နွေကြက်သွန်နီ စျေးကောင်းမရခဲ့သည့် တောင်သူများ မိုးကြက်သွန်တွင်လည်း အရှုံးခံရောင်းချနေရဟုဆို

နွေကြက်သွန်နီ စျေးကောင်းမရခဲ့သည့် တောင်သူများ မိုးကြက်သွန်တွင်လည်း အရှုံးခံရောင်းချနေရဟုဆို
မန္တလေးတိုင်းအတွင်းရှိ ကြက်သွန်ရောင်းဝယ်ရေးလုပ်ငန်းခွင်တစ်ခုကို တွေ့ရစဉ်
မန္တလေးတိုင်းအတွင်းရှိ ကြက်သွန်ရောင်းဝယ်ရေးလုပ်ငန်းခွင်တစ်ခုကို တွေ့ရစဉ်
Published 8 February 2022
မင်းလတ်

နွေကြက်သွန်နီ စျေးကောင်းမရခဲ့သည့် တောင်သူများ မိုးကြက်သွန်တွင်လည်း စျေးကောင်းမရဘဲ အရှုံးခံပြီး ရောင်းချနေရကြောင်း ကြက်သွန်စိုက်တောင်သူများထံမှ သိရသည်။

မြစ်သားနယ်ဘက်ရှိ  ကြက်သွန်စိုက် တောင်သူ မြစ်သားအပင်လေးသမားများမှာ ကြက်သွန်စျေး ၅၀၀ ပတ်ချာလည် ရောင်းချရသည့်သူ အရင်းရပြီး ၆၀၀ အပေါ်စျေးနှင့် ရောင်းရသည့်သူက မြတ်ကြောင်း၊ မြင်းခြံ၊ ပခုက္ကူ၊ ရွှေဘို၊ မုံရွာဘက်မှ မိုးကြက်သွန်မှာ ၅၀၀ အောက် စျေးကျဆင်းသွားသည့်အတွက် တောင်သူများ ရှုံးကြောင်း မန္တလေးမြို့ ကြက်သွန်ကုန်သည်ကြီးများထံမှ သိရသည်။

“တရုတ်နှစ်သစ်ကူး အရှေ့ကစပြီး နားနေရတာ။ နှစ်သစ်ကူးသာ ပြီးသွားတာ အရောင်းအဝယ် ကောင်းကောင်းပြန်မဖြစ်သေးဘူး။ နွေကြက်သွန်နီတုန်းက တောင်သူ၊ ကုန်သည်တွေ အိန္ဒိယဝယ်လက်၊ ဘင်္ဂလားဒေ့ရှ် ဝယ်လက်၊ တရုတ်ဝယ်လက် မျှော်နေတာ။ နောက်ပိုင်းအထိ ကြက်သွန်လှောင်ထားတဲ့ ကိစ္စတစ်ခုက အများထင်သလို ဖြစ်မလာဘူး။ အကုန်ပြုတ်ကုန်ကြတယ်။ တချို့ဆို လွှင့်ပစ်လိုက်ရတယ်။ အခု ကြက်သွန်အဟောင်းပြီးလို့ အခု ၂၀၂၂ ခုနှစ် မိုးကြက်သွန်အသစ်စတဲ့အခါ တောင်သူတွေ လက်ရှိကြက်သွန်စျေး ၅၀၀ အောက် ကျဆင်းသွားရင်တော့ စရိတ်နဲ့ အရင်းရှုံးကြမယ်။ ကြက်သွန်စျေး ၅၀၀ အပေါ်ရမှသာ တောင်သူက အရင်းပြန်ရမယ်။ မြတ်ရင် ပါးပါးမြတ်မယ်ပေါ့။ တောင်သူတွေက မြေဆီစျေးကြီးတယ်။ သွားလာစရိတ်စျေးကြီးတဲ့အတွက် ၅၀၀ အောက်ရောင်းရရင် ရှုံးသွားပြီ။ ကြက်သွန်စိုက်စရိတ်တောင် ရှုံးသွားရင် လာမယ့် ကြက်သွန်စိုက်ရာသီမှာ ကြက်သွန်စိုက်ဖို့ သိပ်မလွယ်ဘူးပေါ့။ နောက်ပြီး ကြက်သွန်စိုက်တဲ့နယ်တွေက အခြေအနေက မကောင်းတော့ တချို့မစိုက်ပျိုးနိုင်ကြဘူး။ မျိုးစေ့တွေက အခုချိန် အကုန်စျေးချိုပါတယ်။လုပ်အားမရှိတာနဲ့ သွင်းအားစုကုန်တွေ စျေးကြီးတာကြောင့် ကြက်သွန်မစိုက်နိုင်ကြဘူး။ ကြက်သွန်စိုက်ပျိုးတော့ ဘယ်ပြည်ပနိုင်ငံမှ မတင်ပို့ရတော့ စျေးကွက်က စိုက်သလောက် ပြည်တွင်းစားသုံးမှုက ပြည့်စုံနေတော့ ကြက်သွန်စျေးနှုန်း လောလောဆယ် စျေး မတက်နိုင်ဘူးဖြစ်နေတယ်။ ဘင်္ဂလားဒေ့ရှ်ဘက်က ကြက်သွန်စျေး သိပ်မပေးဘူး။ စျေးမပေးတော့ လက်ရှိပေါက်စျေးနဲ့ ဘင်္ဂလားဘက်က ပေးတဲ့ စျေးက နည်းနည်းတောင် ကိုယ့်အိတ်ထည့်က ပါချင်သေးတယ်။ ကိုယ့်အိတ်စိုက်နေရတယ်ပေါ့။ အရောင်းအဝယ်က လုပ်ရင်းပါးပါးရှုံး ပါးပါးမြတ်နဲ့ အလုပ်လုပ်နေရပါတယ်” ဟု မန္တလေးမြို့ ရွှေမန်းလှကြက်သွန်ပွဲရုံပိုင်ရှင် ဦးဝင်းမြင့်က ပြောကြားသည်။

မန္တလေး ကြက်သွန်နီစျေးကွက်တွင် မြစ်သားထိပ်စ ကျပ် ၇၅၀၊ မိုးကြက်သွန်ထိပ်စ ၅၅၀ စျေး၊ မြစ်သားအောက်စ ၅၅၀ မှ ၆၀၀ ကြားစျေးရှိကြောင်း၊ မိုးကြက်သွန်အောက်စ စျေးမှာ ၄၀၀ မှ ၄၅ဝကြား စျေးရှိကြောင်း သိရသည်။

၂၀၁၈ ၂၀၁၉ ဘဏ္ဍာနှစ်က ကြက်သွန်နီ တန်ချိန် ၈၇၈၃၂ ဒသမ ၁၆၃ တန် ပြည်ပတင်ပို့ပြီး အမေရိကန်ဒေါ်လာ ၂၀ ဒသမ ၃၁၉ သန်းရရှိခဲ့ကာ  ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် တန်ချိန် ၁၃၃၅၆၅ တန်ထိ တင်ပို့ပြီး အမေရိကန်ဒေါ်လာ ၅၁ ဒသမ ၀၃ သန်းအထိ ဝင်ငွေ ရရှိခဲ့ကြောင်း သိရသည်။

Most Read

Most Recent