မြန်မာနိုင်ငံ၏ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ရာရောက်ပြီး သံတမန် ကျင့်ဝတ်များကို ချိုးဖောက်ရာ ရောက်သည့်   သတင်းထုတ်ပြန်ချက်များကို ကန့်ကွက် ပယ်ချကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ထုတ်ပြန်

မြန်မာနိုင်ငံ၏ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ရာရောက်ပြီး သံတမန် ကျင့်ဝတ်များကို ချိုးဖောက်ရာ ရောက်သည့်   သတင်းထုတ်ပြန်ချက်များကို ကန့်ကွက် ပယ်ချကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ထုတ်ပြန်
Published 4 February 2022

မြန်မာနိုင်ငံ၏ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ရာရောက်ပြီး သံတမန် ကျင့်ဝတ်များကို ချိုးဖောက်ရာရောက်သည့်   သတင်းထုတ်ပြန်ချက်များကို ကန့်ကွက်ပယ်ချကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန က ဖေဖော်ဝါရီ ၃ ရက်တွင် သတင်းထုတ်ပြန်သည်။

မြန်မာနိုင်ငံတွင် တပ်မတော်မှ နိုင်ငံတော်တာဝန်ကို ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ လွှဲပြောင်း ရယူခဲ့သည့် တစ်နှစ်ပြည့်မြောက်ခဲ့သည့်ကိစ္စနှင့်ပတ်သက်၍ ကုလသမဂ္ဂ အဖွဲ့အစည်းများနှင့် တာဝန်ရှိသူများအပါအဝင် နိုင်ငံနှင့် အဖွဲ့အစည်းအချို့က ထုတ်ပြန်ကြေညာချက်များကို ပြုလုပ်ခဲ့ကြောင်း၊ ကုလသမဂ္ဂလုံခြုံရေးကောင်စီ၌ ဗြိတိန်နိုင်ငံ၏ တောင်းဆိုချက်ဖြင့် မြန်မာနိုင်ငံဆိုင်ရာ တံခါးပိတ်ဆွေးနွေးပွဲတစ်ရပ်ကို၂၀၂၂ ခုနှစ် ဇန်နဝါရီ ၂၈ ရက်တွင်ကျင်းပခဲ့သည့် တစ်ရက်တည်းတွင် ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာမဟာမင်းကြီးက လှုံ့ဆော် သတင်းထုတ်ပြန်ခဲ့သည်ကို တွေ့ရကြောင်းနှင့် တစ်ချိန်တည်းတွင် မြန်မာနိုင်ငံ လူ့အခွင့်အရေးအခြေအနေဆိုင်ရာ အထူးအစီရင်ခံစာတင်သွင်းသူက ကျင့်ဝတ်နှင့်မညီသော လှုံ့ဆော်ရေးသားချက်များကို ထပ်မံပြုလုပ်ခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင်ပါရှိသည်။

ထို့ပြင် မြန်မာနိုင်ငံသည် လွတ်လပ်သော အချုပ်အခြာအာဏာပိုင်နိုင်ငံဖြစ်သည်နှင့်အညီ နိုင်ငံတစ်နိုင်ငံ၏ ပြည်တွင်းရေးနှင့် ပြည်တွင်းတရားစီရင်မှုကို ပြင်ပမှ ဝင်ရောက်စွက်ဖက် ခြယ်လှယ်သည့် ထင်မြင်ချက်များနှင့် ဝေဖန်ပြောဆိုမှုများကို လက်မခံကြောင်း၊ မြန်မာနိုင်ငံ၏ ဒီမိုကရေစီလမ်းကြောင်းသည် ပြည်သူတို့၏ ဆန္ဒအရ အကောင်အထည်ဖော်လျက်ရှိသည့် လုပ်ငန်းစဉ်တစ်ရပ်ဖြစ်ကြောင်း၊  ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် မဲမသမာမှုများကြောင့် တရားမျှတသည့် ဒီမိုကရေစီစနစ်ကို ဆိုးရွားစွာ အနှောင့်အယှက် ဖြစ်စေခဲ့သည့်အတွက် စစ်မှန်သော ဒီမိုကရေစီစနစ်တစ်ရပ် ထွန်းကားပေါ်ထွက်လာ စေရန် မိမိတို့  အစိုးရအနေဖြင့် ဆက်လက်အကောင်အထည်ဖော်သွားရန် သန္နိဌာန် ချမှတ်ပြီးဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

ထို့အတူ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်ကတည်းက ချမှတ်ခဲ့သည့် ရှေ့လမ်းစဉ် (၅) ရပ်နှင့်အညီ ခိုင်မာသော ပါတီစုံဒီမိုကရေစီ လမ်းကြောင်းပေါ်သို့ ရောက်ရှိစေရေး တစိုက်မတ်မတ် ကြိုးပမ်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီနှင့် နိုင်ငံတော်အစိုးရသည် လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲ ကျင်းပနိုင်ရေးကို အဓိကရည်ရွယ်လျက် နိုင်ငံတည်ငြိမ်ရေးနှင့် ပြည်သူများ၏  လုံခြုံရေးအတွက်     ကြိုးပမ်းဆောင်ရွ်လျက်ရှိကြောင်းနှင့် ယင်းလုပ်ငန်းစဉ်ကို နိုင်ငံတကာက အားပေးကူညီရန် လိုအပ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယင်းအပြင် ရွေးကောက်ပွဲမသမာမှုများကို ဥပဒေနှင့်အညီ ဖြေရှင်းရန် ငြင်းဆန်ပြီး ထိပ်တိုက်ရင်ဆိုင်ရေးနှင့် အလုံးစုံပျက်သုဉ်းရေးကို ရွေးချယ်ခဲ့သည့် NLD ပါတီ၏ လုပ်ဆောင်မှုကြောင့် အကျိုးဆက်အနေဖြင့် ယနေ့ အကြမ်းဖက်မှုများ ဖြစ်ပွားနေသည်ကို သတိပြုသင့်ကြောင်း၊   CRPH ၊ NUG နှင့် PDF တို့က လူငယ်များကို အကြမ်းဖက်သမားများနှင့် လူသတ်သမားများအဖြစ်သို့ တွန်းပို့ခဲ့ခြင်းဖြစ်ကြောင်း၊ထိုသို့ စေခိုင်းသူများနှင့် လှုံ့ဆော်သူများအား နိုင်ငံအချို့က ကျောထောက် နောက်ခံပြုထားကြောင်း တွေ့ရကြောင်း၊  ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီမှ ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၃၁ ရက်အထိ ဆရာ/ဆရာမ၊ ကျန်းမာရေးဝန်ထမ်းနှင့် အုပ်ချုပ်ရေးပိုင်းဆိုင်ရာ ဝန်ထမ်းစုစုပေါင်း ၃၁၂ ဦးနှင့် သံဃာတော်များအပါအဝင် ပြည်သူ စုစုပေါင်း ၁,၉၈၈ ဦးမှာ အကြမ်းဖက်အုပ်စုများ၏ သတ်ဖြတ်ခြင်းခံခဲ့ရကြောင်း၊  CRPH၊ NUG နှင့် PDF တို့၏ လုပ်ရပ်များသည်  စစ်ရာဇဝတ်မှုမြောက်သောကြောင့် ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာအသိုက်အဝန်းက ဝိုင်းဝန်းရှုတ်ချရန် လိုအပ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။

မြန်မာအစိုးရအနေဖြင့် အကြမ်းဖက်သမားများအား ထိရောက်စွာ အရေးယူဆောင်ရွက်လျက်ရှိသော်လည်း ကြီးလေးသည့် ပြစ်မှုကျူးလွန်ခြင်းမရှိသူများအား လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့ပြီး စုစုပေါင်း လူဦးရေ ၄၀,၀၀၀ ကျော်အား လွတ်ငြိမ်းချမ်းသာခွင့်ပြုခဲ့ကာ အမှု ၄,၀၀၀ ကျော်ကို ရုပ်သိမ်းပေးခဲ့ပြီးဖြစ်ကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာနက ထုတ်ပြန်သည်။

အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ထာဝရငြိမ်းချမ်းရေးရရှိရေးအတွက် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲခြင်းကို ၂၀၂၂ ခုနှစ်ကုန်အထိ သက်တမ်းတိုးမြှင့်မည်ဟု ကမ္ဘောဒီးယားဝန်ကြီးချုပ်၏  မြန်မာနိုင်ငံခရီးစဉ်အတွင်း ပူးတွဲသတင်းထုတ်ပြန်ချက်တွင် အသိပေးထားကြောင်း၊ NCA နှင့်အညီ အစိုးရသည် တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့များ (EAOs) အပါအဝင် တွေ့ဆုံသင့်သူများနှင့် ပုံမှန် ထိတွေ့ဆွေးနွေးလျက်ရှိပြီး သက်ဆိုင်သူ အဖွဲ့အစည်းအားလုံးကိုလည်း ငြိမ်းချမ်းရေးကိစ္စ ဆွေးနွေးရန် ဖိတ်ခေါ်ထားပြီးဖြစ်ကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် အာဆီယံတူညီဆန္ဒ (၅)ချက်ကိစ္စကို ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ပြီး  ၂၀၂၂ ခုနှစ် အာဆီယံအလှည့်ကျဥက္ကဋ္ဌဖြစ်သည့် ကမ္ဘောဒီးယားနိုင်ငံနှင့် အပြုသဘော ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ ယင်းသို့ဆောင်ရွက်ရာတွင် အာဆီယံ ပဋိညာဉ်ပါ ပြဋ္ဌာန်းချက်များနှင့် အာဆီယံ၏ အခြေခံမူများနှင့်အညီ နိုင်ငံတော်၏ အချုပ်အခြာအာဏာ ပိုင်ဆိုင်မှုနှင့် အမျိုးသားရေးအကျိုးစီးပွားကို ထိခိုက်မှုမရှိစေဘဲ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။

အလားတူ နိုင်ငံကြီးအချို့၏ ပြည်ပစွက်ဖက်မှုများကြောင့် အကျိုးဖြစ်ထွန်းသည်ကို တွေ့မြင်ခဲလှကြောင်း၊ ယင်းအစား သက်ဆိုင်ရာနိုင်ငံရှိ ပြည်သူများအကြား စိတ်ဝမ်းကွဲပြားကာ လက်နက်ကိုင်ပဋိပက္ခများ ရှည်ကြာပြီး၊ ငြိမ်းချမ်းတည်ငြိမ်မှု မရရှိကြောင်း တွေ့ရကြောင်း၊ထိုအချက်ကို သက်သေထူနေသည့် ယခင် သာဓကများစွာလည်း ရှိကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

မြန်မာနိုင်ငံတော်အစိုးရအနေဖြင့် ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် ပြဋ္ဌာန်းထားသည့် တာဝန်နှင့် ဝတ္တရားများအရ ငြိမ်းချမ်းရေး၊ လုံခြုံရေး နှင့် ပြည်သူများ၏ အကျိုးစီးပွားကို ချမှတ်ထားသည့် ရှေ့လုပ်ငန်းစဉ် (၅)ရပ်၊ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးဦးတည်ချက်များနှင့်အညီ ဆက်လက် အကောင် အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊  စိစစ်အတည်ပြုနိုင်ခြင်းမရှိသည့် အချက်အလက်များ အပေါ် အခြေခံ၍ ပုံဖျက်ထားသော သတင်းထုတ်ပြန်ချက်များသည် မြန်မာနိုင်ငံ ၏ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ရာရောက်ပြီး၊ ကုလသမဂ္ဂပဋိညာဉ်စာတမ်း အပါအဝင် သံတမန် ကျင့်ဝတ်များကို ချိုးဖောက်ရာရောက်သဖြင့် ယင်းထုတ်ပြန်ချက်များကို မြန်မာနိုင်ငံက ပြင်းထန်စွာ ကန့်ကွက်ပယ်ချကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။

Most Read

Most Recent