ပခုက္ကူစျေးကွက်အတွင်း စီပီပြောင်းနှင့်ပဲယင်းများ စတင်ဝင်ရောက်နေပြီး ပြည်ပဝယ်လက်များကြောင့် စျေးနှုန်းမြင့်တက်နေ

ပခုက္ကူစျေးကွက်အတွင်း စီပီပြောင်းနှင့်ပဲယင်းများ စတင်ဝင်ရောက်နေပြီး ပြည်ပဝယ်လက်များကြောင့် စျေးနှုန်းမြင့်တက်နေ
Published 7 February 2022
သက်ထိန်ဝင်း (ပခုက္ကူ)

ပခုက္ကူသီးနှံစျေးကွက်အတွင်း ယခုဖေဖော်ဝါရီလဆန်းပိုင်းမှစ၍ စီပီပြောင်းဖူးစေ့များနှင့် ပဲယင်းနီ၊ ပဲယင်းဝါများ စတင်ဝင်ရောက်နေပြီး ပြည်ပဝယ်လက်များပြားသည့်အတွက် စျေးနှုန်းမြင့်တက်နေကြောင်း ကုန်သည်များထံမှ သိရသည်။

ပခုက္ကူမြို့နယ်နှင့် ရေစကြိုမြို့နယ်အတွင်း မြစ်ရေဝင်ဒေသများမှ ထွက်ရှိသည့် စီပီပြောင်းဖူးစေ့မှာ စျေးကွက်အတွင်း စတင်ဝင်ရောက်ချိန်တွင် တစ်တင်း ကျပ် ၁၂၀၀၀ ခန့်ပေါက်စျေးရှိပြီး လက်ရှိတွင် ဝယ်လက်များပြားသည့်အတွက် တစ်တင်း ကျပ် ၁၃၃၀၀ ပေါက်စျေးရှိကြောင်း သိရသည်။

“စီပီပြောင်းဖူးစေ့က မြဝတီသမားနဲ့ ရန်ကုန်သမားတွေ အဓိကဝယ်နေတယ်။ ပြည်ပထွက်ကုန်ပေါ့။ လက်ရှိစျေးတန်းက တောင်သူတွေ အဆင်ပြေမှာပါ။ ဒီနှစ်ကအစိုက်နည်းတော့ အထွက်နည်းတယ်။ အထွက်နည်းလို့ စျေးတက်တာမျိုး မဟုတ်ဘဲ ဝယ်လိုအား ကောင်းလို့ကို စျေးက ကောင်းနေတာ။ လက်ရှိတော့ နေ့စဉ် အိတ်အပိုင်း ၉၀၀ ကျော်လောက် ဝင်တယ်” ဟု ပခုက္ကူမြို့မှ သီးနှံရောင်းဝယ်ရေးလုပ်ကိုင်သူ ကိုစိန်လွင်က ပြောကြားသည်။

ပခုက္ကူစျေးကွက်သို့ စတင်ဝင်ရောက်နေသည့် ပဲယင်း (နီ)မှာ ဝယ်လိုအား များပြားသည့်အတွက် စျေးနှုန်းမြင့်တက်နေပြီး ပဲယင်း (နီ)တစ်တင်း ကျပ် ၄၉၅၀၀ ပေါက်စျေးရှိပြီး ပဲယင်း (၀ါ) မှာ တစ်တင်း ကျပ် ၂၉၀၀၀ ပေါက် စျေးရှိကြောင်း သိရသည်။

“ပဲယင်းအနီကတော့ ပစ္စည်းအရည်အသွေး ကောင်းတော့ စျေးလည်းကောင်းတယ်။ အစေ့အဆံ အရောင်အသွေးကစ မတူဘူး။ လက်ရှိတော့ ရန်ကုန်သမား ဝယ်နေတယ်။ တရုတ်သမား အဓိက ဝယ်တာပေါ့။ လက်ရှိ စျေးကတော့ တောင်သူကောင်းတဲ့ဘက်မှာ ပါပါတယ်။ နောက်ရက်တော့ ကုန်ဝင်ပိုများမယ်။ လက်ရှိ တစ်နေ့ကို အိတ်အပိုင်း ၅၀၀ ကနေ ၁၀၀၀ ဝန်းကျင်လောက်ထိ ဝင်တယ်” ဟု ပခုက္ကူမြို့မှ ပဲယင်းရောင်းဝယ်ရေး လုပ်ကိုင်သူတစ်ဦးက ပြောကြားသည်။

ပြီးခဲ့သည့်ရက်များအတွင်း စျေးနှုန်းမြင့်တက်ခဲ့သည့် ပဲစင်းငုံမှာ စျေးပြန်လည်ကျဆင်းရာ တစ်တင်း ကျပ် ၄၀၈၀၀ ပေါက်စျေးရှိပြီး လက်ရှိ စျေးနှုန်းအနေဖြင့် ရောင်းချပါကလည်း တောင်သူများ အကျိုးအမြတ်ရှိကြောင်း စိုက်ပျိုးလုပ်ကိုင်သူများထံမှ သိရသည်။

ပခုက္ကူသီးနှံစျေးကွက်အတွင်း နှမ်းစျေးနှုန်းများလည်း အနည်းငယ်ကျဆင်းသွားပြီး နှမ်းနက်စမုန်ရှယ် တစ်တင်းလျှင် ကျပ် ၇၁၀၀၀ နှင့် နှမ်းနက်စမုန် ရိုးရိုးတစ်တင်းလျှင် ကျပ် ၄၅၀၀၀ မှ ၆၉၀၀၀ ထိ ပေါက်စျေးရှိကြောင်း သိရသည်။

Most Read

Most Recent