အမေရိကန်ကို စိန်ခေါ်ရင်း လမ်းပျောက်နေသော မြောက်ကိုရီးယား

အမေရိကန်ကို စိန်ခေါ်ရင်း လမ်းပျောက်နေသော မြောက်ကိုရီးယား
Published 9 February 2022
ဇင်မျိုး

မြောက်ကိုရီးယားသည် ကမ္ဘာပေါ်တွင် နျူကလီးယားလက်နက်များ၊ အဆင့်မြင့်ဒုံးကျည်များကို ပိုင်ဆိုင်ထားသည့် နိုင်ငံအနည်းငယ်တွင် ပါဝင်နေပြီး ဒုံးကျည်စမ်းသပ်မှုများဖြင့် ကမ္ဘာကိုတုန်လှုပ်စေကာ အမေရိကန်ပြည်ထောင်စုကိုစိန်ခေါ်သည့် တစ်ခုတည်းသော နိုင်ငံဖြစ်ရသည်ကိုဂုဏ်ယူကြောင်း ဖေဖော်ဝါရီ ၈ ရက်တွင် မြောက်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။

မကြာသေးခင်က မြောက်ကိုရီးယားပဲ့ထိန်းဒုံးကျည်စမ်းသပ်မှုများ ဆက်တိုက်လုပ်ဆောင်ခဲ့ခြင်းနှင့်ပတ်သက်၍ နိုင်ငံတကာတင်းမာမှုမြင့်တက်လာသည်။ ပဲ့ထိန်းဒုံးကျည်စမ်းသပ်မှုများကို ကုလသမဂ္ဂလုံခြုံရေးကောင်စီက ပိတ်ပင်ထားသဖြင့် မြောက်ကိုရီးယား၏လုပ်ရပ်များသည် နိုင်ငံတကာအသိုင်းအဝိုင်းတွင် အငြင်းပွားစရာ ဖြစ်စေသည်၊ တင်းမာမှုကို မြင့်တက်စေသည်ဟု နိုင်ငံတကာရေးရာကျွမ်းကျင်သူများက ထောက်ပြကြသည်။

၂၀၂၂ ခုနှစ် ဇန်နဝါရီလထဲတွင် မြောက်ကိုရီးယားသည် ဒုံးကျည်စမ်းသပ်မှုများကို စံချိန်တင်လုပ်ဆောင်ခဲ့ရာ အနည်းဆုံးဒုံးကျည်ပစ်လွှတ်မှု ခုနှစ်ကြိမ်လုပ်ခဲ့သည်။ ထိုအထဲတွင် မြန်နှုန်းမြင့်သွားနိုင်သည့် အသံလွန်ဒုံးကျည် အမျိုးအစားသစ် စမ်းသပ်မှုလည်း ပါဝင်ခဲ့သည်။

ထို့အပြင် အဆိုပါစမ်းသပ်မှုများထဲတွင် ဟွာဆောင်း-၁၂ တာလတ်ပစ်ဒုံးကျည်စမ်းသပ်မှုကို ၂၀၁၇ ခုနှစ်နောက်ပိုင်း ပထမဆုံးလုပ်ဆောင်ခြင်းလည်း ပါဝင်နေပြန်သည်။ ဟွာဆောင်း-၁၂ တာလတ်ပစ်ဒုံးကျည်သည် ပစိဖိတ်သမုဒ္ဒရာထဲရှိ အမေရိကန်ပိုင်နက်များကို ပစ်ခတ်နိုင်စွမ်းရှိသည်။

နှစ်သစ်မှစတင်ကာ စမ်းသပ်မှုများဆက်တိုက်လုပ်ဆောင်ခြင်းသည် မြောက်ကိုရီးယားနိုင်ငံ၏ စစ်ပွဲဟန့်တားမှုကို အားကောင်းစေသော ထမြောက်အောင်မြင်များကို ကိုယ်စားပြုနေသည်ဟု မြောက်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။

ထို့အပြင် မြောက်ကိုရီးယားပစ်လွှတ်ခဲ့သည့် တာဝေးတိုက်ချင်းပစ်ပဲ့ထိန်းဒုံးကျည် (ICBM) ဖြစ်သော ဟွာဆောင်း-၁၅ အကြောင်းကိုလည်း ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။ အဆိုပါတိုက်ချင်းပစ်ပဲ့ထိန်းဒုံးကျည် ကို ၂၀၁၇ ခုနှစ်တွင် ပထမဆုံးစမ်းသပ်ပစ်လွှတ်ခဲ့ပြီးကတည်းက ပစ်လွှတ်ခြင်းမရှိသေးပေ။ ဟွာဆောင်း-၁၅ သည် အမေရိကန်ပြည်ထောင်စုရှိ မည်သည့်နေရာကိုမဆို နျူကလီးယားထိပ်ဖူးတပ်၍ ပစ်နိုင်သောဒုံးကျည်ဖြစ် သည်။

“နိုင်ငံအများအပြားက အောက်ကျို့မှု၊ ကျိုးကြောင်းမမြင်နာခံမှုတို့နဲ့အတူ အမေရိကန်နဲ့ဆက်ဆံရင်း အချိန်ဖြုန်းနေကြတဲ့ ယနေ့ကမ္ဘာမှာ အမေရိကန်ပြည်မကြီးကို ဒုံးကျည်နဲ့ ပစ်ခတ်ခြင်းဖြင့် ကမ္ဘာကို တုန်လှုပ်စေနိုင်တာ ဒီကမ္ဘာမှာ ကျွန်တော်တို့နိုင်ငံပဲရှိပါတယ်” ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“ကမ္ဘာပေါ်မှာ နိုင်ငံ ၂၀၀ ကျော်ရှိပါတယ်။ ဒါပေမဲ့ နိုင်ငံအနည်းငယ်သာ ဟိုက်ဒရိုဂျင်ဗုံးတွေ၊ တိုက်ချင်းပစ်ပဲ့ထိန်းဒုံးကျည်တွေနဲ့ အသံလွန်ဒုံးကျည်တွေကို ပိုင်ဆိုင်ထားတာ ဖြစ်ပါတယ်” ဟု မြောက်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဆက်လက်ဖော်ပြထားသည်။

အဆိုပါထုတ်ပြန်ချက်နှင့်ပတ်သက်၍ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန၏ တုံ့ပြန်မှုကတော့ ထူးခြားမလာပေ။ ယခင်ထုတ်ပြန်ချက်များ အတိုင်းထပ်မံထုတ်ပြန်ခဲ့သည်။ အမေရိကန်အနေဖြင့် မြောက်ကိုရီးယားနိုင်ငံအပေါ် ရန်လိုသော ရည်ရွယ်ချက်မရှိ၊ ဆွေးနွေးရေးစားပွဲဝိုင်းသို့ပြန်လည်ရန် တိုက်တွန်းကြောင်းစသည်ဖြင့် ထုတ်ပြန်ခဲ့သည်။ စေ့စပ်ဆွေးနွေးရေးကိစ္စပြောတိုင်း မြောက်ကိုရီးယားက ငြင်းဆန်နေဆဲဖြစ်သည်။ အမေရိကန်ကလည်း နားမထောင်သော မြောက်ကိုရီးယားကိုဆွေးနွေးမည်ဟု တိုက်တွန်းဆဲဖြစ်သကဲ့သို့ ဖိတ်ခေါ်သူ၊ ငြင်းဆိုသူ သံသရာလည်နေသည်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူကတော့ မြောက်ကိုရီးယားကို နိုင်ငံတကာ ငြိမ်းချမ်းတည်ငြိမ်ရေးကို ခြိမ်းခြောက်နေသော နိုင်ငံ၊ ကမ္ဘာလုံးဆိုင်ရာ နျူကလီးယားလက်နက် မပြန့်ပွားရေးကြိုးပမ်းမှုများကို ခြိမ်းခြောက်နေသောနိုင်ငံဟု ပြောသည်။

“အမေရိကန်ပြည်ထောင်စုကတော့ မြောက်ကိုရီးယားကို ဟန့်တားရာမှာလည်းကောင်း၊ မြောက်ကိုရီးယားရဲ့ ရန်စမှုတွေ ဒါမှမဟုတ် အင်အားသုံးမှုတွေကို ကာကွယ်ရာမှာလည်းကောင်း၊ မြောက်ကိုရီးယားရဲ့ အန္တရာယ်အများဆုံးလက်နက်တွေ ရောက်မလာအောင်ကန့်သတ်ရာမှာလည်းကောင်း၊ အဖြစ်ချင်ဆုံးကတော့ အမေရိကန်ပြည်သူတွေ၊ မိမိတို့ဖြန့်ကြက်ထားတဲ့စစ်သားတွေနဲ့ မိမိမဟာမိတ်တွေ ဘေးကင်းအောင်လုပ်ဆောင်ရာမှာလည်းကောင်း ပဓာနကျတဲ့ အကျိုးစီးပွားရှိနေပါတယ်” ဟု နိုင်ငံခြားရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့သည်။

၀ါရှင်တန်အခြေစိုက် မြောက်ကိုရီးယားစောင့်ကြည့်ရေးအဖွဲ့ 38 North ၏ ဒါရိုက်တာ ဂျင်းနီတောင်းကတော့ ယခုထုတ်ပြန်ချက်မှာ မြောက်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်ဖြစ်ပုံရသောကြောင့် ခြိမ်းခြောက်မှုဟုထင်ရသည်ထက် ခြိမ်းခြောက်မှုနည်းသော ထုတ်ပြန်ချက်ဖြစ်သည်ဟု ပြောသည်။ “ဖော်ပြထားတာကတော့ အလွန်ပဲမတုန်မလှုပ်နိုင်တာတွေ့ရပါတယ်။ သူတို့က လုပ်မယ်ဆိုတာကိုသာမက လုပ်နိုင်စွမ်းရှိတယ်ဆိုတာကိုပါ ဖော်ပြထားတာဖြစ်ပါတယ်” ဟု ဂျင်းနီတောင်းက ပြောသည်။ ဖေဖော်ဝါရီ ၈ ရက်သည် မြောက်ကိုရီးယားစစ်တပ်ထူထောင်သည့် နှစ်ပတ်လည်နေ့ဖြစ်သည်။ ထိုနေ့သည် မြောက်ကိုရီးယား အားလပ်ရက်ဖြစ်သည်။ ယခင်နှစ်များတွင် ဖေဖော်ဝါရီ ၈ ရက်နေ့၌ မြောက်ကိုရီးယားသည် ဒုံးကျည်များ၊ အခြားလက်နက်များဖြင့် ကြီးမားသော စစ်ရေးပြချီတက်မှုကို ပြုလုပ်လေ့ရှိသည်။

ယခုနှစ်တွင် အဆိုပါစစ်ရေးပြအခမ်းအနားပြုလုပ်သည့်သတင်းများကို မကြားရ။ သို့ရာတွင် ဖေဖော်ဝါရီ ၈ ရက်တွင် အကြီးတန်းစစ်ဘက်အရာရှိများသည် မြောက်ကိုရီးယားခေါင်းဆောင်ဟောင်းများ၏ ဂူဗိမာန်ကို သွားခဲ့ကြသည်ဟု မြောက်ကိုရီးယားအစိုးရမီဒီယာက ဖော်ပြခဲ့သည်။

ဇန်နဝါရီ ၃၀ ရက်တွင် ဟွာဆောင်း-၁၂ ပစ်လွှတ်မှုကြောင့် မြောက်ကိုရီးယားအနေဖြင့် တိုက်ချင်းပစ်ဒုံးကျည်စမ်းသပ်မှုများ သို့ မဟုတ် နျူကလီးယားလက်နက်စမ်းသပ်မှုများ အပြည့်အဝ ပြန်စစေရန် ဦးတည်သွားမည်ကို မိမိတို့စိုးရိမ်ကြောင်း အမေရိကန်နှင့် တောင်ကိုရီးယားတာဝန်ရှိသူများက ထုတ်ဖော်ပြောကြားခဲ့ကြသည်။ မြောက်ကိုရီးယားသည် ၂၀၁၇ ခုနှစ်နောက်ပိုင်းတွင် နျူကလီးယား စမ်းသပ်မှုကိုသော်လည်းကောင်း၊ တိုက်ချင်းပစ်ပဲ့ထိန်းဒုံးကျည်စမ်းသပ်မှုကိုသော်လည်းကောင်း လုပ်ဆောင်ခဲ့ခြင်းမရှိပေ။

မြောက်ကိုရီးယားသည် နျူကလီးယားအစီအစဉ်များနှင့် ပဲ့ထိန်းဒုံးကျည်အစီအစဉ်များအတွက် ငွေကြေးသုံးစွဲမည့်အစား မိမိပြည်သူများ၏ လိုအပ်ချက်များကို ဦးစားပေးရန် ဖေဖော်ဝါရီ ၇ ရက်တွင် ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ် လင်ဒါသောမက်ဂရင်းဖီးလ်က ပြောကြားခဲ့သည်။

၀ါရှင်တန်အခြေစိုက် မဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာရေးအဖွဲ့ဖြစ်သည့် (CSIS) ကလည်း ဖေဖော်ဝါရီ ၇ ရက်တွင် မြောက်ကိုရီးယား၏ ဒုံးကျည်အခြေစိုက်စခန်းတစ်ခုအကြောင်းကို ထုတ်ပြန်ခဲ့သည်။ မြောက်ကိုရီးယားသည် တရုတ်နှင့် ထိစပ်နေသော နယ်နိမိတ်အနီးတွင် တိုက်ချင်းပစ်ဒုံးကျည်များ ချထားမည့်စခန်းတစ်ခုကို တည်ဆောက်နေသည်ဟု CSIS က ဆိုသည်။ အဆိုပါဒုံးကျည်အခြေစိုက်စခန်းကို တရုတ်နယ်စပ်အနီး၌ တည်ဆောက်ခြင်းမှာ အခြားနိုင်ငံတစ်နိုင်ငံက မြောက်ကိုရီးယားကို လက်ဦးမှုရယူ၍ တိုက်ခိုက်မည်ဆိုပါက တရုတ်ကို ထိမှန်မည့်အနေအထားရှိနေခြင်းကြောင့် တိုက်ခိုက်မည့်နိုင်ငံကို အခက်တွေ့စေရန်ဖြစ်သည်ဟု ဆိုသည်။

ထို့ကြောင့် မြောက်ကိုရီးယားသည် ဒေသတွင်း၌သာမက ကမ္ဘာအတွက်လည်း အန္တရာယ်များသော နိုင်ငံဖြစ်သည်ဟု အမေရိကန်က ပြောနေခြင်းဖြစ်သည်။ မြောက်ကိုရီးယား နျူကလီးယားလက်နက်များ ဖျက်သိမ်းစေရေးအတွက် အမေရိကန်နှင့် မြောက်ကိုရီးယားဆွေးနွေးပွဲများ ၂၀၁၉ ခုနှစ်ကတည်းက ရပ်ဆိုင်းနေခဲ့သည်။ ဆွေးနွေးပွဲပြန်လည်ဖြစ်မြောက်လာရေးမှာ သမ္မတဂျိုးဘိုင်ဒင်အစိုးရလက်ထက်တွင် ဖြစ်လာပါ့မလားဆိုသည်မှာ မသေချာ။ အမေရိကန်ဘက်ကလည်း မလျှော့၊ မြောက်ကိုရီးယားကလည်း မလျှော့ဆိုသည့်အနေအထားကြောင့် မြောက်ကိုရီးယားသည် ဒုံးကျည်စမ်းသပ်မှုများနှင့် နျူကလီးယားစမ်းသပ်မှုများကို ပြန်လည်လုပ်ဆောင်ကာ မိမိနိုင်ငံအပေါ် ချမှတ်ထားသော အရေးယူမှုများကို ဖြေလျှော့ပေးရန် ကြိုးပမ်းနေခြင်းဖြစ်သည်။ သို့သော်မြောက်ကိုရီးယားက လက်နက်များစမ်းသပ်မှုများကို ဆက်လက်လုပ်ဆောင်နေမည်ဆိုပါက  မြောက်ကိုရီးယားပြည်သူများသာ ဒုက္ခဆက်လက်ကြုံနေမည် သာဖြစ်သည်။ အမေရိကန်ကို စိန်ခေါ်ရင်း မြောက်ကိုရီးယားသည် လမ်းပျောက်နေသော နိုင်ငံအဖြစ်ရှိနေဦးမည်ဟု ယုံကြည်ရသည်။

Most Read

Most Recent