ရုရှားနှင့် ယူကရိန်း၏ “ပေါ်နွေလလျှင်”

ရုရှားနှင့် ယူကရိန်း၏ “ပေါ်နွေလလျှင်”
Published 30 January 2022
မိုးဧအောင်

၂၀၂၂ ခု ဇန်နဝါရီလအတွင်း ရုရှား၏ လုံခြုံရေးဆိုင်ရာ အဓိကတောင်းဆိုချက်များကို အမေရိကန်ပြည်ထောင်စုနှင့် NATO တို့က လိုက်လျောခြင်းမပြုနိုင်သည့်နောက်ပိုင်း ရုရှားနှင့် ယူကရိန်းတပ်ဖွဲ့များသည် နှစ်နိုင်ငံအကြား ရှည်လျားသော နယ်စပ်တစ်လျှောက် စစ်ဆင်ရေးပုံစံအပြည့် အသင့် နေရာယူထားလျက်ရှိနေကြသည်။

အမေရိကန်ပြည်ထောင်စုက ဆွေးနွေးပွဲများ ဆက်လက်လုပ်ဆောင်နိုင်ရေးအတွက် ရုရှားတပ်ဖွဲ့များကို ရုတ်သိမ်းပေးရန် တောင်းဆိုခဲ့သော်လည်း ထိုသို့ တပ်ဖွဲ့များအားလုံး “အသင့်” အနေအထား ရှိနေခြင်းမှာ ရုရှား ကိုင်ထားသည့် သော့ချက်အစစ်ဖြစ်သည်။

 

 ■ ရုရှား၏ အားသာချက်များ

ယူကရိန်းနှင့်ရုရှား နိုင်ငံအလိုက် အမျိုးသားတပ်မတော်အင်အားမှာ ရုရှားက မယှဉ်သာလောက်အောင် သာလွန်ခြင်းသည် ပထမ အားသာချက် ဖြစ်သည်။

၂၀၂၀ ပြည့်နှစ် စတော့ဟုမ်း နိုင်ငံတကာငြိမ်းချမ်းရေးသုတေသန အင်စတီကျု (Stockholm International Peace Research Institute)၏ စာရင်းအင်းအချက်အလက်များအရ ရုရှား၏ ကာကွယ်ရေးအသုံးစရိတ်မှာ အမေရိကန်ဒေါ်လာ ၆၁.၇ ဘီလျံံ ရှိပြီး ယူကရိန်း၏ ကာကွယ်ရေးအသုံးစရိတ်မှာ ရုရှား၏ ဆယ်ပုံတစ်ပုံမျှပင် မရှိသော အမေရိကန်ဒေါ်လာ ၅.၉ ဘီလျံံ ဖြစ်သည်။

တစ်ဖန် နိုင်ငံတကာ မဟာဗျူဟာလေ့လာရေး အင်စတီကျု (International Institute for Strategic Studies-IISS) ၏ ထုတ်ပြန်ချက်အရ ရုရှား၏တပ်နီတော်တွင် ဖွဲ့စည်းပုံ၊ လက်နက်အပြည့်အစုံ စစ်သည်အင်အား ၉၀၀,၀၀၀ ရှိပြီး ယူကရိန်း၌ စစ်သည်အင်အား ၂၀၉,၀၀၀ သာ ရှိသည်။ ထို့ကြောင့် ရုရှားတပ်များအနေနှင့် ကာလရှည်ကြာ ရင်ဆိုင်ရသော အကျပ်အတည်းများတွင် တပ်ဖွဲ့အင်အား အသစ်ကို စိတ်ကြိုက် လဲလှယ်နိုင်စွမ်း ရှိသည်။

ယခုသီတင်းပတ်အတွင်း NATO အဖွဲ့ဝင် နိုင်ငံများအနေနှင့် အရှေ့ဥရောပရှိ မဟာမိတ်များထံ လေယာဉ်နှင့် သင်္ဘောအင်အား ပိုမိုတောင့်တင်းစေရန် စီစဉ်အမိန့်ပေးခဲ့သော်လည်း ယူကရိန်းသို့ မည်သည့်နိုင်ငံကမှ စစ် သည်အင်အား ဖြည့်ပေးခြင်း မပြုခဲ့ပါ။

ရုရှားသည် သူ၏စစ်သည်အင်အား ၁၀၀,၀၀၀ ကို ယူကရိန်းနိုင်ငံ၏ မြောက်ဘက်၊ အရှေ့ဘက်နှင့် တောင်ဘက်တွင် နေရာယူဖြန့်ကြက်ထားသည်ဟု ယုံကြည်ရသည်။ သို့သော် စစ်ရေးလေ့လာသူများ၏ သုံးသပ်ချက်အရ ရုရှား၏ ဒုတိယအားသာချက်သည် လေကြောင်းမှ တိုက်စစ်ဆင်ခြင်း ဖြစ်မည်ဟု ခန့်မှန်းထားကြပါသည်။

“နယ်စပ်မှာ ဖြန့်ကျက်မထားဘဲ ကျန်တဲ့ ရုရှားတပ်အင်အားက လိုအပ်လာရင် အမြန် ဆုံးချက်ချင်းဖြည့်နိုင်တယ်။ လေကြောင်း အင်အားနဲ့ ပဲ့ထိန်းဒုံးကျည်တွေကို သူတို့ အဓိကအားပြုလိမ့်မယ်လို့ ကျွန်တော်ထင်တယ်” ဟု IISS မှ အကြီးတန်းသုတေသီ ဆမ်မီယာ ပူရီက ပြောသည်။

ရုရှားသည် ၂၀၂၁ ခု နိုဝင်ဘာအတွင်း ယူကရိန်းနှင့် စစ်ရေးအကျပ်အတည်း မဖြစ်မီကပင် စစ်ရေးအတွက် အသင့်ပြင်ဆင်ပြီး အနေအထား ရှိခဲ့သည်။

တတိယအားသာချက်အဖြစ် လူဟန့်နှင့် ဒွန်နက်ဒေသတွင် ယူကရိန်းစစ်တပ်နှင့် ရင်ဆိုင်တိုက်ခိုက်သည့် အတွေ့အကြုံရပြီးသား တပ်ဖွဲ့များ ရုရှားတွင် ရှိနေခြင်းဖြစ်သည်။ ထို့ကြောင့် ယူကရိန်းတို့၏ နည်းဗျူဟာနှင့် စွမ်းဆောင်ရည်များကို သတင်းပို့နိုင်ကာကျူးကျော်စစ်ဖြစ်လာခဲ့သော် အသစ်ဝင်လာမည့် ရုရှားတပ်များနှင့် ချိတ်ဆက်နိုင်စွမ်းရှိခြင်းပင် ဖြစ်သည်။

သုတေသီ ပူရီ၏အလိုအရ ရုရှား၏ စတုတ္ထအားသာချက်မှာ နိုင်ငံရေးအထိုင်ဖြစ်သည်။

“ယူကရိန်းနိုင်ငံရေးက ပျော့တီးပျော့ခွေပါ။ သူတို့ ဖြတ်သန်းလာရတဲ့စနစ်က ရေပေါ်ဆီ လူနည်းစုက အစိုးရတက်လုပ်ပြီး အပြောင်းအလဲကို လေးတိလေးကန် လုပ်လာကြတာ။ ရုရှားကတော့ သံမဏိစည်းမျဉ်းကိုင်ထားတဲ့ အုပ်ချုပ်နည်းအောက်မှာ အသားကျလာခဲ့တာမို့ ချီတုံချတုံဖြစ်စရာ ဘာမှ အကြောင်းမရှိဘူး”ဟု ပူရီက ပြောခဲ့ပြီး အကယ်၍များ ရုရှား-ယူကရိန်း စစ်ဖြစ်ခဲ့သော် “ဒီပွဲ ကြည့် မကောင်း” ဟု ဆိုပါသည်။

ပူရီသည် ယူကရိန်းနိုင်ငံအရှေ့ပိုင်း၊ ဒွန်ဘတ်ဒေသ၌ ၂၀၁၄ - ၁၅ ခုနှစ်အတွင်း တစ်နှစ်တာ နေထိုင်ခဲ့ဖူးသူ ဖြစ်၏။ “ဒီပွဲက ဆိုဗီယက်ယူနီယံကြီးကို ကိုယ့်နည်းနဲ့ကိုယ်လွမ်းနေသူတွေနဲ့ ယူကရိန်းကို ကိုယ်ထင် ရာမြင်ရာ သဘောပေါက်နေသူတွေ အနာဂတ်မှာ တွေ့ကြတော့မယ့် ပွဲ”ဟု သူက ဖြည့် စွက်ပြောကြားသည်။

 

  NATO ၏ တုံ့ပြန်ချက်

NATO ၏ တုံ့ပြန်မှုအတိုင်းအတာကို ကြည့်ရသည်မှာ စစ်ပွဲတစ်ခု ဖြစ်ပွားလုဆဲဆဲ အခြေအနေဟု ပြတ်ပြတ်သားသား ယုံကြည် ပုံမရသေးပါ။

၂၀၂၂ ခု ဇန်နဝါရီ ၂၄ ရက်၊ တနင်္လာနေ့က NATO သည် အရှေ့ဥရောပရှိ ယင်း၏တပ်ဖွဲ့များဖြစ်သော စစ်သည်အင်အား၊ သင်္ဘောများနှင့် တိုက်လေယာဉ်များကို တိုက်ပွဲဝင်အသင့်အနေအထားဖြစ်အောင် အား ဖြည့်ပြင်ဆင်ထားသည်။

ရုရှားအနေနှင့် ယူကရိန်းကို သိမ်းပိုက်ရန်အကြောင်းမရှိကြောင်း အခိုင်အမာ ပြောကြားထားပြီး ကျန်နိုင်ငံများ၏ လက်ရှိလှုပ် ရှားမှုအသီးသီးမှာ ယုံမှားလွန် သံသယကြီးမားသော “ဟစ္စတီးရီးယား” ရောဂါရနေသည်နှင့် တူကြောင်း မှတ်ချက်ပြုသည်။

ဥရောပတစ်လွှားတွင် NATO ၏ တမုဟုတ်ခြင်း တုံ့ပြန်နိုင်စွမ်းရှိသော စစ်သည် အင်အား ၄၀,၀၀၀ ရှိသည်။ တိုက်ပွဲဝင်အသင့် အင်အား ၅,၀၀၀ နှင့် ပြင်သစ်ဦးဆောင်သော စွမ်းအားမြင့် ပူးပေါင်းစစ်ဆင်ရေးတပ်ဖွဲ့တို့ သည် ရေပြင်၊ မြေပြင်၊ ဝေဟင်ထိုးစစ်ကို ၇၂ နာရီအတွင်း စတင်နိုင်သည်။

ယခုသီတင်းပတ်အတွင်း ပြင်သစ်နိုင်ငံ က အင်အားထပ်မံဖြည့်တင်းပေးသည့်အတွက် ရိုမေးနီးယားတွင် အမာခံစစ်သည် အင်အား ၄,၀၀၀ ရှိသည်။ စပိန်သည် ရေတပ်နှင့် စစ်သည်အင်အားကို ဘူဂေးရီးယားသို့ ပို့ ဆောင်ရန်စီစဉ်ထားသော်လည်း ဘူဂေးရီးယားအစိုးရက လက်ရှိကာလ၌ ထိုအစီအစဉ် ကို ပယ်ချထားပါသည်။

အက်စတိုးနီးယား၊ လတ်ဗီးယား၊ လစ်သူယေးနီးယားနှင့် ပိုလန်တို့တွင် NATO ၏ နိုင်ငံစုံ ခြေလျင်တပ်ရင်း အခြေစိုက်စခန်း လေးခုရှိပြီး စစ်သည်အင်အား စုစုပေါင်း ၄,၀၀၀ နှင့် တင့်ကားများ၊ လေကြောင်းကာ ကွယ်ရေးနှင့် ထောက်လှမ်းရေးတပ်ဖွဲ့များ ပါဝင်သည်။

အမေရိကန်ပြည်ထောင်စုသည် ဥရောပတိုက်တွင် စစ်အင်အား ၇၄,၀၀၀ ရှိပြီး တာဝန်ချိန်အပြည့် စစ်သည်များပါဝင်ကာ ယခု သီတင်းပတ်အတွင်း အရေးပေါ်တပ်လှန့်မှု ပြုလုပ်ပါက ဖြည့်တင်းအင်အား ၈,၅၀၀  ထပ်မံတာဝန်ချထားပါမည်။

 

ရုရှား ဘာကိုလိုချင်ပါသနည်း

အပြင်ပန်းအားဖြင့် ရုရှားသည် လုံခြုံရေးအတွက် စိုးရိမ်ကြောင့်ကြပုံရသည်။

ဒီဇင်ဘာလအတွင်း ရုရှားသည် အမေရိကန်ပြည်ထောင်စုသို့ လုံခြုံရေးဆိုင်ရာ စာချုပ်မူကြမ်းနှစ်စောင် ပေးပို့ခဲ့၏။ စာ၏လိုရင်းမှာ အရှေ့ဥရောပသို့ NATO ၏ စစ်အင်အားချဲ့ထွင်မှုများရပ်တန့်ရန်နှင့် ယခင် ၀ါဆောစစ်စာချုပ်အဖွဲ့ဝင် နိုင်ငံများရှိ NATO  ၏ အက်ဆက်များ ရုတ်သိမ်းပေးရန် ဖြစ်သည်။ အမေရိကန်ပြည်ထောင်စုနှင့် NATO တို့က ဇန်နဝါရီ ၂၆ ရက်တွင် ဤ တောင်းဆိုချက်ကို ပယ်ချခဲ့သည်။

ဤနေရာ၌ ရုရှားသမ္မတ ဗလာဒီမာပူတင်၏ ပြန်လည်ပြင်ဆင်ရေးဝါဒ ရှင်သန်လာပုံကို ဖော်ပြလိုသည်။

လွန်ခဲ့သော ဇူလိုင်လက ရေးသားခဲ့သော သူ့အက်ဆေးတစ်ပုဒ်တွင် ၁၉၉၁ မတိုင်မီ ဆိုဗီယက်ယူနီယံကဲ့သို့ပင် ရုရှား၊ ဘီလာရုစ်နှင့် ယူကရိန်းတို့မှာ တစ်လုံးတစ်စည်းတည်းသော နိုင်ငံဖြစ်ပြီး လူဖန်တီးထားသော ပယောဂများကြောင့်သာ ကွဲနေရခြင်းဟု ဖော်ပြခဲ့သည်။

ဆိုဗီယက်ယူနီယံ၏ ၁၉၂၄ ခုနှစ်၊ ဖွဲ့ စည်းပုံအခြေခံဥပဒေအရ သမ္မတနိုင်ငံများ ခွဲထွက်ခွင့်ရှိသည်။ ပူတင်က ဤသို့ ရေးသားထားသည်။ “ကျွနု်ပ်တို့နိုင်ငံတော်၏ အညွန့်အညှောက်ပေါက်ကာစ ကာလကပင် အန္တ ရာယ်အကြီးဆုံး ချိန်ကိုက်ဗုံးများ ပါလာခဲ့၏။ မျက်စေ့တစ်မှိတ်အတွင်း ပေါက်ကွဲသွားနိုင်သည်ကို ဦးဆောင်ပါတီကြီးကသာ အကာအကွယ်ပေးနိုင်စွမ်းရှိသည်။ အဆိုပါ လုံခြုံရေး ယန္ထရားကြီး (ဆိုဗီယက်ကွန်မြူနစ်ပါတီ) ရွေ့လျောသွားခဲ့ပြီ။ ပါတီကိုယ်နှိုက်က သူ့ကိုယ် သူမဟန်နိုင်ဘဲ ပြိုလဲသွားခဲ့ပေပြီ။ ထိုအခါ  “တန်းစီထားသော အချုပ်အခြာအာဏာများ” သည်လည်း တသီတစ်တန်းကြီး နောက်က လိုက်လေတော့၏။”

ပူတင်၏ နောက်ထပ်သောကမှာ ရုရှားက ပြည်ပသို့ပို့နေသော သဘာဝဓာတ်ငွေ့များကို အနှောက်အယှက်ကင်းကင်း စဉ်ဆက်မပြတ် တင်ပို့ရောင်းချနိုင်ရေး ဖြစ်သည်။ ရုရှားက ဥရောပတိုက် ဓာတ်ငွေ့လိုအပ်ချက်၏ သုံးပုံတစ်ပုံကျော် ဖြည့်ဆည်းပေးနေသည်။

ရုရှားတို့တည်ဆောက်လျက်ရှိသောNord Stream 2 ဓာတ်ငွေ့ပိုက်လိုင်း ပြီးစီးပါက တစ်နှစ်လျှင် ဓာတ်ငွေ့ကုဗမီတာ ၅၅ ဘီလျံံ ပို့လွှတ်နိုင်မည်ဖြစ်သည်။ သို့သော် နည်းပညာကို အကြောင်းပြလျက် ဂျာမနီက ပိုက်လိုင်းတည်ဆောက်မှုကို နှောင့်နှေးအောင် လုပ်နေသည်။

 

ပဋိပက္ခကို စနစ်တကျ ချဉ်းကပ်ခြင်း

ရုရှားတို့ ယူကရိန်းအပေါ် ကျူးကျော်သိမ်းပိုက်လာနိုင်ခြေနှင့်ပတ်သက်၍ ပညာရှင်များအကြား ရှုမြင်ပုံမှာ ကွဲပြားကြသည်။

“IISS မှ နိုင်ဂယ်လ်ဂေါက်-ဒေဗီက ဓလက်ငင်း ပူပန်မှုက NATO ရဲ့ ၂၅ နှစ်ကြာ အင်အားချဲ့ထွင်လာတဲ့ သမိုင်းမဟုတ်ဘူး။ လက်ရှိ ယူကရိန်းအပေါ်မှာ ရုရှားသြဇာ ကျလာတာ။ အနောက်အုပ်စုက ယူကရိန်းကို နက်နက်ရှိုင်းရှိုင်း ဝင်လာလေလေ၊ တိုင်းပြည်ထဲမှာ ရှိနေတဲ့ ရုရှားလိုလားတဲ့ အင်အားစုတွေ မခံမရပ်နိုင်ဖြစ်လာလေပဲ။ ပြီးတော့ အမျိုးသားအမှတ်အသားသရုပ်တွေလည်း ပိုအားကောင်းလာတာပေါ့”ဟု Moscow Times သို့ ပြောကြားခဲ့သည်။

“အချိန်အခါက ပူတင့်ဘက်မှာ မရှိတော့ဘူးဆိုတာနဲ့ သူက ကိယက်ဗ်ကို အခိုင်အမာ သြဇာသုံးပြီး ဘယ်လိုချုပ်ကိုင်ရမလဲလို့ ဖြစ်နိုင်သမျှ နည်းလမ်းရှာတော့တာ” ဟု ဂေါက်-ဒေဗီက သုံးသပ်သည်။

အချိန်တွက်ဆမှုအရ ရုရှား၏ ကျူးကျော်တိုက်ခိုက်မှုသာ ရှိလာခဲ့မည်ဆိုပါက “မကြာမီ” ပင် ဖြစ်နိုင်ပြီး “ခပ်ဖြည်းဖြည်းမှ” မဟုတ်နိုင်ပါ။ သို့သော် ဤအယူအဆအရ အရှေ့ဥရောပ၌ NATO က အင်အားများ ဖြည့်တင်းနေခြင်းသည် နှစ်ဖက်သွားဓားကဲ့သို့ ကိုင်ရခက်ပါသည်။

၂၀၁၄ ခုနှစ် ယူကရိန်းပဋိပက္ခအတွင်း ရုရှားတို့က ခရိုင်းမီးယားကို သိမ်းပိုက်ပြီးမှသာ NATO ၏ နိုင်ငံစုံပါဝင်သော အခြေခံတပ် စခန်းများကို အရှေ့ဥရောပရှိ အဖွဲ့ဝင်နိုင်ငံများ၌ ချထားခဲ့ခြင်းဖြစ်သည်။

ကျူးကျော်ဝင်ရောက်ပုံနှင့် အလား သဏ္ဌာန်တူသော ထိုသို့အခြေစိုက်စခန်းချ တပ်အင်အားပို့ထားခြင်းကို NATO အဖွဲ့ဝင်များအားလုံး တစ်ညီတစ်ညွတ်တည်း သဘောတူခဲ့ကြသည် မဟုတ်ပါ။ ဥပမာဆိုရလျှင် ဂျာ မနီသည် ယူကရိန်းထံ စစ်လက်နက်အရန် ပစ္စည်းများ ရောင်းချရန်ငြင်းဆိုခဲ့ပြီး သံတမန်ရေးအရ ချဉ်းကပ်ရန်သာ အားပေးခဲ့ပါသည်။

“အမှန်ကတော့ တစ်ခုလုံး သိမ်းပိုက်တော့မယ်ထင်တဲ့ အကြောက်တရားဟာ ဟန်ပြသက်သက်ပါ”ဟု ပူရီက ပြောသည်။

“တကယ်သာသိမ်းမယ်ဆိုရင် နောက်နှစ်လလောက်ကို ကြိုတွေးကြည့်လိုက်။ ရာသီဥတု အကူးအပြောင်းမှာ ရေခဲတွေ အရည်ပျော်ပြီး ရွှံ့ဗွက်တွေ၊ နွံတွေကြားမှာ တင့်ကား တပ်ကြီး ဝင်လာပြီပေါ့။ ရုရှားကတော့ တဟား ဟားရယ်နေချိန် လန်ဒန်နဲ့ ၀ါရှင်တန်မှာ ဂနာမငြိမ် ဖြစ်ကုန်ကြရော။ ဒီတော့မှ ဂျာမနီက ရုရှားကို ဆွေးနွေးတဲ့နည်းနဲ့ ချိတ်ဆက်ဖို့ ငါတို့ ဆုံးဖြတ်ခဲ့တာ မှန်တယ်လို့ တွေးနေတော့မှာ။”

NATO သည် ချဲ့ထွင်မှုများပြုနေကြောင်း ကမ္ဘာ့ပြည်သူတို့ ထင်မြင်စွဲမြဲလာချိန် အထိ ရုရှားတပ်များကို ဆုတ်ခွာသွားခြင်း မပြုဘဲ လက်ရှိအခြေအနေအတိုင်း တပ်အင်အားဖြန့်ကြက်ထားလိမ့်မည်ဟု ပူရီက မြင် သည်။

“ပညာတတ်အများစုနဲ့ စကားစစ်ထိုးပြီး တိုင်ပတ်နေတာကို မကြိုက်တဲ့သူတွေက NATO ရဲ့ အင်အားချဲ့ထွင်ခြင်းဟာ မလုံမခြုံ တကယ်ဖြစ်စေလားလို့ တွေးလာ၊ မေးလာကြလိမ့်မယ်။ သူတို့က ရုရှားနဲ့ တစ်သဘောတည်း ရှိချင်မှ ရှိကြမယ်။ ဒါပေမဲ့ NATO ရဲ့ ချဲ့ထွင်ခြင်းဟာ အကြံဆိုးဉာဏ်ဆိုးလို့ မြင်သွားကြ လိမ့်မယ်။ ရုရှားဘက်က ကြည့်ရင် အဲဒါကမှ အောင်ပွဲအစစ် ရလိုက်တာ။”

Most Read

Most Recent