အာဆီယံအထူးသံတမန်ကို NLD ပါတီဝင်များနှင့် တွေ့ဆုံရန်စီစဉ်ပေးမည်ဟု ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟွန်ဆန်နှင့် အွန်လိုင်းမှတွေ့ဆုံရာတွင် ကတိပေးခဲ့သည်ဟု ကမ္ဘောဒီးယား တာဝန်ရှိသူ ပြောကြား

အာဆီယံအထူးသံတမန်ကို NLD ပါတီဝင်များနှင့် တွေ့ဆုံရန်စီစဉ်ပေးမည်ဟု ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟွန်ဆန်နှင့် အွန်လိုင်းမှတွေ့ဆုံရာတွင် ကတိပေးခဲ့သည်ဟု ကမ္ဘောဒီးယား တာဝန်ရှိသူ ပြောကြား
Published 7 February 2022
Ref: Reuters

မြန်မာ့တပ်မတော်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ကမ္ဘောဒီးယားနိုင်ငံမှ အာဆီယံအထူးကိုယ်စားလှယ် မြန်မာနိုင်ငံသို့လာရောက်မည့် အလည်အပတ်ခရီးစဉ်၌ ၎င်းကို NLD ပါတီဝင်များနှင့် တွေ့ဆုံရေးအတွက် စီစဉ်ပေးရန် သဘောတူခဲ့ကြောင်း ဖေဖော်ဝါရီ ၆ ရက်တွင် ကမ္ဘောဒီယား အကြီးတန်းတာဝန်ရှိသူတစ်ဦးက ထုတ်ဖော်ပြောကြားသည်ဟု ရိုက်တာသတင်းဌာနက ဖော်ပြခဲ့သည်။

ဇန်နဝါရီ ၂၆ ရက်က ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟွန်ဆန်နှင့် Video Call ပြောရာတွင် ပေးခဲ့သည့် ကတိသည် လွန်ခဲ့သော တစ်နှစ်ကျော်တွင် မြန်မာတပ်မတော်က နိုင်ငံတော် အာဏာကိုလွှဲပြောင်းယူခဲ့ပြီးနောက်ပိုင်း မဆုတ်သာမတိုးသော အခြေအနေဖြစ်နေသော ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် အသေးအဖွဲ လိုက်လျောမှု ဖြစ်သည်။

မည်သည့် NLD ပါတီဝင်နှင့် တွေ့ဆုံခွင့်ပြုမနည်းဆိုသည်ကို ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ထုတ်ဖော်ပြောကြားခြင်းမရှိဟု အွန်လိုင်းမှတွေ့ဆုံရာတွင် ပါဝင်ခဲ့သူ ဟွန်ဆန်ရုံး၏ဝန်ကြီး ကောင်ကင်ဟွန်းက ပြောကြားခဲ့သည်။

“ဝန်ကြီးချုပ်ဟွန်ဆန်နဲ့ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ Video Conferencing လုပ်ချိန်မှာ NLD အဖွဲ့ဝင်အချို့နဲ့တွေ့ဖို ့ကိစ္စ စီစဉ်ပေးမယ်လို့ပြောခဲ့တာဖြစ်ပေမယ့် အဲဒီပုဂ္ဂိုလ်တွေ ဘယ်သူဆိုတာကို ကျွန်တော်တို့ မသိရသေးပါဘူ” ဟု ရိုက်တာသတင်းဌာနက ဖုန်းဖြင့်ဆက်သွယ်မေးမြန်းရာတွင် ကောင်ကင်ဟွန်းက ပြောကြားခဲ့သည်။

ယင်းကိစ္စအတွက်မှတ်ချက်ပေးရန် ဖုန်းဆက်မေးမြန်းမှုကို မြန်မာနစကအစိုးရ ပြောရေးဆိုခွင့်ရှိသူက ဖြေကြားခဲ့ခြင်းမရှိဟု ရိုက်တာသတင်းတွင် ဖော်ပြထားသည်။

မြန်မာ့အရေးစေ့စပ်ဆွေးနွေးရာတွင် သက်ဆိုင်ရာအဖွဲ့အစည်းအားလုံးပါဝင်ရေးမှာ လွန်ခဲ့သောနှစ်၌ အာဆီယံကချမှတ်ခဲ့သည့် အာဆီယံငြိမ်းချမ်းရေးလုပ်ငန်းစဉ်၏ အရေးပါသော ဒေါက်တိုင်ဖြစ်သည်။ အာဆီယံက ချမှတ်ခဲ့သော အခြားအချက်များထဲတွင် အကြမ်းဖက်မှုအဆုံးသတ်နှင့် အာဆီယံ အထူးကိုယ်စားလှယ်ကို လက်ခံရေးဖြစ်သည်။

အာဆီယံအထူးသံတမန်ဖြစ်သည့် ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီးပရက် ဆော့ခွန်းသည် ပထမဆုံးခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်နှင့်တွေ့ဆုံရန် ဖြစ်နိုင်ဖွယ်မရှိဟု ကောင်ကင်ဟွန်းက ပြောကြားခဲ့သည်။

“သဘောသဘာဝ၊ ရည်ရွက်ချက်ကတော့ သက်ဆိုင်သူအားလုံးနဲ့တွေ့ဆုံရေးနဲ့ အရေးပါတဲ့လူတွေနဲ့ တွေ့ဆုံရေး ဖြစ်ပါတယ်။ ဒါပေမဲ့ တစ်ကြိမ်တည်းသွားလို့ မရနိုင်ပါဘူး။ အခေါက်ခေါက် သွားရမယ့်အနေအထားပါပဲ” ဟု ၎င်းက ပြောကြားခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည် ပါလာမည်ဆိုပါက အလွန်ကောင်းမွန်မည်ဟု ဆိုသည်။

အာဆီယံသံတမန်နှင့် တွေ့ဆုံမှုမှန်သမျှကို ပါတီကသဘောတူရမည်ဟု NLD ပါတီဝင်တစ်ဦးဖြစ်သည့် ဦးနေဘုန်းလတ်က ပြောကြားသည်။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်တွင် တပ်မတော်က အာဏာလွှဲပြောင်းယူခဲ့ပြီးချိန်ကတည်းက NLD ပါတီဝင်အများအပြား ထိန်းသိမ်းခံထားရကာ နေဘုန်းလတ်သည်လည်း အဝေးသို့ ရောက်နေသည့်ပါတီဝင်တစ်ဦးဖြစ်သည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ ကတိစကားသည် လာမည့်သီတင်းပတ်တွင် ကျင်းပမည့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးသို့ မြန်မာကိုဖိတ်ကြားရန် ကမ္ဘောဒီးယားအတွက် မလုံလောက်သေးဟု ဆိုသည်။

Most Read

Most Recent