ခရမ်းချဉ်သီးစျေး စံချိန်သစ်တင်မြင့်တက်ခဲ့သောကြောင့် မကွေးတိုင်းဒေသကြီးအတွင်း ယခုနွေဦးရာသီအထိ ခရမ်းချဉ်စိုက်ပျိုးသူများရှိလာ

ခရမ်းချဉ်သီးစျေး စံချိန်သစ်တင်မြင့်တက်ခဲ့သောကြောင့် မကွေးတိုင်းဒေသကြီးအတွင်း ယခုနွေဦးရာသီအထိ ခရမ်းချဉ်စိုက်ပျိုးသူများရှိလာ
မကွေးမြို့နယ် စည်ပင်ကျေးရွာမှ ယာမြေတစ်ခုတွင် မြေအောက်ရေကို ဆိုလာစနစ်ဖြင့်တင်၍ စိုက်ပျိုးထားသည့် ခရမ်းချဉ်ခင်းတွင် ခရမ်းချဉ်သီးခူးဆွတ်နေသည်ကို တွေ့ရစဉ်
မကွေးမြို့နယ် စည်ပင်ကျေးရွာမှ ယာမြေတစ်ခုတွင် မြေအောက်ရေကို ဆိုလာစနစ်ဖြင့်တင်၍ စိုက်ပျိုးထားသည့် ခရမ်းချဉ်ခင်းတွင် ခရမ်းချဉ်သီးခူးဆွတ်နေသည်ကို တွေ့ရစဉ်
Published 7 February 2022
အောင်သူငြိမ်း

ဇန်နဝါရီလအတွင်းက ခရမ်းချဉ်သီးစျေး စံချိန်သစ်တင် မြင့်တက်ခဲ့သောကြောင့် မကွေးတိုင်းဒေသကြီးအတွင်း မြို့နယ်အများစုမှ တောင်သူများ ယခုနွေဦးရာသီချိန်အထိ ခရမ်းချဉ်ကို ပိုမိုစိုက်ပျိုးလာကြောင်း ဒေသခံ တောင်သူများထံမှ သိရသည်။

ယခင်နှစ်များက နိုဝင်ဘာ၊ ဒီဇင်ဘာလများတွင် ခရမ်းချဉ်သီးတစ်ပိဿာလျှင် ကျပ် ၂၀၀ အထိ စျေးနှုန်းကျဆင်းလေ့ရှိခဲ့ကြောင်း ၂၀၂၁ ခုနှစ် နှစ်ကုန်ပိုင်းနှင့် ၂၀၂၂ ခုနှစ် ဇန်နဝါရီလဆန်းပိုင်းအထိ ခရမ်းချဉ်သီး တစ်ပိဿာလျှင် ကျပ် ၃၀၀၀ အထိ စံချိန်တင် စျေးမြင့်တက်ခဲ့ကြောင်း ထိုသို့စျေးနှုနး်မြင့် တက်မှုကြောင့် ယခုနွေဦးရာသီအထိ ခရမ်းချဉ်စိုက်ပျိးုသူ များပြားလာကြောင်း သိရသည်။

“ပုံမှန်ဆိုရင် ခရမ်းချဉ်သီးစျေးက ဒီဇင်ဘာလပိုင်းလောက်မှာ တစ်ပိဿာကို ကျပ် ၂၀၀ အောက်အထိ ဆင်းပါတယ်။ ဒါကြောင့် အဲ့ဒီရာသီမှာ ခရမ်းချဉ်စိုက်သူ နည်းပါးလာပါတယ်။ ပြီးခဲ့တဲ့မိုးရာသီက မိုးနှောင်းပိုင်း မိုးအား တွေကောင်းလွန်းပြီး ခရမ်းချဉ်တွေ ပျက်စီးမှု များခဲ့ပါတယ်။ အဲ့လို စိုက်ပျိုးသူကနည်းပြီး စိုက်တဲ့အပင်တွေလည်း အကျက်များခဲ့တော့ ပုံမှန်ခရမ်းချဉ်သီး လှိုင်တဲ့ရာသီမှာ ထွက်ကုန်ရှားပြီး စျေးတွေကောင်းခဲ့တာပါ။ ဒါကြောင့် အခုနွေရာသီအစအထိ ခရမ်းချဉ် စိုက်သူတွေ ပြန်များလာတာပါ” ဟု မင်းဘူးမြို့နယ် အလံပါယ်ကျေးရွာမှ ခရမ်းချဉ်စိုက် တောင်သူတစ်ဦးက ပြောကြားသည်။

“ခရမ်းချဉ်က ခူးဆွတ်ရာသီမှာ တစ်ပိဿာကို ကျပ် ၅၀၀ စျေးလောက် ဖောက်သည်စျေးရရင်ကို စိုက်တဲ့တောင်သူအတွက် မရှုံးပါဘူး။ အရင်နှစ်တွေက ရာသီပေါ်စျေး တစ်ပိဿာကို ကျပ် ၂၀၀ အထိဖြစ်ခဲ့တော့ စိုက်သူနည်းလာကြတာပါ။ အခုနှစ်မှ ထူးထူးခြားခြား စျေးကောင်းရလို့ နွေအထိလည်း ခရမ်းချဉ် စိုက်သူများလာတာပါ” ဟု မကွေးမြို့နယ်မှ တောင်သူတစ်ဦးက ပြောကြားသည်။

ခရမ်းချဉ်ကို မကွေးတိုင်းဒေသကြီးအတွင်း မကွေး၊ မင်းဘူး၊ ပွင့်ဖြူ၊ စလင်း၊ ပခုက္ကူ၊ ရေနံချောင်း၊ အောင်လံ၊ တောင်တွင်းကြီး၊ မြို့သစ်၊ နတ်မောက်မြို့နယ်များအတွင်း လယ်မြေများ၊ မြေနုကျွန်းနှင့် ကိုင်းမြေများတွင် အများဆုံးစိုက်ပျိုးလေ့ရှိကြောင်း၊ ၂၀၂၁ ခုနှစ်မှစ၍ မြေအောက်ရေကို ဆိုလာစနစ်ဖြင့် တင်၍ ယာမြေများတွင် ခရမ်းချဉ်နှင့် အခြားဟင်းသီးဟင်းရွက် စိုက်ပျိုးသူများလည်း ရှိလာကြောင်း ယခုဖေဖော်ဝါရီလဆန်းပိုင်းတွင် ခရမ်းချဉ်သီးတစ်ပိဿာလျှင် ကျပ် ၁၀၀၀ ကျော် ပေါက်စျေးရှိကြောင်း သိရသည်။

Most Read

Most Recent