လုပ်ငန်းရှင်တစ်ဦးထံမှ ဒေါ်လာ ငါးသိန်းခွဲကို ရာထူးတာဝန် အလွဲသုံးစားလုပ်ပြီး တံစိုးလက်ဆောင် ရယူခဲ့သည် ဟုဆိုကာ ဒေါ်အောင်ဆန်းစုကြည်အား အဂတိလိုက်စားမှု ပုဒ်မဖြင့် ထပ်မံအမှုဖွင့်

လုပ်ငန်းရှင်တစ်ဦးထံမှ ဒေါ်လာ ငါးသိန်းခွဲကို ရာထူးတာဝန် အလွဲသုံးစားလုပ်ပြီး တံစိုးလက်ဆောင် ရယူခဲ့သည် ဟုဆိုကာ ဒေါ်အောင်ဆန်းစုကြည်အား အဂတိလိုက်စားမှု ပုဒ်မဖြင့် ထပ်မံအမှုဖွင့်
Published 3 February 2022

လုပ်ငန်းရှင်တစ်ဦးထံမှ ဒေါ်လာငါးသိန်းခွဲကို ရာထူးတာဝန် အလွဲသုံးစားလုပ်ပြီး တံစိုးလက်ဆောင်ရယူခဲ့သည် ဟုဆိုကာ ဒေါ်အောင်ဆန်းစုကြည်အား အဂတိလိုက်စားမှုပုဒ်မဖြင့် ထပ်မံအမှုဖွင့်ထားကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဟောင်း ဒေါ်အောင်ဆန်းစုကြည်သည် နိုင်ငံရေးရာထူး လက်ရှိဖြစ်ခဲ့စဉ် ပုဂ္ဂလိက လုပ်ငန်းရှင်တစ်ဦးက ဆောင်ရွက်လျက်ရှိသော စီးပွားရေးလုပ်ငန်းများနှင့်စပ်လျဉ်း၍ လုပ်ငန်းများ အဆင်ပြေစေရန် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း လှူဒါန်းငွေအဖြစ်အကြောင်းပြ၍ ပေးအပ်သည့် ဒေါ်လာ ၅၅၀၀၀၀ (ငါးသိန်းငါးသောင်း) ကို ၂၀၁၉ ခုနှစ်နှင့် ၂၀၂၀ ပြည့်နှစ်အတွင်း လေးကြိမ်ခွဲ၍ ရာထူးတာဝန်ကို အလွဲ သုံးစားပြုကာ တံစိုးလက်ဆောင်အဖြစ် လက်ခံရယူခဲ့သည်ဟု သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယင်းကြောင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၅ အရ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ အမှတ်(၅)နယ် မြေရဲစခန်းတွင် ဖေဖော်ဝါရီ (၃) ရက်၌ ပထမ သတင်းပေးတိုင်ကြားချက်ဖွင့်လှစ်၍ တရားစွဲဆိုအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။

ဒေါ်အောင်ဆန်းစုကြည်သည် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဟောင်းထံမှ ရန်ကုန်တိုင်းအတွင်း လုပ်ငန်းဆောင်ရွက်မှုများနှင့် စပ်လျဉ်း၍ ထောက်ခံပေးရန်နှင့် ကာကွယ်စောင့်ရှောက်ပေးရန် ရည်ရွယ်၍ ပေးအပ်သော အမေရိကန် ဒေါ်လာ ၆၀၀၀၀၀ (ခြောက်သိန်း)နှင့် အကယ်ဒမီ အခေါက်ရွှေ ခုနစ်ပိဿာတို့ကို သုံးကြိမ်ခွဲ၍ လက်ခံရယူခဲ့ခြင်း၊ ဒေါ်ခင်ကြည်ဖောင် ဒေးရှင်း(ရုံးချုပ်)ဖွင့်လှစ်ရန် မြေ ၁ ဒသမ ၈၆ ဧကနှင့် အဆောက်အဦတို့ကို လုပ်ထုံးလုပ်နည်းများကို ဖောက်ဖျက်လျက် ထိုက်သင့်သည့်တန်ဖိုးမပေးဘဲ လျော့နည်းသက်သာသောနှုန်းထားနှင့် ငှားရမ်းဆောင်ရွက်စေခဲ့ခြင်းကြောင့် နိုင်ငံတော်က ငွေကျပ်သန်း ၅၂၀၀ ကျော် နစ်နာဆုံးရှုံးခဲ့ခြင်း၊ ဒေါ်ခင်ကြည် ဖောင်ဒေးရှင်းအတွက် နေပြည်တော်ရှိ လရောင်တော စိုက်ပျိုး သက်မွေးပညာ သင်တန်းကျောင်းစီမံကိန်းဆောင်ရွက်ရန် ဥတ္တရသီရိမြို့နယ်ရှိ မြေဧရိယာ ၁၀၁ ဒသမ ၃၃ ဧကနှင့် ပုဗ္ဗသီရိမြို့နယ်ရှိ မြေဧရိယာ ၂၃ ဒသမ ၈၅၅ ဧကကို  နေပြည်တော်စည်ပင်သာယာရေး ကော်မတီ ထံမှ လျှောက်ထားရယူခဲ့ရာတွင် လုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက်ခြင်းမဟုတ်ဘဲ ထိုက်သင့်သည့်တန်ဖိုး ထက်များစွာ လျော့နည်းလျက်ပေးချေခဲ့ခြင်းကြောင့် နိုင်ငံတော်မှ ငွေကျပ် ၁၉ ဘီလျံကျော် နစ်နာဆုံးရှုံးခဲ့ခြင်း။

ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း၏ မူလရည်ရွယ်ချက်နှင့် တိုက်ရိုက် သက်ဆိုင်ခြင်းမရှိသော ဖောင်ဒေးရှင်းဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နေထိုင်ရန် နေအိမ်အဆောက်အဦကို ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းသို့ အများပြည်သူမှ ထည့်ဝင်လှူဒါန်းထားသော အလှူငွေများထဲမှ ကျပ်သန်း ၁၆၀၀ ကျော်ကို သုံးစွဲဆောက်လုပ်စေခဲ့ခြင်းတို့ကြောင့် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်ဟောင်း ဒေါ်အောင်ဆန်းစုကြည်အပေါ် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၅ အရလည်းကောင်း၊ နေပြည်တော် စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌ၊ မြို့တော်ဝန်ဟောင်း ဒေါက်တာမျိုးအောင်၊ ဒုတိယမြို့တော်ဝန် ဟောင်း ဦးရဲမင်းဦးနှင့် နေပြည်တော် စည်ပင်သာယာရေး ကော်မတီဝင် ဟောင်း ဦးမင်းသူတို့အပေါ် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၅/၆၃ အရလည်းကောင်း တရားစွဲဆိုထားရာ နေပြည်တော်သီးသန့်တရားရုံးတွင် ရုံးထိုင်စစ်ဆေးလျက်ရှိကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက သတင်း ထုတ်ပြန်သည်။

ပြန်ကြားရေးဝန်ကြီးဌာန၏ ထုတ်ပြန် ချက်တွင် လုပ်ငန်းရှင်တစ်ဦး၏ အမည်ကို ထုတ်ဖော်ထားခြင်းမရှိသော်လည်း မတ် ၁၇ ရက်က မြဝတီသတင်းဌာန၏ ထုတ်ပြန်ချက် တွင် စေပိုင်ကုမ္ပဏီပိုင်ရှင် ဦးမောင်ဝိတ်က ဒေါ်အောင်ဆန်းစုကြည်ထံ ဒေါ်လာ ငါးသိန်း ခွဲကို ကိုယ်တိုင်ပေးခဲ့သည်ဟု ထွက်ဆိုခဲ့ ကြောင်း ထုတ်လွှင့်ခဲ့သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ထံ ၂၀၁၈ ခုနှစ် မေလတွင် အမေရိကန်ဒေါ်လာ တစ်သိန်း၊ ၂၀၁၉ ခုနှစ် မေလတွင် ဒုတိယ အကြိမ် အမေရိကန်ဒေါ်လာ တစ်သိန်းခွဲ၊ ၂၀၂၀ ပြည့်နှစ် ဖေေဖော်ဝါရီလတွင် တတိယ အကြိမ် အမေရိကန်ဒေါ်လာ ငါးသောင်းနှင့် ဧပြီလတွင် စတုတ္ထအကြိမ်အဖြစ် အမေရိကန် ဒေါ်လာ နှစ်သိန်းခွဲ စုစုပေါင်း အမေရိကန် ဒေါ်လာ ငါးသိန်းခွဲကို ၎င်းင်းကိုယ်တိုင် လက် ရောက်ပေးအပ်ခဲ့ကြောင်း စေပိုင်ကုမ္ပဏီ ဥက္ကဋ္ဌ ဦးမောင်ဝိတ်က ထွက်ဆိုခဲ့သည်ဟု သတင်းဖော်ပြခဲ့သည်။         

Most Read

Most Recent