ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေးမကောင်းသဖြင့် ရုံးချိန်းသို့ လာရောက်နိုင်ခြင်းမရှိ

ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေးမကောင်းသဖြင့် ရုံးချိန်းသို့ လာရောက်နိုင်ခြင်းမရှိ
Published 3 February 2022

ဒေါ်အောင်ဆန်းစုကြည်၊ စီမံ/ဘဏ္ဍာဝန်ကြီးဟောင်း ဦးကျော်ဝင်းနှင့် ဦးစိုးဝင်း၊ ဒုတိယဝန်ကြီးဟောင်း ဦးဆက်အောင်နှင့် သြစတြေးလျနိုင်ငံသား ရှောင်တာနယ်တို့ကို မြန်မာနိုင်ငံအစိုးရလျှို့ဝှက်ချက်များ အက်ဥပဒေဖြင့် တရားစွဲထားသည့်အမှုနှင့်ပတ်သက်၍ ရုံးထုတ်စစ်ဆေးသည့်ရုံးချိန်းသို့ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေးမကောင်း သဖြင့် မလာရောက်နိုင်ခဲ့ကြောင်း အမှုနှင့်ပတ်သက်၍ထွက်ပေါ်လာသည့် သတင်းများအရ သိရသည်။

ဒက္ခိဏခရိုင်တရားသူကြီး တာဝန်ယူဆောင်ရွက်သည့် နေပြည်တော်ရှိ ဇမ္ဗူသီရိအထူးတရားရုံးတွင် ဖေဖော်ဝါရီ ၃ ရက်က အစိုးရလျှို့ဝှက်ချက်များအက်ဥပဒေပုဒ်မ ၃ (၁) (ဂ)ဖြင့် တရားစွဲဆိုခြင်းခံထားရသည့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဟောင်း ဒေါ်အောင်ဆန်းစုကြည်၊ စီမံ/ဘဏ္ဍာဝန်ကြီးဟောင်း ဦးကျော်ဝင်းနှင့် ဦးစိုးဝင်း၊ ဒုတိယဝန်ကြီးဟောင်း ဦးဆက်အောင်နှင့် သြစတြေးလျ နိုင်ငံသားရှောင်တာနယ်တို့ကို ရုံးထုတ်စစ်ဆေးရန် ချိန်းဆိုထားခြင်းဖြစ်ကြောင်း သိရသည်။

ဖေဖော်ဝါရီ ၃ ရက် ရုံးချိန်တွင် ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေးမကောင်းသဖြင့် ရုံးချိန်းသို့ လာရောက်နိုင်ခြင်းမရှိသလို စီမံ/ဘဏ္ဍာဝန်ကြီးဟောင်း ဦးကျော်ဝင်းနှင့် ဦးစိုးဝင်းတို့သည်လည်း ဆေးရုံတက်ရောက်၍ ဆေးကုသမှုခံရယူနေဆဲဖြစ်ခြင်းကြောင့် ရုံးရှေ့သို့ ရောက်ရှိလာခြင်းမရှိခဲ့ကြောင်း အမှုနှင့်ပတ်သက်၍ ထွက်ပေါ်လာသည့် သတင်းများအရ သိရသည်။

ပြီးခဲ့သည့်ရုံးချိန်းတွင် ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ တရားစွဲဆိုခြင်း ခံထားရသည့်  စီမံ/ဘဏ္ဍာဝန်ကြီးဟောင်း ဦးစိုးဝင်းအား ကျန်းမာရေးအခြေအနေအရ အာမခံရရှိခဲ့ကြောင်း အမှုနှင့်ပတ်သက်၍ ထွက်ပေါ်လာသည့်သတင်းများအရ သိရသည်။

ထို့ပြင် ဆေးရုံတက်ရောက်၍ ဆေးကုသမှုခံယူနေရသော စီမံ/ဘဏ္ဍာဝန်ကြီးဟောင်း ဦးကျော်ဝင်းအတွက်လည်း ပြီးခဲ့သည့်ရုံးချိန်းတွင် ၎င်း၏ရှေ့နေများက အာမခံလျှောက်ထားကြောင်း အမှုနှင့်ပတ်သက်၍ ထွက်ပေါ်လာသည့်သတင်းများအရ သိရသည်။

ဒေါ်အောင်ဆန်းစုကြည်၊ စီမံ/ဘဏ္ဍာဝန်ကြီးဟောင်း သုံးဦးနှင့် မစ္စတာရှောင်တာနယ်တို့ကို လျှို့ဝှက်အက်ဥပဒေဖြင့် တရားစွဲထားသည့်အမှုအား ဖေဖော်ဝါရီ ၁၀ ရက်တွင် ထပ်မံရုံးထုတ်စစ်ဆေးရန် ချိန်းဆိုထားကြောင်း အမှုနှင့်ပတ်သက်၍ ထွက်ပေါ်လာသည့်သတင်းများအရ သိရသည်။

 

 

 

Most Read

Most Recent