ရွေးကောက်ပွဲကော်မရှင်အပေါ် မလျော်သြဇာသုံးခြင်းစွဲချက်ဖြင့် ဦးဝင်းမြင့်၊ ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးမင်းသူတို့အား တရားစွဲထားသည့်အမှုမှ တရားလိုဖြစ်သူကို လာမည့်ရုံးချိန်းတွင် စတင်စစ်ဆေးမည်

ရွေးကောက်ပွဲကော်မရှင်အပေါ် မလျော်သြဇာသုံးခြင်းစွဲချက်ဖြင့် ဦးဝင်းမြင့်၊ ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးမင်းသူတို့အား တရားစွဲထားသည့်အမှုမှ တရားလိုဖြစ်သူကို လာမည့်ရုံးချိန်းတွင် စတင်စစ်ဆေးမည်
Published 7 February 2022

၂၀၂၀ ရွေးကောက်ပွဲတွင် ကော်မရှင်အား မလျော်သြဇာ လွှမ်းမိုးခြင်းစွဲချက်ဖြင့် သမ္မတဟောင်း ဦးဝင်းမြင့်၊ အတိုင်ပင် ခံပုဂ္ဂိုလ်ဟောင်းဒေါ်အောင်ဆန်းစုကြည်နှင့် ပြည်ထောင်စုဝန်ကြီးဟောင်း ဦးမင်းသူတို့အား  ရာဇသတ်ကြီး ပုဒ်မ ၁၃၀-ကဖြင့် တရား စွဲထားသည့်အမှုမှ တရားလိုဖြစ်သူကို ဖေဖော်ဝါရီ ၁၄ ရက်ရုံးချိန်းတွင် စတင်စစ်ဆေးမည်ဖြစ်ကြောင်း အမှုနှင့်ပတ်သက်၍ ထွက်ပေါ်လာသည့် သတင်းများအရ သိရသည်။

ဇမ္ဗူသီရိတွဲဖက်မြို့နယ်တရားသူကြီး (၁) ရုံးထိုင်သည့် ဇမ္ဗူသီရိအထူးတရားရုံးတွင် ဖေဖော်ဝါရီ ၇ ရက်က ဦးဝင်းမြင့်၊ ဒေါ်အောင်ဆန်းစုကြည်၊ ဦးမင်းသူတို့ကို ရာဇသတ်ကြီး ပုဒ်မ ၁၃၀(က) ဖြင့် တရားစွဲဆိုထားသည့် အမှုအတွက် ရုံးထုတ်စစ်ဆေးခဲ့ကြောင်းအမှုနှင့်ပတ်သက်၍ ထွက်ပေါ်လာသည့် သတင်းများအရ သိရသည်။

အဆိုပါအမှုတွင် တရားလိုအဖြစ် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ညွှန်ကြားရေးမှူးဦးအောင်မျိုးလွင်က တရားစွဲဆိုထားခြင်းဖြစ်ပြီး ဖေဖော်ဝါရီ ၁၄ ရက် ရုံးချိန်း၌ တရားလိုဖြစ်သူအား စတင်စစ်ဆေးမည် ဖြစ်ကြောင်းအမှုနှင့်ပတ်သက်၍ ထွက်ပေါ်လာသည့် သတင်းများအရ သိရသည်။

ထို့ပြင် ယင်းအမှုအတွက် တရားလိုပြသက်သေများအဖြစ် အမြဲတမ်းအတွင်းဝန် ဦးဇော်သန်းသင်းနှင့် အခြားတရားလိုပြသက်သေ ၂၀ ဦး တင်ပြထားကြောင်း၊ ဖေဖော်ဝါရီ ၂၁ ရက် ရုံးချိန်းမှ စတင်၍ တရားလိုပြသက်သေများအား စစ်ဆေးမည်ဖြစ်ပြီး ဧပြီ ၁၈ ရက် ရုံးချိန်းတွင် တရားလိုပြသက်သေများအား စစ်ဆေးမှုပြီးစီးရန် လျာထားကြောင်း သိရသည်။

အထက်ပါအမှုနှင့်ပတ်သက်၍ ဧပြီ ၂၅ ရက် ရုံးချိန်းတွင် စွဲချက်လျှောက်လဲချက် ကြားနာရန်၊ မေ ၂ ရက် ရုံးချိန်းတွင် စွဲချက်တင် မတင်အမိန့်ချမှတ်ရန်လျာထားကြောင်းနှင့် ဖေဖော်ဝါရီ ၁၄ ရက်၌ ထပ်မံရုံးထုတ်စစ်ဆေးရန် ရုံးချိန်းချိန်းဆိုထားကြောင်း သိရသည်။

ဦးဝင်းမြင့်၊ ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးမင်းသူတို့အား ရာဇသတ်ကြီးပုဒ်မ ၁၃၀(က) ဖြင့် တရားစွဲဆိုထားသည့် အမှုနှင့်ပတ်သက်၍ ပြီးခဲ့ရုံးချိန်းက မှုခင်းစီမံခန့်ခွဲမှု အစည်းဝေး(CMP) ပထမအဆင့်ဆွေးနွေးခြင်းကို ပြုလုပ်ခဲ့ပြီး ရက်ပေါင်း ၁၈၀ အတွင်း အမှုကို အပြီးစစ်ဆေးရန်၊ တရားလိုဘက်အား ရက်ပေါင်း ၉၀ နှင့် စွပ်စွဲခံရသူဘက်အား ရက်ပေါင်း ၉၀ စစ်ဆေးမည်ဖြစ်ကြောင်း သိရသည်။

Most Read