ဖမ်းဆီးထိန်းသိမ်းခံထားသူအားလုံး ပြန်လွှတ်ပေးရန်နှင့် မြန်မာနိုင်ငံကို ဒီမိုကရေစီလမ်းကြောင်းဆီသို့ အမြန်ဆုံးပြန်လည်ပို့ဆောင်ရန် EU နှင့် နိုင်ငံတကာ ထုတ်ပြန်တောင်းဆို

ဖမ်းဆီးထိန်းသိမ်းခံထားသူအားလုံး ပြန်လွှတ်ပေးရန်နှင့် မြန်မာနိုင်ငံကို ဒီမိုကရေစီလမ်းကြောင်းဆီသို့ အမြန်ဆုံးပြန်လည်ပို့ဆောင်ရန် EU နှင့် နိုင်ငံတကာ ထုတ်ပြန်တောင်းဆို
Published 1 February 2022

မြန်မာနိုင်ငံတွင် အရေးပေါ်အခြေအနေကြေညာထားခြင်းကို အဆုံးသတ်ရန်၊ လူသားချင်းစာနာမှုဆိုင်ရာအကူအညီများ အတားအဆီးမရှိ ပေးအပ်ခွင့်ပြုရန်၊ နိုင်ငံခြားသားများအပါအဝင် မတရားထိန်းသိမ်းခံထားသူအားလုံးကို ပြန်လွှတ်ပေးရန်နှင့် မြန်မာနိုင်ငံကို ဒီမိုကရေစီလမ်းကြောင်းဆီသို့ အမြန်ဆုံး ပြန်လည်ပို့ဆောင်ရန် EU နှင့် နိုင်ငံတကာက ထုတ်ပြန်တောင်းဆိုခဲ့သည်။

မြန်မာနိုင်ငံတွင် တပ်မတော်က နိုင်ငံ့အာဏာကို ထိန်းသိမ်းရယူခဲ့သည့် တစ်နှစ်ပြည့်မြောက်သောနေ့(ဖေဖော်ဝါရီ ၁ ရက်)တွင် ဥရောပသမဂ္ဂကိုယ်စား အဆင့်မြင့်ကိုယ်စားလှယ်နှင့် အဲလ်ဘေးနီးယား၊ သြစတေးလျ၊ ကနေဒါ၊ နယူးဇီလန်၊ နော်ဝေး၊ ကိုရီးယား၊ ဆွစ်ဇာလန်၊ ယူနိုက်တက်ကင်းဒမ်းနှင့် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးများက ပူးတွဲထုတ်ပြန်ချက်တွင် အထက်ပါအတိုင်းထည့်သွင်းတောင်းဆိုခြင်းလည်း ဖြစ်သည်။

ယင်းထုတ်ပြန်ချက်တွင် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်တွင် တပ်မတော်သည် အာဏာထိန်းသိမ်းရယူခဲ့ကြောင်း၊ တစ်နှစ်အကြာတွင် ပြည်သူ ၁၄ သန်းကျော် လူသားချင်း စာနာထောက်ထားမှုအကူအညီများ လိုအပ်နေပြီး စီးပွားရေးမှာလည်း ကပ်ဆိုးကာလအတွင်းသို့ ရောက်လျက်ရှိကြောင်း ဖော်ပြထားသည်။

နိုင်ငံတစ်ဝန်းတွင် ပဋိပက္ခများ ကူးစက်ပြန့်ပွားလျက်ရှိပြီး မြန်မာနိုင်ငံနှင့် ဒေသတွင်းနိုင်ငံများ၏ ငြိမ်းချမ်းရေးနှင့် တည်ငြိမ်အေးချမ်းသာယာရေးကို ရိုက်ခတ်လျက်ရှိကြောင်း ဖော်ပြထားသည်။

အကြမ်းဖက်မှုများ ချက်ချင်းရပ်တန့်ရန်၊ သက်ဆိုင်သူများအားလုံး အပြုသဘောဆောင်သည့် ဆွေးနွေးမှုမျိုးဖြင့် အကျပ်အတည်းကို ငြိမ်းချမ်းစွာ အဖြေရှာကြရန်၊   အရေးပေါ်အခြေအနေကြေညာထားခြင်းကို အဆုံးသတ်ရန်၊ လူသားချင်းစာနာမှု ဆိုင်ရာအကူအညီများကို အတားအဆီးမရှိ ပေးအပ်ခွင့်ပြုရန်၊ နိုင်ငံခြားသားများအပါအဝင် မတရားထိန်းသိမ်ခံထားသူအားလုံးကို ပြန်လွှတ်ပေးရန်နှင့် မြန်မာနိုင်ငံကို ဒီမိုကရေစီလမ်းကြောင်းဆီသို့ အမြန်ဆုံး ပြန်လည်ပို့ဆောင်ရန်   ထပ်လောင်းတောင်း ဆိုကြောင်း ဖော်ပြထားသည်။

တပ်မတော်က အာဏာရယူမှု တစ်နှစ်ပြည့်မြောက်သည့်နေ့တွင် အမျိုးသမီးများ၊ ကလေးငယ်များ၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးအပ်သည့်အဖွဲ့အစည်းများမှ ဝန်ထမ်းများ၊ လူ့အခွင့်အရေးလှုပ်ရှားသူများနှင့် ငြိမ်းချမ်းစွာဆန္ဒပြသူများအပါအဝင် လွန်ခဲ့သည့်တစ်နှစ်တာကာလအတွင်း ကျဆုံးခဲ့သည့်သူများကို အောက်မေ့သတိရမိကြောင်း၊ အခြားလူနည်းစုတိုင်းရင်းသားများနှင့် ဘာသာရေးကိုးကွယ်သူများအပါအဝင် နိုင်ငံတစ်ဝန်း လူ့အခွင့်အရေးချိုးဖောက်မှုများ၊ နှိပ်စက်မှုများကို ပြင်းထန်စွာ ရှုတ်ချကြောင်း၊ ညှဉ်းပန်းနှိပ်စက်မှု၊ လိင်ပိုင်းဆိုင်ရာနှင့် ကျား/မ အခြေပြု အကြမ်းဖက်မှုများနှင့် စပ်လျဉ်းသည့် ခိုင်လုံသောသတင်းများ အတွက်လည်း စိုးရိမ်မိကြောင်း ပါရှိသည်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက် နိုင်ငံရေးအပြောင်းအလဲဖြစ်ပြီးချိန်မှစ၍ အိုးအိမ် စွန့်ခွာထွက်ပြေးခဲ့ကြရသည့် လူ ၄၀၀,၀၀၀ ကျော်နှင့် ပတ်သက်ပြီးလည်း  အလွန်စိုးရိမ်ပူပန်မိကြောင်း၊ နိုင်ငံအနှံ့အပြားတွင် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ အပူတပြင်းလိုအပ်လာနေမှုကို မိမိတို့လွန်စွာ စိုးရိမ်မကင်းဖြစ်မိပြီး ကိုဗစ်ကပ်ရောဂါ ကာကွယ်ဆေးထိုးနှံခြင်းအပါအဝင် ထိခိုက်လွယ်သော အသိုက်အဝန်းများထံသို့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီများ ပေးပို့ခြင်းကို လျင်လျင်မြန်မြန်၊ အပြည့်အဝနှင့် အဟန့်အတားမရှိ ခွင့်ပြုပေးရန် အလေးအနက်တိုက်တွန်းကြောင်း၊  လူအမြောက်အများ မတရားဖမ်းဆီးထိန်းသိမ်းထားခြင်းနှင့် ဒေါ်အောင်ဆန်းစုကြည်နှင့် အခြားထိန်းသိမ်းခံနိုင်ငံရေးသမားများအား ပြစ်ဒဏ်ချမှတ်ခြင်းတို့အပေါ် စိုးရိမ်မကင်းဖြစ်ရကြောင်း ဖော်ပြထားသည်။

မြန်မာပြည်သူများကိုယ်စား တရားဥပဒေစိုးမိုးရေးအားထုတ်မှုများကို ပံ့ပိုးကူညီကြရန်၊ လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် မတရားပြုမှုများအတွက် တာဝန်ရှိသူများ တာဝန်ခံမှု တာဝန်ယူမှု ရှိစေခြင်း၊ တပ်မတော်နှင့် ၎င်း၏ ကိုယ်စားလှယ်များထံသို့ စစ်လက်နက်ပစ္စည်းကိရိယာများ၊ အရပ်ဘက်-စစ်ဘက်သုံး ပစ္စည်းကိရိယာများ ရောင်းချခြင်း၊ လွှဲပြောင်းပေးအပ်ခြင်း၊ နည်းပညာအကူအညီပေးအပ်ခြင်းများ ရပ်တန့်ရန်နှင့် လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာအကူအညီများ လိုအပ်လျက်ရှိသည့် မြန်မာပြည်သူများကို ဆက်လက်ပံ့ပိုးပေးရန် နိုင်ငံတကာအသိုက်အဝန်းအား တောင်းဆိုကြောင်း ဖော်ပြထားသည်။

ထို့ပြင် မြန်မာပြည်သူများ၏ ဆန္ဒအတိုင်း ငြိမ်းချမ်းစွာအဖြေရှာဖွေရာတွင် အာဆီယံဘုံသဘောတူညီချက်ငါးရပ်နှင့် ၎င်းကို အကောင်အထည်ဖော်ရန်ကြိုးပမ်းလျက်ရှိသော အာဆီယံအထူးကိုယ်စားလှယ်ကို ထောက်ခံကြောင်း၊  အာဆီယံ၏ ဘုံသဘောတူညီချက်ငါးရပ်ကို အပြည့်အဝနှင့် အဆောတလျင် အကောင်အထည်ဖော်ဆောင်ရေးကြိုးပမ်းအားထုတ်သည့်အခါ မြန်မာနိုင်ငံတွင် အထူးကိုယ်စားလှယ်သည် ဒီမိုကရေစီလိုလားသည့်အဖွဲ့များ အပါအဝင် သက်ဆိုင်သည့်လူပုဂ္ဂိုလ်အသီးသီးနှင့် တွေ့ဆုံခွင့်ရရှိရေးအတွက် ထိထိရောက်ရောက် ထိတွေ့ဆောင်ရွက်ရန် တောင်းဆိုကြောင်း၊ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ်၏ လုပ်ဆောင်ချက်များကိုလည်း ကြိုဆိုသကဲ့သို့  ၎င်းနှင့်အတူ အပြုသဘာဆောင်သော ထိတွေ့ဆက်ဆံမှုများပြုလုပ်ရန် တိုက်တွန်းကြောင်း ဖော်ပြထားသည်။

Most Read

Most Recent