွားတာများတယ်။ ရန်ကုန်ဘက်ကနေ သင်္ဘောနဲ့တင်တာလည်း များပါတယ်။ ပြောင်းဖူးစေ့စျေးက တစ်လအတွင်း သုံးတင်းတစ်အိတ်ကို ၅၀၀၀ လောက် စျေးတက်သွားတယ်။ ကျန်တဲ့ ပဲစျေးနှုန်းတွေက ပြောင်းအုပ်စုက အထွက်တိုးပြောင်းအနီက ၃၅၀၀၀ စျေး၊ ဆန်ပြောင်းစျေး ၃၆၀၀၀ စျေး ရှိတယ်။ သူတို့လည်း တိရစ္ဆာန်အစားအစာအတွက် စျေးကောင်းရနေတယ်။ သူတို့လည်း တစ်အိတ်ကို ကျပ် ၅၀၀၀ လောက် စျေးတက်တယ်။ ကုလားပဲအုပ်စုဝင် ပဲတွေ စျေးကျတယ်။ V2 ကုလားပဲဆို ဒီနေ့မနက်အစောပိုင်းစျေးက ၁၁၀၀၀၀ စျေး၊ အခုနေ့လယ် ၁၀၈၀၀၀ ဖြစ်သွားတယ်။ ထိုင်ဝမ်ကုလားပဲ ၁၀၅၀၀၀ စျေး၊ ၉၂၉ ကုလားပဲ ၁၀၅၀၀၀ စျေးရှိပြီး အရောင်းအဝယ် ဖြစ်ကြတယ်။ နောက်ပြီး ပဲစင်းငုံ ၁၂၀၀၀၀ စျေး၊ မတ်ပဲ ၁၁၂၀၀၀ စျေးရှိပြီး ရန်ကုန်ဝယ်လက် ဆက်တိုက်ဝယ်ယူနေပါတယ်။ ကုလားပဲအုပ်စုက လောလောဆယ် ပြည်တွင်းပဲခွဲစက်သမားတွေ ဝယ်နေတာပါ။ အိတ်စပို့သမား မဝယ်သေးဘူး။ ပဲစျေးနှုန်းတွေက အကြမ်းဖျင်းပြောရရင် စျေးကျတယ်လို့ ပြောရမယ်။ ပဲယင်းစျေး ၈၅၀၀၀ ကနေ ၉၀၀၀၀ စျေး၊ မြေထောက်ပဲ ၁၂၅၀၀၀ ကနေ ၁၃၅၀၀၀ ကြား၊ နိုင်လွန်ပဲ ၁၄၀၀၀၀ စျေးရှိပါတယ်” ဟု မန္တလေးပွဲစား၊ ကုန်သည်စက်ပိုင်များ ကထိန်တော်အသင်း (မန္တလေးကုန်စည်ဒိုင်) ပြန်ကြားရေးတာဝန်ခံက ပြောကြားသည်။

မြန်မာနိုင်ငံတွင် ပြောင်းသီးနှံကို စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ရှမ်းပြည်နယ် (တောင်/မြောက်)၊ ကယားပြည်နယ်၊ ကချင်ပြည်နယ်တို့တွင် အဓိကစိုက်ပျိုးကြောင်း၊ ၎င်းက ဆက်လက်ပြောကြားသည်။

Most Read

Most Recent