တည်ငြိမ်အေးချမ်းရေးကိုပျက်ပြားရန် လှုံ့ဆော်မှုစွဲချက်ဖြင့် Facebook တွင် ပို့စ်တင်ရေးသားသူ ငါးဦးအား ထပ်မံအမှုဖွင့်အရေးယူ

တည်ငြိမ်အေးချမ်းရေးကိုပျက်ပြားရန် လှုံ့ဆော်မှုစွဲချက်ဖြင့် Facebook တွင် ပို့စ်တင်ရေးသားသူ ငါးဦးအား ထပ်မံအမှုဖွင့်အရေးယူ
Published 3 February 2022

နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားရန် လှုံ့ဆော်မှုဖြင့် Facebook တွင် ပို့စ်တင်ရေးသားသူငါးဦးကို ထပ်မံအမှုဖွင့်အရေးယူထားကြောင်း ဖေဖော်ဝါရီ ၂  ရက်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်သည်။

နစက၏ သတင်းထုတ်ပြန်ချက်အရ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နေ ချောစု ဝင်း(ခ)ချောစုသည် ၎င်းအသုံးပြုသည့် Chaw Su Facebook အကောင့်၊ ဆိပ်ဖြူမြို့နေ ဌေးမိုးလွင်သည် ၎င်းအသုံးပြုသည့် Htay Moe Lwin Facebook အကောင့်၊ ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်နေ သန္တာအောင်သည် ၎င်းအသုံးပြုသည့်  Thadar Facebook အကောင့်၊ ဒဂုံမြို့သစ် (မြောက်ပိုင်း)မြို့နယ်(၃၈)ရပ်ကွက်နေ မထိုက်ထိုက်ဝေသည် ၎င်းအသုံးပြုသည့် December Wai Facebook အကောင့်၊ ခရမ်းမြို့နေ တိုင်းဒေသကြီး (၂) NLD ပါတီဝင်လွှတ်တော်ကိုယ်စားလှယ်ဟောင်းဖြစ်သူ သိန်းဇော်လတ်သည် ၎င်းအသုံးပြုသည့် Thein Zaw Latt Facebook အကောင့်တို့ဖြင့် လှုံ့ဆော်ရေးသားမှုကြောင့် ဖမ်းဆီးထိန်းသိမ်း အမှုဖွင့်လှစ်အရေးယူထားကြောင်း သိရသည်။

အလားတူ တောင်ဥက္ကလာပမြို့နယ်နေ ဝေသွယ်ထွန်းနှင့်မောင်မောင်အေးတို့ နှစ်ဦးသည် ဆိုင်းဘုတ်များကိုင်ဆောင်ကာ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန် လှုံ့ဆော်ခြင်း၊ ၀ါဒဖြန့်ခြင်းများပြုမူ လုပ်ဆောင်ခဲ့သည့်အတွက် ဖမ်းဆီးထိန်းသိမ်း အမှုဖွင့်လှစ်အရေးယူခြင်းများဆောင်ရွက်ခဲ့ကြောင်း ထုတ်ပြန်မှုတွင်ပါရှိသည်။

ပြည်သူများအနေဖြင့် CRPH၊ NUG နှင့် ၎င်းတို့၏ လက်အောက်ခံအဖွဲ့အစည်းများ၊ ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များ၏လှုံ့ဆော်မှု၊ ၀ါဒဖြန့်မှုများအပေါ် မသိနားမလည်၍ဖြစ်စေ၊ ကြောက်ရွံ့၍ဖြစ်စေ လိုက်ပါလုပ်ဆောင်ခြင်း၊ အသံဖြင့်ဖြစ်စေ၊ ပြုလုပ်မှုဖြင့်ဖြစ်စေ၊ တစ်နည်းနည်းဖြင့်ဖြစ်စေ အများပြည်သူအနှောင့်အယှက်ဖြစ်စေမည့် ပြုလုပ်မှုများပြုလုပ်ခြင်း၊ လှုံ့ဆော်ဝါဒဖြန့်မှုများကို ထပ်ဆင့်မျှဝေခြင်း၊ အားပေးကူညီခြင်းများပြုလုပ်ခဲ့လျှင် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၂ (က) ရာဇသတ်ကြီးပုဒ်မ ၁၂၄ (က) နှင့်ပုဒ်မ ၅၀၅ (က)၊ အီလက်ထရောနစ်ဆက်သွယ်ရေး ဥပဒေပုဒ်မ ၃၃ (က) နှင့် တည်ဆဲဥပဒေများအရ အရေးယူခံရမည့်အပြင် ပြစ်မှုနှင့်သက်ဆိုင်သည့် ရွှေ့ပြောင်းနိုင်သောပစ္စည်း၊ မရွှေ့ပြောင်းနိုင်သောပစ္စည်းများကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေအရ သိမ်းဆည်းခံရနိုင်ပြီး ပြစ်မှုထင်ရှားစီရင်ခြင်းခံရပါက နိုင်ငံတော်ဘဏ္ဍာအဖြစ် သိမ်းဆည်းခံရနိုင်ကြောင်း ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၂၅ ရက်တွင်  နစကက အသိပေးချက်ထုတ်ပြန်ထားသည်။

Most Read

Most Recent