တောင်ဒဂုံမြို့နယ် သစ်ဆိုင်ကွေ့အနီးရှိ စည်ပင်သာယာရုံးအနောက်ဖက် မြစံပယ်လမ်းတွင် ဖေဖော်ဝါရီ ၄ ရက် နံနက် ၄ နာရီခွဲခန့်က ပေါက်ကွဲမှုနှစ်ကြိမ်ဖြစ်ပွားခဲ့ကြောင်း ယင်းနေရာအနီးနေထိုင်သူများထံမှ သိရသည်။
တောင်ဒဂုံမြို့နယ်တွင် နေထိုင်သူတစ်ဦးက " မနက် ၄ နာရီကျော်ကျော်လောက်မှာ ပေါက်ကွဲတာ။ ပထမတစ်ကြိမ်က ခပ်အုပ်အုပ်ပေါက်တယ်။ ဒုတိယအကြိမ်ကျတော့ အသံကျယ်တယ်။ အုန်းခနဲ့ပဲ။ စည်ပင်ရုံးနောက်ကျောဖက်မှာ ပေါက်ကွဲတာပါ " ဟုပြောကြားခဲ့သည်။
အဆိုပါပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရသူရှိမရှိနှင့် ပျက်စီးဆုံးရှုံးမှုကို မသိရှိရသေးပဲ ကနဦးစုံစမ်းမှုအရ ထိခိုက်ဒဏ်ရာရသူမရှိနိုင်ကြောင်း သိရသည်။
တောင်ဒဂုံမြို့နယ်စည်ပင်သာယာရုံးရှေ့မျက်နှာစာတွင် သဲအိတ်များဖြင့် လုံခြုံရေးအကာအရံများ ချထားကြောင်း တွေ့ရှိရသည်။















