တိုင်းရင်းသားညီအစ်ကိုများအကြား ၁၉၄၇ ခုနှစ်က ပင်လုံတွင် တည်ဆောက်ခဲ့သည့် စည်းလုံးညီညွတ်မှု၊ နားလည်ယုံကြည်မှုပုံစံမျိုးကို ပြန်လည်ရရှိအောင် တည်ဆောက်ရမည်ဖြစ်ဟု နစကဥက္ကဋ္ဌ၏ ရှမ်းပြည်နယ်နေ့သဝဏ်လွှာ၌ ဖော်ပြ

တိုင်းရင်းသားညီအစ်ကိုများအကြား ၁၉၄၇ ခုနှစ်က ပင်လုံတွင် တည်ဆောက်ခဲ့သည့် စည်းလုံးညီညွတ်မှု၊ နားလည်ယုံကြည်မှုပုံစံမျိုးကို ပြန်လည်ရရှိအောင် တည်ဆောက်ရမည်ဖြစ်ဟု နစကဥက္ကဋ္ဌ၏ ရှမ်းပြည်နယ်နေ့သဝဏ်လွှာ၌ ဖော်ပြ
Published 7 February 2022

တိုင်းရင်းသားညီအစ်ကိုများအကြား ၁၉၄၇ ခုနှစ်က ပင်လုံတွင် တည်ဆောက်ခဲ့သည့် စည်းလုံးညီညွတ်မှု၊ နားလည်ယုံကြည်မှု ပုံစံမျိုးကို ပြန်လည်ရရှိအောင် တည်ဆောက်ရမည်ဖြစ်ဟု ဖေဖော်ဝါရီ ၇ ရက်တွင် ကျရောက်သည့် (၇၅) နှစ်မြောက် ရှမ်းပြည်နယ်နေ့အခမ်းအနားသို့ ပေးပို့သည့် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ သဝဏ်လွှာတွင် ဖော်ပြထားသည်။

၁၉၄၇ ခုနှစ် ဖေဖော်ဝါရီ ၇ ရက်တွင် ရှမ်း၊ ကချင်၊ ချင်းတိုင်းရင်းသား ခေါင်းဆောင်များသည် ဗမာပြည်မနှင့်အတူ ပူးပေါင်း၍ လွတ်လပ်ရေးအရယူမည့် သဘောတူဆုံးဖြတ်ချက်များကို ရှမ်းပြည်နယ် ပင်လုံမြို့၌ ချမှတ်နိုင်ခဲ့ကြောင်း၊  ထိုသို့တောင်တန်း၊ ပြည်မ မခွဲခြားဘဲ မြန်မာတစ်နိုင်ငံလုံးလွတ်လပ်ရေးကို အတူတကွရယူရန် ဆုံးဖြတ်နိုင်ခဲ့သည့် ဖေဖော်ဝါရီ ၇ ရက်ကို ဂုဏ်ပြုသောအားဖြင့် ရှမ်းပြည်နယ်နေ့အဖြစ် ကျင်းပလာခဲ့သည်မှာ (၇၅)နှစ်တိုင်ခဲ့ပြီဖြစ်ကြောင်း၊  ထို့ပြင် မကြာမီ ကျရောက်တော့မည့် (၇၅) နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ အကြိုကာလလည်း ဖြစ်သဖြင့် ထူးခြားလေးနက်သည့် သဘောကို ဆောင်နေကြောင်းနှင့် ထို့ကြောင့် ရှမ်းပြည်နယ်နေ့သည် တိုင်းရင်းသားအားလုံး၊ မြန်မာတစ်မျိုးသားလုံးနှင့် သက်ဆိုင်သော နေ့ထူးနေ့မြတ်အခါ သမယဖြစ်ကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားသည်။

တိုင်းရင်းသားစည်းလုံး ညီညွတ်မှုသည် နိုင်ငံတစ်နိုင်ငံအေးချမ်း တည်ငြိမ်မှုနှင့် အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲနေစေရေးအတွက် အသက်တမျှ အရေးပါလျက်ရှိသလို နိုင်ငံတစ်နိုင်ငံတိုးတက်ရေးအတွက် ကြီးမားသော မောင်းနှင်အား တစ်ရပ်လည်း ဖြစ်ကြောင်း၊ ထို့ကြောင့်တိုင်းရင်းသား ညီအစ်ကိုများအကြား သံသယများဖယ်ရှားကာ ထာဝရ ငြိမ်းချမ်းရေးရရှိအောင် တည်ဆောက်သွားရမည်ဖြစ်ကြောင်း၊ ယနေ့အချိန်တွင် ငြိမ်းချမ်းရေး မရရှိသေးသည့် နယ်မြေဒေသများရှိ ဒေသခံပြည်သူများသည် ရည်ရွယ်ချက်မဲ့သော စစ်ပွဲများကို စိတ်ကုန်မုန်းတီးနေကြကြောင်း၊  မိမိတို့လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေးနှင့် လုံခြုံအေးချမ်းစွာ နေထိုင်လိုခြင်းသည် တိုင်းရင်းသားပြည်သူအားလုံး၏ တူညီပြင်းပြ သောဆန္ဒပင်ကြောင်း၊ ထို့ကြောင့် တိုင်းရင်းသားညီအစ်ကိုများအကြား အပြန်အလှန် နားလည်ခွင့်လွှတ်မှု၊ ယုံကြည်မှုတို့ကို အခြေခံလျက်စည်းလုံးညီညွတ်မှုတို့ကို တည်ဆောက်ရမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

တိုင်းပြည်အတွင်း ငြိမ်းချမ်းရေး တစ်ရက်စော၍ တည်ဆောက်နိုင်လျှင် ပြည်သူများအတွက် တစ်ရက်စောပြီး အကျိုးရှိမည် ဖြစ်ကြောင်း၊ ယနေ့အချိန်အခါတွင် ပြည်ထောင်စု ငြိမ်းချမ်းရေးအတွက် အစဉ်တစိုက် ကြိုးပမ်းမှုများကြောင့် ဆွေးနွေးပွဲများ ကျင်းပနိုင်ပြီး ငြိမ်းချမ်းရေးနှင့်ပတ်သက်သည့် အကျိုးကျေးဇူးများ တိုးတက်ရရှိနိုင်တော့မည် ဖြစ်ကြောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့် တည်ငြိမ်အေးချမ်းရေးနှင့် ဒီမိုကရေစီအသွင် ကူးပြောင်းရေးအတွက်လွတ်လပ်ပြီး တရားမျှတသော ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကျင်းပနိုင်ရေး ပြင်ဆင်လျက်ရှိကြောင်း၊ မြန်မာနိုင်ငံကြီးအား လွတ်လပ်မှု၊ လုံခြုံမှု၊ အေးချမ်းတည်ငြိမ်မှုနှင့် ဖွံ့ဖြိုးတိုးတက်မှုများဖြစ်ပေါ်လာစေရေးအတွက် တိုင်းရင်းသား ပြည်သူတစ်ရပ်လုံးက ပူးပေါင်းပါဝင်ပေးပါရန် တိုက်တွန်းကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားသည်။

ထို့အတူတိုင်းရင်းသားညီအစ်ကိုများအကြား ၁၉၄၇ ခုနှစ်က ပင်လုံတွင် တည်ဆောက်ခဲ့သော စည်းလုံးညီညွတ်မှုမျိုး၊ နားလည်ယုံကြည်မှု ပုံစံမျိုးတို့ကို ပြန်လည်ရရှိအောင်တည်ဆောက်ရမည်ဖြစ်ကြောင်း၊ လွန်ခဲ့သော ၇၅ နှစ်က ပင်လုံမြို့ကလေးတွင် တိုင်းရင်းသားစည်းလုံးညီညွတ်မှုကိုပြသနိုင်ခဲ့သလို ယနေ့အချိန်အခါတွင်လည်း တိုင်းရင်းသားစည်းလုံးညီညွတ်မှုကို အမြန်ဆုံးပြသနိုင်ရန် အားလုံးဝိုင်းဝန်းကြိုးစားရမည်ဖြစ်ကြောင်း၊ နိုင်ငံအတွင်းယနေ့ဖြစ်ပေါ် ကြုံတွေ့နေရသည့် ဆူပူအကြမ်းဖက်မှုများကြောင့် တည်ငြိမ်အေးချမ်းမှု မရှိခြင်းအတွက် တိုင်းရင်းသားပြည်သူများအနေဖြင့် ဆင်းရဲဒုက္ခ များစွာ ကြုံတွေ့ကြရပြီး နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်မှုကို များစွာထိခိုက်စေလျက်ရှိကြောင်း၊ နိုင်ငံနှင့်ပြည်သူအကျိုးကို မကြည့်ဘဲ ပုဂ္ဂိုလ်စွဲ၊ ပါတီစွဲစိတ်ဖြင့် လွဲမှားစွာဆောင်ရွက်နေသည့်လုပ်ရပ်များကို တိုင်းရင်းသားပြည်သူ အားလုံးက အသိ၊ သတိဖြင့် သုံးသပ်ဆင်ခြင်ပြီး လမ်းကြောင်းမှန်ပေါ်ရောက်ရှိရေး သတိပြုသင့်ကြောင်း၊ ထိုသို့မဟုတ်ပါက ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံး ညီညွတ်မှုမပြိုကွဲရေး၊ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးတို့ကို ထိခိုက်စေပြီး  နိုင်ငံ၏ ရှေ့ရေးမှာ ရင်လေးဖွယ်ရာကောင်းကြောင်း ၎င်းက ပြောကြားသည်။

သို့ဖြစ်၍ တိုင်းရင်းသား ပြည်သူအားလုံးက နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးကို  အမျိုးသားရေးစိတ်ဓာတ်၊ ပြည်ထောင်စု စိတ်ဓာတ်တို့ဖြင့် ပူးပေါင်းဆောင်ရွက်သွားကြရန် တိုက်တွန်းလိုကြောင်း၊ တိုင်းရင်းသားပြည်သူတစ်ရပ်လုံးသည် တရားမျှတခြင်း၊ လွတ်လပ်ခြင်း၊ သာတူညီမျှ အခွင့်အရေးရရှိခြင်းဟူသည့် အနှစ်သာရများဖြင့် ပြည့်ဝသော ဖက်ဒရယ်စနစ်ကိုအခြေခံသော ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုတည်ဆောက်ရေး ရည်မှန်းချက်ပန်းတိုင်ကို မလွဲမသွေအောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် တိုင်းရင်းသားပြည်သူအားလုံး ပင်လုံစိတ်ဓာတ်အရင်းခံကာ ချစ်ကြည်စည်းလုံးစွာဖြင့် နိုင်ငံတော် အစိုးရနှင့်အတူ ပူးပေါင်းလက်တွဲဆောင်ရွက်ရန် သဝဏ်လွှာတွင် နစက ဥက္ကဋ္ဌက တိုက်တွန်းထားသည်။

Most Read

Most Recent