အာရပ်စော်ဘွားများနှင့် ဘုရားသခင်ကို ကူညီသူများ

အာရပ်စော်ဘွားများနှင့် ဘုရားသခင်ကို ကူညီသူများ
ဇန်နဝါရီ ၁၈ ရက်က ယီမင်နိုင်ငံ ဆန်နာမြို့တွင် ဆော်ဒီ ဦးဆောင်သော မဟာမိတ်အဖွဲ့၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ဖြစ်ပေါ်ခဲ့သော အဆောက်အအုံအပျက်အစီးများကို လူများ ကြည့်ရှုနေစဉ်
ဇန်နဝါရီ ၁၈ ရက်က ယီမင်နိုင်ငံ ဆန်နာမြို့တွင် ဆော်ဒီ ဦးဆောင်သော မဟာမိတ်အဖွဲ့၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ဖြစ်ပေါ်ခဲ့သော အဆောက်အအုံအပျက်အစီးများကို လူများ ကြည့်ရှုနေစဉ်
Published 22 January 2022
မိုးဧအောင်

၂၀၂၂ ခုနှစ် ဇန်နဝါရီ ၁၇ ရက်၊ တနင်္လာ နေ့။

အာရပ်စော်ဘွားများနိုင်ငံ (United Arab Emirates-UAE) မူဆာဖာခရိုင်ရှိ ရေနံချက်စက်ရုံနှင့် အဘူဒါဘီလေဆိပ်တို့ကို ယီမင်နိုင်ငံအခြေစိုက် ဟူသီသူပုန်များက ဒုံးကျည်များ၊ ဒရုန်းများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် အရပ်သားသုံးဦး သေဆုံးကာ ခြောက်ဦး ဒဏ်ရာရခဲ့ရသည်။ စီးပွားရေးဇုန်နှင့် ခရီး သွားလုပ်ငန်းများ ထွန်းကားရာ အဘူဒါဘီ လေဆိပ်အနီး မီးလောင်မှု ဖြစ်ပွားခဲ့၏။ နောက်တစ်နေ့တွင် ဆော်ဒီဦးဆောင်သော မဟာမိတ်အဖွဲ့က လက်တုံ့ပြန်သည့် အနေ နှင့် လေကြောင်းမှ တိုက်ခိုက်ခဲ့ရာ ယီမင် မြို့တော် ဆန်နာတွင်  လူ ၁၂ ဦး  သေဆုံးခဲ့သည်။ ဟူသီတို့သည် အီရန်နိုင်ငံ၏ မဟာမိတ်ယီမင် အခြေစိုက် သူပုန်အဖွဲ့ဖြစ်ပြီး UAE မှာ ဆော်ဒီအာရေဗျ ဦးဆောင်သော သူပုန်နှိမ်နင်းရေးအဖွဲ့ဝင် မဟာမိတ်နိုင်ငံဖြစ်သည်။

 

အန်ဆာအလ္လာဟ် သို့မဟုတ် ဟူသီ

ဟူသီဆိုသည်မှာ အန်ဆာအလ္လာဟ် ခေါ် “ဘုရားသခင်ကို ကူညီသူများ”ဟု အဓိပ္ပာယ်ရသည်။ ၁၉၉၀ ပြည့်နှစ်ဝန်းကျင်၊ ယီမင် နိုင်ငံမြောက်ပိုင်း ဆာဒါတွင် တည်ထောင်ခဲ့သော အစ္စလာမ္မစ်နိုင်ငံရေးနှင့် လက်နက် ကိုင်လှုပ်ရှားမှုမှ အစပြုခဲ့သည်။

ဟူသီ၏ မဟာမိတ်များမှာ ယီမင်  Supreme Political Council၊ အီရန်၊ မြောက် ကိုရီးယား၊ အိုမန်၊ အီရစ်ထရီးယား၊ လစ်ဗျား၊ ရုရှားနှင့် ဆီးရီးယားတို့ ဖြစ်သည်။

ဟူသီက ရန်ဘက်အဖြစ် သတ်မှတ်ထားသော နိုင်ငံများမှာ ဟာဒီ၏ ယီမင်အစိုးရ၊ ဆော်ဒီအာရေဗျ၊ UAE၊ အီဂျစ်၊ ဆူဒန်၊ ဘာရိန်း၊ မိုရိုကို၊ ဆီနီဂေါ၊ ဆိုမာလီယာ၊ အမေရိကန်ပြည်ထောင်စုနှင့် အစ္စရေးတို့ ဖြစ်သည်။

ဟူသီတို့ကို ယီမင်နိုင်ငံအတွင်း သောင်းကျန်းသူ၊ သူပုန်အင်အားစုများအဖြစ် သတ်မှတ်ခဲ့ပြီး ယီမင်တော်လှန်ရေး၊ ယီမင်ပြည်တွင်းစစ်၊ ဆော်ဒီ ဦးဆောင်သော ယီမင်နိုင်ငံကို ကျူးကျော်သိမ်းပိုက်မှု၊ ဆော်ဒီ-ယီမင် နယ်စပ်တိုက်ပွဲများတွင် ဟူသီတို့ တောက်လျှောက်တိုက်ပွဲဝင်ခဲ့သည်။ ဆော်ဒီအာရေဗျ၊ UAE နှင့် မလေးရှားတို့က ဟူသီတို့ကို အကြမ်းဖက်အဖွဲ့ဟု သတ်မှတ်ထားသည်။

 

UAE နှင့် ဟူသီ အတိတ်သမိုင်း

UAE သည် ဟူသီတို့ကို တိုက်ခိုက်ရန် ရည်ရွယ်ဖွဲ့စည်းထားသော ဆော်ဒီ ဦးဆောင်သည့် မဟာမိတ်အဖွဲ့ဝင်ဖြစ်သည်။ ၂၀၁၅ ခု၊ မတ်လမှစ၍ UAE ပါဝင်သောမဟာမိတ်အဖွဲ့ကို  ယီမင်အစိုးရက ကျောထောက်နောက် ခံပေးခဲ့ပြီး ဟူသီတို့နှင့် တိုက်ရိုက်တိုက်ပွဲဆင်မှုမှ ရှောင်ရှားခဲ့သည်။ ဆော်ဒီအနေနှင့် ယီမင် နိုင်ငံအတွင်းမှ ပစ်လွှတ်သော ဒုံးကျည်များ၏ ထိချက်ပြင်းပြင်းကို တောက်လျှောက်ခံရပြီး UAE ကို ဟူသီတို့ နောက်ဆုံးတိုက်ခိုက်ခဲ့သည်မှာ ၂၀၁၈ ခုနှစ်အတွင်းက ဖြစ်၏။

ပထဝီတည်ရှိပုံအရ UAE သည် ယီမင် နှင့် ဝေးကွာပြီး နှစ်နိုင်ငံနယ်နိမိတ်ချင်းလည်း ဆက်စပ်မှုမရှိပါ။ UAE ၏ အိမ်နီးချင်းနိုင်ငံ ဆော်ဒီအာရေဗျမှာမူ ယီမင်နှင့် ရှည်လျားသော နယ်နိမိတ်တစ်လျှောက် ဆက်စပ်တည် ရှိသည်။ ထို့ကြောင့် ဟူသီတို့အနေနှင့် နှစ်ရှည် လများ တိုက်ပွဲဝင် မဟာဗျူဟာများ ချမှတ်ခဲ့သည့်တိုင် UAE ကို ပစ်မှတ်မထားခဲ့ပါ။ အကြောင်းမှာ လွန်ခဲ့သော နှစ်နည်းငယ်အတွင်း UAE သည် ယီမင်နိုင်ငံနှင့် စစ်ရေးအရ တိုက်ရိုက်ဆက်စပ်ပတ်သက်မှုများ လျှော့ချခဲ့ခြင်းကြောင့် ဖြစ်သည်။

UAE နောက်ခံပြု တပ်ဖွဲ့များဖြစ်သော ခွဲထွက်ရေးအုပ်စုဖြစ်သည့် တောင်ပိုင်း အသွင်ကူးပြောင်းရေးကောင်စီ (Southern Transitional Council-STC)  နှင့် တွဲဖက် အုပ်စုများကို ယီမင်သမ္မတဟောင်း အလီ အဗ္ဗဒူလာဆာလာ၏ တူဖြစ်သူက ဦးဆောင်ပြီး ဟူသီတို့နှင့် တိုက်ရိုက်ထိပ်တိုက်တွေ့ကာ တိုက်ပွဲမဖြစ်စေရန် အကြီးအကျယ် ရှောင်ရှားခဲ့၏။ သို့သော် STC သည် ယီမင်အစိုးရနှင့် တိုက်ရိုက်ပဋိပက္ခများ ရှိခဲ့ပြီး UAE ထံမှ စစ်ရေးအထောက်အပ့ံကိုယူကာ ၂၀၁၉ ခုနှစ်၌ ယီမင်ယာယီမြို့တော် ဧဒင်ကို ထိန်းချုပ်ခဲ့ သည်။

 

ယီမင်နိုင်ငံမှ UAE ၏ မဟာမိတ်များ

မည်သို့ဆိုစေ လွန်ခဲ့သော သီတင်းပတ် အနည်းငယ်က UAE ကျောထောက်နောက်ခံ ပေးထားသော တပ်ဖွဲ့များသည် သူတို့၏ သေနတ်ပြောင်းဝများကို ဟူသီတို့ဘက်သို့ လှည့်လိုက်သည့်အတွက် ကြီးမား သောတုံ့ပြန် မှုအကျိုးဆက် ပေါ်ပေါက်လာခဲ့ခြင်း ဖြစ်သည်။

နောက်ထပ်လက်နက်ကိုင်တပ်ဖွဲ့ဖြစ်သော Giants Brigades သည် တောင်ပိုင်း ယီမင်သားများနှင့် ဖွဲ့စည်းထားကာ STC ၏ တွဲဖက်အုပ်စု၌ ပါဝင်သည်။ ပင်လယ်နီကမ်း ခြေတစ်လျှောက် အခြေပြုခဲ့သော ထိုအဖွဲ့သည် အရှေ့ဘက်ရှိ ရှာဘွားဒေသသို့ ဒီဇင်ဘာလအတွင်း ပြောင်းရွှေ့ခဲ့ကြပြီး သီတင်းနှစ် ပတ်အတွင်းဟူသီများကို ခရိုင်ဒေသမှ မောင်းထုတ်ခဲ့၏။ Giants Brigades အုပ်စုသည် လက်ရှိအာဏာရ ယီမင်အစိုးရတပ်ဖွဲ့များနှင့် အတူ ဟူသီတို့ ကျက်စားရာနယ်မြေကို အနီး အပါးရှိ အယ်လ်-ဘေဒါနှင့် မာရစ်ခရိုင်တွင်းထိ တွန်းထုတ်နေကြသည်။

ဤဖြစ်ရပ်များက ယီမင်နိုင်ငံအတွင်း တိုက်ပွဲဝင် စစ်မြေပြင်အခြေအနေများကို သိသာထင်ရှားစွာ ပြောင်းလဲစေခဲ့သည်။ ဤသို့အရွှေ့အပြောင်းများသာ မပေါ်ပေါက်ခဲ့လျှင် ၂၀၂၁ ခုနှစ်သည် ဟူသီတို့အတွက် အောင်ပွဲခံသောနှစ် ဖြစ်လာဖွယ်ရှိခဲ့၏။

၂၀၂၁ နှစ်အတွင်း ဟူသီတို့သည် ယီမင် နိုင်ငံတစ်ဝန်း ယီမင်အစိုးရတပ်များကို ကြံ့ကြံ့ခံကျော်လွှားကာ အစိုးရထိန်းချုပ်မှု အပြည့် အဝရှိသော ယီမင်မြောက်ပိုင်းရှိ မာရစ်မြို့ ကြီးကို ခြိမ်းခြောက်နိုင်သည်အထိ နှစ်ပေါက် လုနီးပါး စစ်ရေးအသာစီးရခဲ့သည်။ သို့သော် Giants Brigades တိုက်ခိုက်မှု ပေါ်ပေါက် လာခြင်းနှင့်အတူ UAE ၏ စစ်ရေးအမြင် ထက်မြက်မှုကြောင့် မာရစ်နှင့် ရှာဘွား တိုက် ပွဲများမှာ ပြောင်းပြန်အဖြေထွက်သွားလေ၏။ ထိုအချက်ကြောင့်ပင် ဟူသီတို့က UAE အပေါ် ယခုကဲ့သို့ ပြင်းထန်သော တိုက်ခိုက်မှု မျိုးကို အကောင်အထည်ဖော်လာခြင်း ဖြစ်သည်။

 

UAE နှင့် ဟူသီ ပစ္စုပ္ပန်

တိုက်ခိုက်မှုကို နိဒါန်းပျိုးသည့်အနေနှင့် ၂၀၂၂ ခု၊ ဇန်နဝါရီ ၂ ရက်တွင် ပင်လယ်နီ အတွင်းရှိ UAE အလံတင်ထားသော သင်္ဘောနှစ်စီးကို ဟူသီတို့ စီးနင်းကာ UAE ကို ခြိမ်းခြောက်ခဲ့၏။ စော်ဘွားများနိုင်ငံအနေ နှင့် ယီမင်နိုင်ငံအတွင်းရှိ ယင်း၏မဟာမိတ်များအတွက် မည်သည့်ထောက်ပ့ံမှုမျိုးကိုမဆို ရပ်ဆိုင်းပေးရန် တောင်းဆိုခဲ့သည်။ ယခုဖြစ်ရပ်က ဟူသီတို့သည် UAE အပေါ် တိုက်ခိုက် နိုင်စွမ်းရှိကြောင်း ပြသလိုက်ပြီး ဆော်ဒီနယ် စပ်တစ်လျှောက်တွင်လည်း တိုက်ပွဲများ ပြန်လည်ပြင်းထန်လာခဲ့သည်။

၂၀၁၈ ခုနှစ်အတွင်း UAE က ကျောထောက်နောက်ခံပေးထားသော တပ်ဖွဲ့များ က ယီမင်ပိုင်နက်၊ ပင်လယ်နီကမ်းခြေရှိ ဟူသီတို့ကို ဆန့်ကျင်ခဲ့သည့်အတွက် UAE ကို ဟူသီတပ်ဖွဲ့များ တိုက်ခိုက်ခဲ့ဖူးသည်။ ပင် လယ်ဆိပ်ကမ်းမြို့ဖြစ်သော ဟိုဒေဒါကို ထိန်းချုပ်ခဲ့ပြီး ကုလသမဂ္ဂ ကြားခံတပ်များ ဝင်ရောက်လာမှသာ တိုက်ခိုက်မှုကို ရပ်တန့်ခဲ့ သည်။

ထိုအချိန်မှစ၍ UAE သည် ယီမင်နိုင်ငံ နှင့်ပတ်သက်သော နည်းဗျူဟာများကို အပြောင်းအလဲ ပြုခဲ့သည်။ စစ်ပွဲတို့မည်သည် သွေးထွက်သံယို ဖြစ်ရုံသာမက အခြားသော စီးပွားရေးနှင့် ဆက်ဆံရေးကိစ္စများကိုပါ ထိ ခိုက်လာသည်။ အကြောင်းမှာ ထိုအချိန်က အမေရိကန်ပြည်ထောင်စုနှင့် ဥရောပသမဂ္ဂ တို့သည် ဆော်ဒီအာရေဗျနှင့် UAE ကို အထီးကျန်ဖြစ်အောင် လုပ်ထားခဲ့ကြသည်။

UAE အပေါ် ဟူသီတို့က ယခုလို အရဲ စွန့်တိုက်ခိုက်ခဲ့သော်ငြား စော်ဘွားများနိုင်ငံ အနေနှင့် ယီမင်တွင် ယခင်အတိတ်ကာလအတိုင်း ပြန်လည်ခြေကုပ်ယူရန် ဆန္ဒရှိလိမ့်မည် မဟုတ်ပေ။ ဟူသီတို့တိုက်ခိုက်မှုကို လက်တုံ့ ပြန်ရင်း ဇာတ်လမ်းဆက်လာနိုင်သော စီးပွားရေးထိခိုက်မှုမျိုးကိုလည်း မခံစားနိုင်တော့ ပါ။ မည်သို့ရှိစေ၊ UAE ၏ ၂၀၂၂ ခုနှစ် ရှုမြင်ချက်သည် ၂၀၁၈ ခုနှစ်နှင့် ကွာခြားသွားပါ လိမ့်မည်။ လေကြောင်းစီးနင်းတိုက်ခိုက်နိုင်စွမ်းနှင့် နှိုင်းစာကြည့်သော် အနာဂတ်ကာလတွင် မြေပြင်၌ လူမြင်သူမြင် ကိုယ်ပိုင်တပ်များချထားခြင်း၊ နည်းဗျူဟာရော ဘဏ္ဍာရေးပါ အကူအညီပေးရမည့် မဟာမိတ်များကို မွေး ထားခြင်းမျိုး ဆက်လက်လုပ်ဆောင်မည် မဟုတ်တော့ပါ။

နောက်ထပ်အရေးကြီးသည့်အချက်မှာ ယီမင်နိုင်ငံအတွင်း ဟူသီများကို ဆန့်ကျင်သော မွတ်စလင်ဘရားသားဟုဒ်နှင့် ဆက်နွှယ်နေသော အစ္စလာပါတ(Muslim Brother hood-affiliated Islah Party) မှာ UAE ၏ ရန်သူဖြစ်နေပြန်သည်။ ထိုပါတီမှာ ယခုအခါ အင်အားလျော့ပါးနေသည်။ အစ္စလာတို့ သည် ယီမင်အစိုးရတပ်ဖွဲ့များနှင့်အတူ မာရစ်၊ ရှာဘွားနှင့် ယီမင်နိုင်ငံ အချို့ဒေသများ၌ ကျယ်ကျယ်ပြန့်ပြန့် နေရာယူနိုင်ခဲ့သော အဖွဲ့ဖြစ်၏။ သို့သော် ၂၀၂၁ ခုနှစ်အတွင်း အဆိုပါတပ်ဖွဲ့များ၏ စွမ်းဆောင်ရည်ည့ံဖျင်း လာပြီး သိမ်းပိုက်ထားသော နယ်မြေများကို တစ်စထက်တစ်စ လက်လွှတ်လာခဲ့ရသည်။ ဤသို့သော ဟူသီများအပေါ် တိုက်ခိုက်နိုင်စွမ်း လျော့ပါးလာသည့် အစ္စလာတို့၏ အနေအထားကြောင့် UAE နှင့် သူ့ မဟာမိတ်များကို ရှေ့တစ်လှမ်းတိုးလာစေခဲ့သည်။

ယခုဆိုလျှင် ယီမင်အခြေစိုက် ဟူသီများ နှင့် စော်ဘွားများနိုင်ငံတို့၏ အကျယ်အပြော မြင်ကွင်းကို ရိပ်စားမိတန်ကောင်းပါ၏။

UAE အတွက် အဖြစ်ချင်ဆုံးသော စံပြုပုံစံမှာ ဟူသီများရော၊ အစ္စလာများပါ အင်အားလျော့ပါးသွားကြမည့် အနေအထားပင် ဖြစ်ပါလိမ့်မည်။ ဤနေရာ၌ မေးခွန်းနှစ်ခု ပေါ်လာသည်။ ပထမမေးခွန်းမှာ ဟူသီတို့သည် UAE ကို စဉ်ဆက်မပြတ် ဆက်လက် တိုက်ခိုက်နိုင်ပါမည်လော။ ဤသို့တိုက်ခဲ့လျှင် စော်ဘွားများနိုင်ငံအနေနှင့် ယီမင်နိုင်ငံအတွင်း စစ်ခင်းလျက် လိုချင်သောရလဒ်ပေါ်သည်အထိ တုံ့ပြန်စစ်ခင်းသွားမည်လောဆို သည့် ဒုတိယမေးခွန်း ဖြစ်ပါသည်။

Most Read

Most Recent