ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် နိုင်ငံရေးပါတီ ၆၇ ပါတီအားစစ်ဆေးခဲ့ပြီးလာမည့်အပတ်တွင် NLD ပါတီနှင့် အခြားပါတီများကိုစစ်ဆေးခံနိုင်ရန် အကြောင်းကြားထား

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် နိုင်ငံရေးပါတီ ၆၇ ပါတီအားစစ်ဆေးခဲ့ပြီးလာမည့်အပတ်တွင် NLD ပါတီနှင့် အခြားပါတီများကိုစစ်ဆေးခံနိုင်ရန် အကြောင်းကြားထား
Published 8 February 2022

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်သည် နိုင်ငံရေးပါတီ ၆၇ ပါတီအား စစ်ဆေးခဲ့ပြီးလာမည့်အပတ်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီနှင့် အခြားပါတီများကို စစ်ဆေးခံနိုင်ရန် အကြောင်းကြားထားကြောင်း ဖေဖော်ဝါရီ ၈ ရက်ညပိုင်း MRTV သတင်းကြေညာချက်အရ သိရသည်။

ကြေညာချက်အရ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် စစ်မှန်၍ စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ် ထွန်းကားရေးအတွက်နိုင်ငံရေးပါတီများကို နိုင်ငံရေး ပါတီများ မှတ်ပုံတင်ခြင်းဥပဒေနှင့်အညီ ဖွဲ့စည်းပြီးယင်းဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ စနစ်တကျ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် နိုင်ငံရေးပါတီများ၏ပါတီဝင်အင်အား၊ ပါတီပိုင်ရန်ပုံငွေနှင့် ပစ္စည်းများ စုဆောင်းခြင်း၊ ထိန်းသိမ်းခြင်း၊ သုံးစွဲခြင်း၊ စစ်ဆေးခြင်းနှင့် စာရင်းရှင်းလင်းဖျက်သိမ်းခြင်း၊ ပါတီဆိုင်ရာလုပ်ငန်းများအား ဥပဒေနှင့် အညီစနစ်တကျဆောင်ရွက်ထားခြင်း ရှိ၊မရှိ တို့ကို စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များ ဦးဆောင်ပြီး စာရင်းစစ်ချုပ်ရုံး၊ ပြည်တွင်းအခွန်များ ဦးစီးဌာနနှင့် အထူးစုံစမ်းစစ်ဆေးရေး ဦးစီးဌာနတို့မှ ဌာနဆိုင်ရာကိုယ်စားလှယ်များ ပါဝင်သည့် စစ်ဆေးရေးအဖွဲ့များဖြင့်စစ်ဆေးခဲ့ရာ ကချင်ပြည်နယ် အခြေစိုက်ပါတီငါးပါတီ၊ ကရင်ပြည်နယ်အခြေစိုက်ပါတီ နှစ်ပါတီ၊ စစ်ကိုင်းတိုင်းဒေသကြီး အခြေစိုက်ပါတီ နှစ်ပါတီ၊ တနင်္သာရီတိုင်းဒေသကြီး အခြေစိုက်ပါတီတစ်ပါတီ၊ ပဲခူးတိုင်းဒေသကြီး အခြေစိုက်ပါတီ သုံးပါတီ၊ မန္တလေးတိုင်းဒေသကြီး အခြေစိုက်ပါတီနှစ်ပါတီ၊ မွန်ပြည်နယ် အခြေစိုက်ပါတီ သုံး ပါတီ၊ ရခိုင်ပြည်နယ် အခြေစိုက်ပါတီခုနစ်ပါ တီ၊ ရန်ကုန်တိုင်းဒေသကြီး အခြေစိုက်ပါတီ ၂၄ ပါတီ၊ ရှမ်းပြည်နယ် အခြေစိုက်ပါတီ ၁၃ ပါတီ၊ ဧရာဝတီတိုင်းဒေသကြီး အခြေစိုက်ပါ တီတစ်ပါတီနှင့် ပြည်ထောင်စုနယ်မြေ အခြေစိုက်ပါတီလေးပါတီ၊ စုစုပေါင်းနိုင်ငံရေးပါတီ ၆၇ ပါတီကို စစ်ဆေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။

ဆက်လက်၍၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ၁၄ ရက်မှ ၁၈ ရက်အထိ ရန်ကုန်တိုင်းဒေသကြီး အခြေစိုက်ပါတီများဖြစ်သော တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ၊ ၈၈ မျိုးဆက်ကျောင်းသားလူငယ်များ (ပြည်ထောင်စုမြန်မာနိုင်ငံ)၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီနှင့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ တို့ကိုလည်းကောင်း၊၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ၂၁ ရက်မှ ၂၅ ရက်အထိ ရန်ကုန်တိုင်းဒေသကြီးအခြေစိုက်ပါတီများဖြစ်သော ခေတ်သစ်ပြည်သူ့ပါတီ၊ ပြည်ထောင်စု မြန်မာနိုင်ငံအမျိုးသားနိုင်ငံရေးအဖွဲ့ချုပ်ပါတီ၊ ကမန်အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီနှင့် အခြေခံလူတန်းစားဘဝမြင့်မားရေးပါတီ တို့ကိုလည်းကောင်း စစ်ဆေးခံနိုင်ရန် အကြောင်းကြားထားကြောင်း MRTV သတင်းကြေညာချက်အရ သိရသည်။

Most Read

Most Recent