မူဆယ်ခရိုင် နမ့်ခမ်းမြို့လယ်ရှိ နမ့်ခမ်းမြို့မစျေးသို့ TNLA အဖွဲ့ လာရောက်ခဲ့ခြင်းကြောင့် ဒေသခံများ စျေးဆိုင်များပိတ်သိမ်းပြီး တိုက်ပွဲဖြစ်ပွားမည်ကို စိုးရိမ်နေ

မူဆယ်ခရိုင် နမ့်ခမ်းမြို့လယ်ရှိ နမ့်ခမ်းမြို့မစျေးသို့ TNLA အဖွဲ့ လာရောက်ခဲ့ခြင်းကြောင့် ဒေသခံများ စျေးဆိုင်များပိတ်သိမ်းပြီး တိုက်ပွဲဖြစ်ပွားမည်ကို စိုးရိမ်နေ
Published 4 February 2022
ပြည့်စုံ (မူဆယ်)

ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်ခရိုင် နမ့်ခမ်းမြို့ အမှတ် ၅ ရပ်ကွက် ကောင်းနောင် မွန်ရပ် နမ့်ခမ်းမူဆယ် ပြည်ထောင်စုလမ်းမကြီး ဘေးကပ်လျက် နမ့်ခမ်းမြို့လယ်ရှိ နမ့်ခမ်းမြို့မ စျေးတွင်းသို့ ဖေဖော်ဝါရီ ၄ ရက် နံနက် ၉ နာရီ ဝန်းကျင်ခန့်က ၊တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(PSLF/TNLA) အဖွဲ့ဝင် အများအပြားလာ ရောက်ခဲ့ခြင်းကြောင့် စျေးဆိုင်များပိတ်သိမ်းပြီး တိုက်ပွဲဖြစ်ပွားမည်ကို ဒေသခံများစိုးရိမ်နေကြောင်း သိရသည်။

တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(PSLF/TNLA) အဖွဲ့ဝင် အများအပြား နမ့်ခမ်းမြို့လယ်ရှိ မြို့မစျေးသို့ တစ်နာရီနီးပါကြာ အေးဆေး တည်ငြိမ်စွာ ဝင်ရောက်လာပြီး ပြန်လည်ထွက်ခွာသွားသော်လည်း ဒေသခံများက စိုးရိမ်မှု မြင့်တက်နေပြီး စျေးဆိုင်များပိတ်သိမ်းကာ အိမ်အတွင်းနေထိုင်လျက်ရှိကြပြီး လမ်းမများပေါ်၌ လူသူ အသွားအလာ ခြောက်ကပ်လျက်ရှိကြောင်း ဒေသခံများ၏ပြောကြားချက်အရ သိရသည်။

ဒီကနေ့ မနက် ၉ နာရီဝန်းကျင်အချိန်မှာ နမ့်ခမ်းမြို့လယ်ရှိ မြို့မစျေးကြီးမှာ TNLA တပ်ဖွဲ့အင်အားအများအပြား အေးအေးလူလူ လမ်းလျှောက်လာတယ်။ တစ်နာရီနီးပါးကြာ မြို့လယ်မှာ နေပြီး အေးအေးလူလူပဲ မြို့ထဲကနေ ပြန်ထွက်သွားတယ်။ ဘယ်သူကိုမှထိခိုက်အောင်တော့ မလုပ်သွားဘူး။ စျေးသည်တွေ ဆိုင်တွေကတော့ ပိတ်ထားတယ်။ ဆက်မဖွင့်ရဲဘူး။ လမ်းမကြီးတွေပေါ်မှာတော့ လူသူကင်း ရှင်းနေတယ်။ တစ်ယောက်စ နှစ်ယောက်စပဲ တွေ့ရတယ်။ တိုက်ပွဲတွေ ဖြစ် ပေါ်လာမှာကို ကြောက်လို့ပါ ဟု နမ့်ခမ်းမြို့ခံတစ်ဦးက ပြောကြားသည်။

နမ့်ခမ်းမြို့မစျေးထဲ၌ TNLA တပ်ဖွဲ့ အင်အားအများအပြား ရောက်ရှိနေခဲ့ခြင်းကို တွေ့မြင်ခဲ့ရပြီး အနီးအနားရှိကျေးရွာများ၌လည်း အင်အားအများအပြားရှိနေကြောင်း ဒေသခံများက ဆိုသည်။

ဒေသခံများ၏ ပြောဆိုချက်အရ လွန်ခဲ့ သည့် တစ်လ ဇန်နဝါရီ ၄ ရက် မွန်းလွဲ ၂ နာရီ ခန့်က TNLA တံဆိတ်ဖြင့် အခွန်ကောက်ခံမှု ပြုလုပ်နေသူဟုယူဆရသူနှစ်ဦး စျေးထဲက အပြန် လက်နက် ကိုင်ဆောင်ထားသူလူတစ်စုက ပစ်ခတ်ခဲ့ခြင်းကြောင့် အသက် ၂၀ ဝန်းကျင် နှင့် အသက် ၃၅ နှစ် ဝန်းကျင် အမျိုးသား နှစ်ဦးမှာ အခင်းဖြစ်နေရာ၌ သေဆုံးခဲ့ခြင်းဖြစ်စဉ် ရှိခဲ့ခြင်းကြောင့် လာရောက်စုံစမ်းမှု သက်သက် တာဖြစ်နိုင်ကြောင်း ပြောကြားသည်။

အဆိုပါပစ်ခတ်မှု ဖြစ်စဉ်ဖြစ်ပွားခဲ့ပြီး နောက်တစ်နေ့ ဇန်နဝါရီ ၅ ရက် နံနက်ပိုင်း၌ TNLA နှင့် တပ်မတော်တို့အကြား ထိတွေ့ တိုက်ပွဲ ဖြစ်ပွားခဲ့ရာ လူ‌နေအိမ်များ ပျက်စီးပြီး ဒေသခံပြည်သူ ခြောက်ဦးလက်နက်ကြီးကျည် ထိမှန်ခဲ့သည်။

နမ့်ခမ်းမြို့နယ်ထဲ၌ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ ဖြစ်သည့် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(PSLA/TNLA)၊ကချင်လွတ်မြောက်ရေးတပ်မတော်( KIA/KIO)၊ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) နှင့် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ရှမ်းပြည်တပ်မတော် (RCSS/SSA) တို့ သွားလာလှုပ်ရှားနေသော နယ်မြေဖြစ်သည်။

Most Read

Most Recent