ကိုဗစ်-၁၉ အထူးချေးငွေ ပြန်လည်ပေးဆပ်ရန်ကာလကို ၂၀၂၂ ခုနှစ် မတ်လကုန်အထိနှင့် ၂၀၂၁ ခုနှစ် ဆောင်းရာသီစိုက်ပျိုးစရိတ်ချေးငွေ ထုတ်ချေးပေးမှုကို ဖေဖော်ဝါရီလကုန်အထိ ပြင်ဆင်သတ်မှတ်

ကိုဗစ်-၁၉ အထူးချေးငွေ ပြန်လည်ပေးဆပ်ရန်ကာလကို ၂၀၂၂ ခုနှစ် မတ်လကုန်အထိနှင့် ၂၀၂၁ ခုနှစ် ဆောင်းရာသီစိုက်ပျိုးစရိတ်ချေးငွေ ထုတ်ချေးပေးမှုကို ဖေဖော်ဝါရီလကုန်အထိ ပြင်ဆင်သတ်မှတ်
မြိုင်မြို့နယ်အတွင်း သီးနှံစိုက်ပျိုးရန် ထွန်ယက်နေစဉ်
မြိုင်မြို့နယ်အတွင်း သီးနှံစိုက်ပျိုးရန် ထွန်ယက်နေစဉ်
Published 3 February 2022

ကိုဗစ်-၁၉ အထူးချေးငွေပြန်လည်ပေးဆပ်ရန်ကာလကို ၂၀၂၂ ခုနှစ် မတ်လကုန်အထိနှင့် ၂၀၂၁ ခုနှစ် ဆောင်းရာသီစိုက်ပျိုးစရိတ်ချေးငွေထုတ်ချေးပေးမှုကို ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလကုန်အထိ ပြင်ဆင်သတ်မှတ်ကြောင်း မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်က အသိပေးကြေညာထားသည်။

စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်သည် ဘဏ်တည်ထောင်သည့် ၁၉၅၃ ခုနှစ်မှစ၍ တောင်သူလယ်သမားများနှင့် ချစ်ကြည်ရင်းနှီးစွာ အပြန်အလှန်ကျေးဇူးပြုရင်း ရပ်တည်လာခဲ့သည်မှာ နှစ်ပေါင်း ၇၀ နီးပါးရှိခဲ့ပြီဖြစ်ကြောင်း၊ ယခင်ကစိုက်ပျိုးစရိတ်ချေးငွေတစ်ခုတည်းကိုသာ ထုတ်ချေးခဲ့ရာမှာ လက်ရှိအချိန်တွင် စိုက်ပျိုးစရိတ်ချေးငွေသာမက ဖွံ့ဖြိုးရေးချေးငွေများဖြစ်ကြသည့် စိုက်ပျိုးရေးနှင့် ကျေးလက်ဖွံ့ဖြိုးရေးနှစ်ဆင့်ချေးငွေ (JICA Two Step Loan)၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးနှစ်ဆင့်ချေးငွေ (MEB Two Step Loan) နှင့် ကိုဗစ်-၁၉ အထူးချေးငွေစသည့် ချေးငွေများကိုလည်း တိုးတက်ထုတ်ချေးလျက်ရှိကြောင်း သိရသည်။

လက်ရှိအချိန်တွင် နိုင်ငံတစ်ဝန်း ကိုဗစ် -၁၉ ကပ်ရောဂါကူးစက်ပြန့်ပွားမှုကို ကာကွယ်ထိန်းချုပ်နိုင်ရန် ထုတ်ပြန်ရသော သွားလာမှုကန့်သတ်ချက်များ၊ ကုန်စည်ကူးသန်းရောင်းဝယ်မှုအခက်အခဲများ၊ သယ်ယူပို့ဆောင်မှုအခက်အခဲများ စသည်တို့ကြောင့်  နိုင်ငံတော်အစိုးရအနေဖြင့် တောင်သူများ၏ အခက်အခဲများကို အထိုက်အလျောက် ပြေလည်စေရန်နှင့် စိုက်ပျိုးရေးလုပ်ငန်းများ  အဆင်ပြေစွာ ဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှချေးယူထားသော ကိုဗစ်-၁၉ အထူးချေးငွေ ပြန်လည်ပေးဆပ်မှုနှင့် ဆောင်းရာသီစိုက်ပျိုးကာလအမီချေးငွေသစ်များ အဆင်ပြေစွာထုတ်ချေးနိုင် ရေးအတွက် ကိုဗစ်-၁၉ အထူးချေးငွေ ပြန်လည်ပေးဆပ်ရမည့်ကာလနှင့် ၂၀၂၁ ခုနှစ် ဆောင်းရာသီစိုက်ပျိုးစရိတ် ချေးငွေထုတ်ချေးသည့်ကာလများကို တိုးမြှင့်ပြင်ဆင်သတ်မှတ်ပေးထားသည်။

ကိုဗစ်-၁၉ အထူးချေးငွေပြန်လည်ပေးဆပ်ရန်ကာလကို ပထမအကြိမ်ပြင်ဆင်သတ်မှတ်ဖြေလျှော့ပေးခဲ့သည့် ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်အစား ၂၀၂၂ ခုနှစ် မတ်လကုန်အထိလည်းကောင်း၊ ၂၀၂၁- ဆောင်းရာသီ စိုက်ပျိုးစရိတ်ချေးငွေ ထုတ်ချေးပေးမှု နောက်ဆုံးရက်ကို ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၃၁ ရက်အစား ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလကုန်အထိလည်းကောင်း ပြင်ဆင်သတ်မှတ်ပေးထားသည်။

သို့ဖြစ်ရာ တောင်သူများအနေဖြင့် ယခင်ချေးငွေများနှင့်စပ်လျဉ်း၍ သက်ဆိုင်ရာ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲများနှင့် အချိန်မီဆက်သွယ်ဆောင်ရွက်ကြရန် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်က အသိပေးကြေညာထားသည်။

Most Read

Most Recent