နှစ်ရက်အတွင်း စစ်ကိုင်းတိုင်းအထက်ပိုင်းနှင့် ကချင်ပြည်နယ်တို့တွင် နေရာကွက်ကျား မိုးရွာသွန်းနိုင်ကြောင်း ဖေဖော်ဝါရီ ၂ ရက်တွင် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
ထုတ်ပြန်ချက်အရ လာမည့်နှစ်ရက်အတွင်း မိုးလေဝသခန့်မှန်းချက်အနေဖြင့် စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်းနှင့် ကချင်ပြည်နယ်တို့တွင် နေရာကွက်ကျား မိုး ဆက်လက်ရွာနိုင်ကြောင်း သိရသည်။
ဆက်လက်ပြီး ဘင်္ဂလားပင်လယ်အော်အလယ်ပိုင်းတွင် အများအားဖြင့် သာယာနေပြီး ကပ္ပလီပင်လယ်ပြင်နှင့် ကျန်ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အနည်းငယ်မှ တိမ်အသင့်အတင့် ဖြစ်ထွန်းနေကြောင်း သိရသည်။
ယင်းအတွက်ကြောင့် ဖေဖော်ဝါရီ ၃ ရက် နံနက်ပိုင်းအထိ ကချင်ပြည်နယ်တွင် နေရာကျဲကျဲ၊ စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်းနှင့် တနင်္သာရီတိုင်းဒေသကြီးတို့တွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာမည်ဖြစ်ပြီး ရွာရန်ရာနှုန်း ၈၀ ဖြစ်ကြောင်း၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းပြီး ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် အများအားဖြင့် သာယာမည်ဖြစ်ကြောင်း သိရသည်။
လွန်ခဲ့သော ၂၄ နာရီအတွင်းက ကချင်ပြည်နယ်တွင် နေရာအနှံ့အပြား၊ စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်းတွင် နေရာစိပ်စိပ်နှင့် ချင်းပြည်နယ်တွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာခဲ့ပြီး စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ တနင်္သာရီတိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်တို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းခဲ့ပြီး ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် အများအားဖြင့် သာယာခဲ့ကြောင်း သိရသည်။
ညအပူချိန်များမှာ ရန်ကုန်တိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့တွင် ဖေဖော်ဝါရီလ၏ ပျမ်းမျှအပူချိန်အောက် ငါး ဒီဂရီစင်တီဂရိတ်၊ ပဲခူးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ် (မြောက်ပိုင်းနှင့် အရှေ့ပိုင်း)၊ ရခိုင်ပြည်နယ်နှင့် ကယားပြည်နယ်တို့တွင် ဖေဖော်ဝါရီလ၏ ပျမ်းမျှအပူချိန်အောက် သုံးဒီဂရီ စင်တီဂရိတ်မှ လေးဒီဂရီစင်တီဂရိတ်အထိနှင့် စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် ကရင်ပြည်နယ်တို့တွင် ဖေဖော်ဝါရီလ၏ ပျမ်းမျှအပူချိန်အောက် နှစ်ဒီဂရီစင်တီဂရိတ် လျော့နည်းခဲ့ပြီး ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် ဖေဖော်ဝါရီလ၏ ပျမ်းမျှအပူချိန်ခန့်သာ ရှိခဲ့ကြောင်း သိရသည်။
ထူးခြားသည့် ညအပူချိန်များမှာ နမ့်စန်မြို့တွင် တစ်ဒီဂရီစင်တီဂရိတ်နှင့် ကျောက်မဲမြို့နှင့် မိုင်းယန်းမြို့တွင် နှစ်ဒီဂရီစင်တီဂရိတ်စီဖြစ်ကြကြောင်း၊ မှတ်သားဖွယ်ရာ မိုးရေချိန်များမှာ မြစ်ကြီးနားမြို့တွင် သုည ဒသမ ၂၇ လက်မ၊ မိုးကောင်းမြို့တွင် သုည ဒသမ ၂၄ လက်မနှင့် ပူတာအိုမြို့၊ မချမ်းဘောမြို့နှင့် ဟုမ္မလင်းမြို့တို့တွင် သုည ဒသမ ၁၆ လက်မစီ ဖြစ်ကြကြောင်း သိရသည်။
ယင်းအပြင် မြန်မာ့ပင်လယ်ပြင်တွင် လှိုင်းအနည်းငယ်မှ လှိုင်းအသင့်အတင့်ရှိမည် ဖြစ်ပြီး လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် လေးပေမှ ခုနစ်ပေခန့်ရှိနိုင်ကြောင်း သိရသည်။
နေပြည်တော်အနီးတစ်ဝိုက်၊ ရန်ကုန်မြို့အနီးတစ်ဝိုက်နှင့် မန္တလေးမြို့အနီးတစ်ဝိုက်တွင် ဖေဖော်ဝါရီ ၃ ရက် နံနက်ပိုင်းအထိ အများအားဖြင့် သာယာမည်ဖြစ်ကြောင်း မိုးဇလ၏ ထုတ်ပြန်ချက်အရ သိရသည်။















