ဗဟိုဘဏ်က ၂၀၂၂ ခုနှစ်တွင် ဇန်နဝါရီလအတွင်း ငါးကြိမ်ခွဲ၍ နိုင်ငံခြားငွေစျေးပြိုင်လေလံဖြင့် ဒေါ်လာ ၆၅ သန်း ရောင်းချထား
၂၀၂၂ ခုနှစ် ဇန်နဝါရီ ၂၀ ရက်တွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်က နိုင်ငံခြားငွေစျေးပြိုင်လေလံဖြင့် ဒေါ်လာ ၁၅ သန်း ထပ်မံရောင်းချခဲ့ပြီး ဇန်နဝါရီလအတွင်း လက်ရှိအချိန်အထိ ငါးကြိမ်ခွဲ၍ ဒေါ်လာ ၆၅ သန်း ရောင်းချခဲ့ကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ သိရသည်။
ဇန်နဝါရီ ၇ ရက်တွင် မြန်မာနိုင်ငံတော် ဗဟိုဘဏ်က နိုင်ငံခြားငွေစျေးပြိုင်လေလံဖြင့် ဒေါ်လာ ၁၅ သန်း၊ ဇန်နဝါရီ ၁၂ ရက်တွင် ဒေါ်လာ ၁၅ သန်း၊ဇန်နဝါရီ ၁၃ ရက်တွင် ဒေါ်လာ ၁၀ သန်း၊ ဇန်နဝါရီ ၁၄ ရက်တွင် ဒေါ်လာ ၁၀ သန်း၊ ဇန်နဝါရီ ၂၀ ရက်တွင် ဒေါ်လာ ၁၅ သန်း ရောင်းချခဲ့သည်။
မြန်မာနိုင်ငံတော်ဗဟိုဘဏ်က နိုင်ငံခြားငွေစျေးပြိုင်လေလံဖြင့် ဒေါ်လာရောင်းချခဲ့မှုအနေဖြင့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလအတွင်း ဒေါ်လာ ၆ ဒသမ ၈ သန်းရောင်းချခဲ့ပြီး မတ်လအတွင်း ရောင်းချမှုမရှိခဲ့ပေ။ ဧပြီလအတွင်း ဒေါ်လာ ၁၂ သန်း၊ မေလအတွင်း ဒေါ်လာ ၂၄ သန်း၊ ဇွန်လတွင်း ဒေါ်လာ ၁၂ သန်း၊ ဇူလိုင်လအတွင်း ဒေါ်လာ ၃၉ သန်း၊ သြဂုတ်လအတွင်း ၂၈ သန်း၊ စက်တင်ဘာတွင် ဒေါ်လာ ၆၃ သန်း၊ အောက်တိုဘာတွင် ဒေါ်လာ သန်း ၁၁၀၊ နိုဝင်ဘာတွင် ဒေါ်လာ ၃၁ သန်းနှင့် ဒီဇင်ဘာတွင် ဒေါ်လာ ၁၁၈ သန်းဖြင့် ၂၀၂၁ ခုနှစ်အတွင်း ဒေါ်လာ ၄၄၃ ဒသမ ၈ သန်းရောင်းချခဲ့သည်။
ကာလတိုအတွင်း နိုင်ငံခြားငွေလဲလှယ်နှုန်းအတက်၊ အကျကြီးမားခြင်းကို လျော့နည်းစေရန်နှင့် နိုင်ငံခြားသုံးသီးသန့် အရန်ငွေဖြည့်တင်းရန် ဗဟိုဘဏ်က နိုင်ငံခြားငွေစျေး ပြိုင်လေလံဖွင့်လှစ် ဆောင်ရွက်နေသည်။
ဗဟိုဘဏ်စျေးပြိုင်လေလံအတွက် စည်းမျဉ်း၊ ညွှန်ကြားချက်များ ချမှတ်ထားပြီး အဆိုပါစည်းမျဉ်း၊ ညွှန်ကြားချက်များနှင့်အညီ နိုင်ငံခြားငွေစျေးပြိုင်လေလံတွင် ပါဝင်သည့် နိုင်ငံခြားသုံးငွေများ ရောင်းဝယ်ဖောက်ကားသည့်လုပ်ငန်းလိုင်စင် (AD) ရ ဘဏ်များဖြစ်သော နိုင်ငံပိုင်ဘဏ် သုံးဘဏ်၊ ပြည်တွင်းပုဂ္ဂလိကဘဏ် ၁၉ ဘဏ်နှင့် နိုင်ငံခြားဘဏ် ဘဏ်ခွဲ ၁၃ ဘဏ်တို့ဖြင့် နိုင်ငံခြားငွေဝယ်ခြင်း၊ ရောင်းခြင်းတို့ကို ဆောင်ရွက်နေကြောင်း သိရသည်။
မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏နိုင်ငံခြားသုံးငွေလုပ်ငန်းဆောင်ရွက်ချက်များမှာ ကာလတိုအတွင်း နိုင်ငံခြားငွေလဲလှယ်နှုန်း အတက်၊ အကျ ကြီးမားခြင်းကို လျော့နည်းစေရန် အလုပ်လုပ်ရက်တစ်ရက်ရှိ မြန်မာကျပ်ငွေနှင့် အမေရိကန် တစ်ဒေါ်လာ၏ ငွေလဲလှယ်နှုန်းနှင့် ယခင်ရက် ရည်ညွှန်းငွေလဲလှယ်နှုန်းတို့ကို နှိုင်းယှဉ်ခြင်း၊ ယင်းသို့နှိုင်းယှဉ်ချက်အရ မြန်မာကျပ်ငွေတန်ဖိုး ကျဆင်းသည့် ရာခိုင်နှုန်းသည်ချမှတ်ထားသည့် စည်းမျဉ်းများအရ သတ်မှတ်ချက်ထက်ကျော်လွန်လျှင် နိုင်ငံခြားငွေ (အမေရိကန်ဒေါ်လာ) ရောင်းချရန် စျေးပြိုင်လေလံကို ဖွင့်လှစ်ဆောင်ရွက်ခြင်း၊ မြန်မာကျပ်ငွေတန်ဖိုးမြင့်တက်သည့် ရာခိုင်နှုန်းသည် ချမှတ်ထားသည့် စည်းမျဉ်းများအရ သတ်မှတ်ချက်ထက် ကျော်လွန်လျှင် နိုင်ငံခြားငွေ (အမေရိကန် ဒေါ်လာ) ဝယ်ယူရန် စျေးပြိုင်လေလံကို ဖွင့်လှစ်ဆောင်ရွက်ခြင်း၊ နိုင်ငံတော်၏ နိုင်ငံခြားသုံးသီးသန့်အရန်ငွေကို ဖြည့်တင်းရန် အလုပ်လုပ်ရက် တစ်ရက်၏ ငွေလဲလှယ်နှုန်းအား ပြီးခဲ့သည့် ရက်ပေါင်း ၂၀ အတွင်း၌ ဖြစ်ပေါ်သည့် ပျမ်းမျှ မြန်မာကျပ်ငွေနှင့် အမေရိကန်တစ်ဒေါ်လာလဲလှယ်နှုန်းနှင့် နှိုင်းယှဉ်ခြင်း၊ ယင်းသို့ နှိုင်းယှဉ်ချက်အရ မြန်မာကျပ်ငွေတန်ဖိုးမြင့်တက်သည့် ရာခိုင်နှုန်းသည် ချမှတ်ထားသည့်စည်းမျဉ်းများအရ သတ်မှတ်ချက်ထက် ကျော်လွန်လျှင် နိုင်ငံခြားငွေ(ဒေါ်လာ) ဝယ်ယူရန် စျေးပြိုင်လေလံကို ဖွင့်လှစ်ဆောင်ရွက်ခြင်း၊ စျေးပြိုင်လေလံတွင် ဗဟိုဘဏ်က ကြေညာထားသည့် အမြင့်ဆုံး လဲလှယ်နှုန်းနှင့် အနိမ့်ဆုံးလဲလှယ်နှုန်းအကြား AD ဘဏ်များက တင်ပြသည့် နိုင်ငံခြားငွေဝယ်ယူရန်၊ ရောင်းချရန် တင်ပြချက်များကို Refinitiv (ယခင် Thomson Reuters) ၏ လေလံအရောင်းအဝယ်စနစ်ကို အသုံးပြု၍ ဗဟိုဘဏ်က ဝယ်ယူ၊ ရောင်းချခြင်းဖြစ်သည်။ ကာလတိုအတွင်း နိုင်ငံခြားငွေလဲလှယ်နှုန်း အတက်၊ အကျကြီးမားခြင်းကို လျော့နည်းစေရန်ဖြစ်သည်။
၂၀၂၂ ဇန်နဝါရီလ ဒုတိယပတ်မှ စတင်ကာ ၁၉ သိန်းနီးပါး ရောက်ရှိလာသည့့် မြန်မာ့ရွှေစျေးနှုန်း
မြန်မာ့ရွှေစျေးနှုန်း ၂၀၂၂ ဇန်နဝါရီလ ဒုတိယပတ်မှစတင်ကာ ၁၉ သိန်းနီးပါးသို့ ရောက်ရှိလာကြောင်း သိရသည်။ ၂၀၂၂ခုနှစ်၊ ဇန်နဝါရီ ၁၆ ရက်တွင် ၁၆ ပဲရည် အခေါက်ရွှေစျေးနှုန်းမှာ ၁၈၅၉၀၀၀ ဝန်းကျင်သို့ ရောက်ရှိလာသည်။
ဇန်နဝါရီ ၂၁ ရက်တွင် ကမ္ဘာ့ ရွှေစျေးဒေါ်လာ ၁၈၄၀ ဝန်းကျင်ရှိပြီး ပြည်တွင်း ရွှေစျေးနှုန်းမှာ ၁၈၇၆၀၀၀ ဝန်းကျင်သို့ ရောက်ရှိလာကြောင်း ရွှေရောင်းဝယ်သူများထံမှ သိရသည်။ ဇန်နဝါရီ ၂၁ ရက်တွင် ပြည်တွင်းရွှေစျေးနှုန်းများမှာ ၁၆ ပဲရည်အခေါက်ရွှေစျေးနှုန်းမှာ ၁၈၇၆၀၀၀ ဝန်းကျင်ရှိနေပြီး ၁၅ ပဲရည် ရွှေစျေးနှုန်းမှာ ၁၇၆၅၅၀၀ ဝန်းကျင်ရှိနေခြင်းဖြစ်သည်။
ဇန်နဝါရီ ၂ဝရက်တွင် ကမ္ဘာ့ရွှေစျေး ၁၈၃၉ ဒေါ်လာ ဝန်းကျင် ရှိပြီး ပြည်တွင်းရွှေစျေးနှုန်းမှာ ၁၇၆၉၅၀၀ ဝန်းကျင် ရှိနေကြောင်း ရွှေရောင်းဝယ်သူများထံမှ သိရသည်။ ရွှေဆိုင်အချို့သည် ငွေသား Cash Down စနစ်ဖြင့် ပြန်ဝယ် ဦးစားပေးစနစ်ဖြင့် ဝယ်ယူနေကြောင်း အသိပေးချက်ထုတ်ပြန်ထားကြောင်း သိရသည်။
မြန်မာ့ရွှေစျေးနှုန်း မြန်မာ့ရွှေစျေးနှုန်းသည် ၂၀၂၁ ဒီဇင်ဘာ နောက်ဆုံးပတ်မှ စတင်ကာ ၁၈ သိန်းကျော်သို့ ရောက်ရှိလာခဲ့ကြောင်း သိရသည်။
၂၀၂၁ ဒီဇင်ဘာ ၂၆ ရက်မှ စတင်ကာ မြန်မာ့ရွှေစျေးနှုန်းသည် ၁၈သိန်းကျော်သို့ ရောက်ရှိခဲ့ပြီး ၁၈၀၂၆၀၀ ဝန်းကျင်ရှိခဲ့ခြင်းဖြစ်သည်။ ကျပ် ၂၂၅၀၀၀၀ ဝန်းကျင်ထိ စံချိန်တင်ရောက်ရှိခဲ့သည့် ပြည်တွင်းရွှေစျေးနှုန်းမှာ စက်တင်ဘာ ၂၉ ရက်တွင် ပြန်လည်ကျဆင်းခဲ့ပြီး ကျပ် ၂၀၇၀၀၀၀ သို့ ပြန်လည်ရောက်ရှိခဲ့ကြောင်း ရွှေရောင်းဝယ်သူများထံမှ သိရသည်။
၂၀၁၆ ခုနှစ်မှစ၍၂၀၂၁ ခုနှစ်အထိ ပြည်တွင်းရွှေစျေးနှုန်း စံချိန်တင်စျေးနှုန်းများ အကြိမ်ကြိမ်ဖြစ်ပေါ်ခဲ့ကာ နှစ်အလိုက် စံချိန်တင်စျေးနှုန်းများမှာ ၂၀၁၆ ခုနှစ် အောက်တိုဘာ ၄ ရက်တွင် ကျပ် ၉၀၃၅၀၀၊ ၂၀၁၇ ခုနှစ် စက်တင်ဘာ ၁၅ ရက်တွင် ကျပ် ၉၅၇၈၀၀၊ ၂၀၁၈ ခုနှစ် စက်တင်ဘာ ၂၀ ရက်တွင် ကျပ် ၁၀၄၇၇၀၀၊ ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီ ၂၀ ရက်တွင် ကျပ် ၁၀၈၈၅၀၀၊ ၂၀၁၉ ခုနှစ် ဇူလိုင် ၁၈ ရက်တွင် ကျပ် ၁၁၄၃၅၀၀၊ ၂၀၁၉ ခုနှစ် သြဂုတ် ၁၃ ရက်တွင် ကျပ် ၁၂၃၇၀၀၀၊ ၂၀၁၉ ခုနှစ် စက်တင်ဘာ ၅ ရက်တွင် ကျပ် ၁၃၁၅၀၀၀၊ ၂၀၂၀ ပြည့်နှစ် သြဂုတ် ၇ ရက်တွင် ကျပ် ၁၃၃၅၅၀၀၊ ၂၀၂၁ ခုနှစ် ဖေဖော်ဝါ ရီ ၆ ရက်တွင် ကျပ် ၁၄၂၀၀၀၀ ဖြစ် သည်။
ရွှေစျေးနှုန်းသည် ၂၀၁၆ ခုနှစ်တွင် ကျပ် ၈၀၀၀၀၀ တန်း၊ ၂၀၁၇ ခုနှစ်တွင် ကျပ် ၉၀၀၀၀၀ တန်း၊ ၂၀၁၈ ခုနှစ်တွင် ကျပ် ၁၀၀၀၀၀၀ တန်း၊ ၂၀၁၉ ခုနှစ်တွင် ကျပ် ၁၁၀၀၀၀၀ တန်းနှင့် ကျပ် ၁၂၀၀၀၀၀ တန်း ကို ကျော်လွန်လာခဲ့ပြီး ၂၀၁၉ ခုနှစ် စက်တင်ဘာတွင် ကျပ် ၁၃၁၀၀၀၀ ကျော်အထိ မြင့်တက်ခဲ့ခြင်းဖြစ်ကာ ၂၀၂၁ ခုနှစ် ဖေဖော် ၀ါရီ ၆ ရက်တွင် ကျပ် ၁၄၂၀၀၀၀ အထိ စံချိန်တင်မြင့်တက်ခဲ့သည်။
၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် အခွန်အရပ်ရပ်ကောက်ခံရရှိမှု စုစုပေါင်း ကျပ် ၄၇၄၅ ဒသမ ၇၃၂ ဘီလျံ ကောက်ခံရရှိ
၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် အခွန် အရပ်ရပ်ကောက်ခံရရှိမှု စုစုပေါင်း ၄၇၄၅ ဒသမ ၇၃၂ ဘီလျံရရှိခဲ့ကြောင်း ပြည်တွင်းအခွန်များဦးစီးဌာန(IRD) ၏ နှစ်ပတ်လည် အစီရင်ခံစာတွင် ဖော်ပြထားသည်။
နှစ်အလိုက် ပြည်ထောင်စု၏အခွန်ကောက်ခံရရှိမှု အခြေအနေကို လေ့လာကြည့်ပါက ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်တွင် ကျပ် ၁၆၉၁၄၂၉ ဒသမ ၇၆၆ သန်း၊ ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်တွင် ကျပ် ၃၃၇၃၂၉၆ ဒသမ ၇၆၁ သန်း၊ ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ် တွင် ကျပ် ၄၄၅၈၇၇၆ ဒသမ ၃၅၁ သန်း၊ ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်တွင် ၆၅၁၇၉၇၉ ဒသမ ၃၆၈ သန်း၊ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ် တွင် ၆၃၁၄၇၃၃ ဒသမ ၆၅၇ သန်း၊ ၂၀၁၆- ၂၀၁၇ ဘဏ္ဍာနှစ်တွင် ၇၁၂၂၄၃၀ ဒသမ ၂၂၈ သန်း၊ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် ၇၄၂၃၇၂၄ ဒသမ ၉၈၄ သန်း၊၂၀၁၈ ခုနှစ် ဧပြီမှစက်တင်ဘာအထိ ကြားကာလခြောက်လတွင် ကျပ် ၃၄၂၄၂၀၆ ဒသမ ၈၃၂ သန်း၊ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် ကျပ် ၈၃၆၀၃၀၃ ဒသမ ၅၆၈ သန်း ရရှိခဲ့သည်။
နှစ်စဉ် ဝင်ငွေခွန်ရငွေ စာရင်းအရ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် ဝင်ငွေခွန် ကျပ် ၃၃၇၉ ဘီလျံကျော် ရရှိခဲ့ပြီး ယခင်နှစ်ထက် ကျပ် ၆၈၇ ဘီလျံ ပိုမိုရရှိခဲ့ကြောင်း ပြည်တွင်းအခွန်များ ဦးစီးဌာနကို ကိုးကားပြီး ဟိုစာရင်းအင်းအဖွဲ့၊ သတင်းအချက်အလက်ယူနစ်က ထုတ်ပြန်ထားသည်။
နှစ်စဉ်အထူးကုန်စည်ခွန်ရ ငွေစာရင်းများအရ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် အောက်တိုဘာမှ စက်တင်ဘာအထိ ကျပ် ၁၂၆၆၉၁၂ ဒသမ ၄၂ သန်း၊ ၂၀၁၈- ၂၀၁၉ ဘဏ္ဍာနှစ် အောက်တိုဘာမှ စက်တင်ဘာအထိ ကျပ် ၁၄၂၉၁၂၀ ဒသမ ၇၅ သန်း၊ ၂၀၁၈ ခုနှစ် ဧပြီမှ စက်တင်ဘာလအထိ ၆၀၄၉၂၄ ဒသမ ၂၄ သန်း၊ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် ဧပြီမှမတ်လအထိ ကျပ် ၁၂၄၀၂၁၄ ဒသမ ၁၁ သန်း၊ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ် ဧပြီမှ မတ်လတွင် ကျပ် ၉၉၄၂၃၅ ဒသမ ၇၃ သန်း ရရှိခဲ့ကြောင်း ဖော်ပြထားသည်။
နှစ်အလိုက် ကုန်သွယ်လုပ်ငန်းခွန်ရ ငွေစာရင်းအရ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ် ဧပြီမှ မတ်လအထိ ကျပ် ၁၈၇၇၈၅၁ ဒသမ ၇၇ သန်း၊၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် ဧပြီမှ မတ်လအထိ ကျပ် ၁၉၇၄၆၉၉ ဒသမ ၁၃ သန်း၊ ၂၀၁၈ ခုနှစ် ဧပြီမှ စက်တင်ဘာလအထိ ကျပ် ၉၂၀၆၁၈ ဒသမ ၁၄ သန်း၊ ၂၀၁၈- ၂၀၁၉ ဘဏ္ဍာနှစ် အောက်တိုဘာမှ စက်တင်ဘာလအထိ ကျပ် ၂၂၅၆၇၇၀ ဒသမ ၂၀ သန်း၊ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် အောက်တိုဘာမှ စက်တင်ဘာလအထိ ကျပ် ၂၁၁၀၁၈၇ ဒသမ ၂၁ သန်းရရှိခဲ့ကြောင်း ပြည်တွင်းအခွန်ဦးစီးဌာနကို ကိုးကားပြီး ဗဟိုစာရင်းအင်းအဖွဲ့၊ သတင်းအချက်အလက်ယူနစ်က ထုတ်ပြန်ထားသည်။










