(CNN သတင်းဌာန၏ အတွေးအမြင်ကဏ္ဍ၌ ဖော်ပြထားသော Michael Bociurkix ၏ ယခုဆောင်းပါးသည် အာရှဥရောပနှင့် ဗဟိုအာရှဒေသတွင် လှုပ်လှုပ်ရှားရှားပေါ်ပေါက်နေသော ကမ္ဘာ့ရေးရာများကို မဏ္ဍိုင်ပြုလျက် ရုရှား၊ အမေရိကန်နှင့် တရုတ်တို့၏ အကျိုးစီးပွားနှင့် ခြေလှမ်းများကို ပိုင်းခြားစိတ်ဖြာသုံးသပ်ထားပါသည်။ စာရေးသူသည် ကမ္ဘာ့ရေးရာများကို ပိုင်းခြားဝေဖန်သူ၊ ဥရောပ လုံခြုံရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (OSCE) ၏ ပြောရေးဆိုခွင့်ရှိသူအဖြစ် ယခင်က တာဝန်ယူခဲ့ဖူးသည်။ ၁၉၆၁ ခုနှစ်ဖွား၊ ကနေဒါလူမျိုး၊ စာနယ်ဇင်းသမားအဖြစ် ကနေဒါ၊ အမေရိကန်ပြည်ထောင်စုနှင့် အာရှဒေသတွင် တာဝန်ထမ်းဆောင်ခဲ့သည်။ ကမ္ဘာ့တိုက် ဒေသကြီးငါးခုဆိုင်ရာ ကုလသမဂ္ဂအေဂျင်စီများတွင် ဝန်ထမ်း၊ အကြံပေးအဖြစ် ဆယ်စုနှစ်တစ်ခုကျော် တာဝန်ထမ်းဆောင်ခဲ့၏။ ဆိုရှယ်မီဒီယာကျွမ်းကျင်သူနှင့် ဒီဂျစ်တယ်သြဇာကြီးသူတစ်ဦးဖြစ်သည်။ မကြာသေးမီက Digital နှင့် Podcast စာအုပ် ‘Global Impact’ ကို ရေးသားခဲ့သူလည်းဖြစ်ပါသည်။)
ယခု ၂၀၂၂ခု၊ ဇန်နဝါရီလ တတိယသီတင်းပတ်အတွင်း အမေရိကန်ပြည်ထောင်စု၊ ဥရောပမဟာမိတ်နိုင်ငံများနှင့် ရုရှားတို့မှ အဆင့်မြင့်ကိုယ်စားလှယ်ကြီးများ တွေ့ဆုံစကားပြောခဲ့ကြသည်။ ဆွေးနွေးပွဲပြီး၍ အနောက်တိုင်းကိုယ်စားလှယ်တော်ကြီးများ ကိုယ့်တိုင်းပြည်ကိုယ်ပြန်၊ ကိုယ့်ဌာနကိုယ်ရောက်ရှိကြပြီး တာဝန်ပြန်လည်ထမ်းဆောင်နေချိန်၌ ရုရှား-ယူကရိန်းနယ်စပ်ရှိ မော်စကို၏ တပ်အင်အားဖြန့်ကြက်ချထားမှုမှာ မဆိုစလောက် သိသာရုံမျှပင် ဆံခြည်တစ်မျှင် မရွေ့ခဲ့ပါ။
ယခုနှစ်စ၌ ယူကရိန်းနယ်စပ်အနီးချထားသော အကြမ်းဖျင်းအားဖြင့် ရုရှားတို့၏ ခန့်မှန်းတပ်အင်အား ၁၀၀,၀၀၀ သည် အမေရိကန်ပြည်ထောင်စုအပါအဝင် ဥရောပတိုက်နှင့် သူ့မဟာမိတ်နိုင်ငံများကို လုံခြုံရေးဆိုင်ရာ အကြီးမားဆုံး အကျပ်အတည်းအဖြစ် ခေါင်းခဲစေခဲ့သည်။ ယခုလအတွင်း ကာဇက်စတန်ရှိ ဆန္ဒပြမငြိမ်မသက်မှုများကို အင်အားသုံးနှိမ်နင်းရာတွင် လက်ရှိသမ္မတ ကက်ဆန်-ဂျိုမာ့တိုကာယက်က ရုရှားသမ္မတ ဗလာဒီမာပူတင်ထံ လုံခြုံရေးသဘောတူစာချုပ်အဖွဲ့ (The Collective Secuity Treaty Organization-CSTO) စစ်ရေးမဟာမိတ် လုပ်ပိုင်ခွင့်အရ ထိန်းသိမ်းရေးတပ်ဖွဲ့များ စေလွှတ်ပေးပါရန် တောင်းဆိုခဲ့သည်။ ပူတင်အတွက် ဒေသတွင်း ဆန္ဒပြတော်လှန်မှုများကို မည်သည့်အခါမှ ခွင့်ပြုမည်မဟုတ်ကြောင်း ပြသခွင့်ရသွားသည့်အပြင် မော်စကိုဦးဆောင်သော လုံခြုံရေးတပ်ဖွဲ့များအနေနှင့် ကာဇက်စတန် မငြိမ်မသက်မှုများကို နှိမ်နင်းချေမှုန်းရာ၌ အကူအညီပေးနိုင်ခဲ့သည်။ တစ်နည်းဆိုရလျှင် ဗဟိုအာရှဒေသသည် ရုရှားသမ္မတ၏ သြဇာရိပ်အောက်ဝယ်တည်ရှိနေဆဲဟု ဆိုရပေမည်။
တစ်ဖက်သားကို စိတ်ဝင်စားအောင် ဆွဲဆောင်နိုင်စွမ်းရှိသော ပူတင်၏နှုတ်ထွက်စကားသံနှင့် စစ်ရေးဆိုင်ရာ ဖြန့်ကျက်မှုများမှတစ်ဆင့် သူ့ရည်ရွယ်ချက်ကို ခန့်မှန်းရသည် မှာ ၀ိ၀ါဒကွဲပြားစရာများ ရှိနေပါသည်။ ယခင်ဆိုဗီယက်ယူနီယံခေတ်အပြီး ပြန့်ကြဲသွားသော နိုင်ငံငယ်များကို ပြန်လည်ထိန်းချုပ်လိုသည်လား၊ သို့တည်းမဟုတ် မြောက်အတ္တလန္တိတ်စာချုပ်အဖွဲ့ (North Atlantic Treaty Organization-NATO) ကို စစ်အေးကာလအတိုင်း ခြေရာပြန်ခံ၍ အင်အားချိန်ညှိလိုသည်လား သံသယဖြစ်ဖွယ်ကောင်းပါ၏။ တကယ်တော့ လွန်ခဲ့သောသီတင်းပတ်က NATO- ရုရှား အဆင့်မြင့်ခေါင်းဆောင်များ ဘရပ်ဆဲလ်တွင် စကားပြောကြသည့်အခါ ယူကရိန်းနယ်စပ်ရှိ တပ်အင်အားများလျှော့ချရေးနှင့်ပတ်သက်၍ တစ်စုံတစ်ရာသော သဘောတူညီချက်မရရှိခဲ့ကြောင်း အမေရိကန်ဆွေးနွေးညှိနှိုင်းရေးခေါင်းဆောင် ဒုတိယနိုင်ငံခြားရေးဝန်ကြီး ဝင်ဒီရှားမင်းက CNN သို့ ပြောကြားခဲ့သည်။
အမေရိကန်ညှိနှိုင်းဆွေးနွေးမှုများမှာ ဘိုင်ဒင်အစိုးရ၏ အင်ဒို-ပစိဖိတ်မဏ္ဍိုင်ပြုမှုအရ အထူးသဖြင့် တရုတ်နှင့် ဆက်ဆံရေးအနေအထား ပြန်လည်နေရာချထားချိန်အတွင်း နောက်ထပ်စိတ်ရှုပ်စရာတစ်ခုကို ရှောင်ရှားလိုကြောင်း သိသာလွန်းနေသည်။ သို့သော် ပိုင်းခြားစိတ်ဖြာသုံးသပ်သူအများစုက ခြိမ်းခြောက်မှုအသစ်အတွက် တူညီစွာ ရှုမြင်ကြသည်မှာ မစို့မပို့ ပိတ်ဆို့အရေးယူမှုများမှာ ဥရောပ၌ ရုရှား၏ “တွင်ကျယ်ကြီးစိုးရေးဝါဒ” အပေါ် ခြိမ်းခြောက်ဟန့်တားနိုင်ခြင်းမရှိဘဲ အနောက်အုပ်စုသံတမန်များအနေနှင့် “လက်ချည်းဗလာ” ဖြင့် ဆွေးနွေးပွဲသို့ သွားရောက်ခဲ့ကြကြောင်း သဘောညီကြသည်။
အခြားတစ်ဖက်ကိုကြည့်လျှင် ပူတင်လွှတ်လိုက်သောသူများမှာ အလားတူ အဆင့်မြင့်ကိုယ်စားလှယ်များဖြစ်သည်။ လွန်ခဲ့သော နှစ်နှစ်တာကာလအတွင်း ရုရှားသည် သူ့နိုင်ငံနှင့်ကပ်လျက် အိမ်နီးချင်းနိုင်ငံများဖြစ်သော ဘီလာရုစ်နှင့် ကာဇက်စတန်၏ အ့ံသြဖွယ်ရာ လူထုအရေးအခင်းနှစ်ခုကို ပိုင်နိုင်စွာကိုင်တွယ်ပြခဲ့၏။ ကရင်မလင်၏ တွေးတောယူဆချက်အရဆိုရလျှင် ကာဇက်စတန်သည် ယခင်ဆိုဗီယက်ယူနီယံ၊ အာရှတိုက် အလယ်ဗဟိုဧရိယာ၌ အကြီးဆုံးနိုင်ငံဖြစ်ပြီး ဒိုမီနိုသီအိုရီအရ လဲပြိုခံရန်မဖြစ်နိုင်သော အရေးကြီးသည့်တိုင်းပြည်ဖြစ်ပါသည်။ (ဒိုမီနိုသီအိုရီမှာ အမေရိကန်သမ္မတ ဒွိုက်အိုက်ဆင်ဟောင်ဝါ လက်ထက်စစ်အေးကာလခေတ်ဦး၌ ကွန်မြူနစ်နှင့် အရင်းရှင်၊ အရှေ့နှင့် အနောက်အုပ်စုအကြား ခေတ်စားခဲ့သော အယူအဆဖြစ်၏။ လောင်းကစားဝိုင်း၌ ပထမတစ်ကတ်ကို ထိချက်ပြင်းသည်နှင့် အစီအရီ အတုံးအရုံး လဲကျသွားသော ဒိုမီနိုကတ်ကလေးများကဲ့သို့ အရေးကြီးတည်နေရာရှိ အိမ်နီးချင်းနိုင်ငံတစ်နိုင်ငံ ပြိုလဲသည်နှင့်တစ်ပြိုင်နက် ကျန်ဒေသတွင်း၌ပါ ဆုံးရှုံးမှုအစီအရီပေါ်ပေါက်တတ် သောသဘောကို ရည်ညွှန်းသည်။)
ကာဇက်စတန်တွင် အနောက်တိုင်းပုံစံရွေးကောက်ပွဲ သို့မဟုတ် လူထုကတောင်းဆိုသည့်အတိုင်း နိုင်ငံရေးလွတ်လပ်ခွင့်များ ပိုမိုပေးအပ်လိုက်သည်နှင့် ရုရှားတို့၏ လွှမ်းမိုးထားနိုင်မှုယုတ်လျော့ကာ အနောက်တိုင်းသြဇာသက်ရောက်မှုအတွင်း တဖြည်းဖြည်း ချဉ်းနင်းဝင်ရောက်သွားပါလိမ့်မည်။ ထိုအချက်က မော်စကိုအဖို့ လက်ဆုပ်ပြေသွားသည် သာမက၊ ကာဇက်စတန်၏ ကြွယ်ဝသော သဘာဝသယံဇာတအရင်းအမြစ်များကလည်း အမေရိကန်ပြည်ထောင်စုနှင့် တရုတ်တို့ထံမှ ဒေါ်လာ ဘီလျံနှင့်ချီသော ရင်းနှီးမြှုပ်နှံမှု များကို ဆွဲဆောင်နေပါ၏။ ကာဇက်စတန်သည် ကမ္ဘာပေါ်တွင် နံပါတ် ၁၂ မြောက် ရေနံသိုက်၊ နံပါတ် ၁၄ မြောက် ဓာတ်ငွေ့သိုက် အကြီးမားဆုံး ပိုင်ဆိုင်ထားသော တိုင်းပြည်ဖြစ်သည်။ ကမ္ဘာ့နျူကလီးယားအဖွဲ့ (World Nuclear Association) ထုတ်ပြန်ချက်အရ ၂၀၁၉ ခုနှစ်၌ ကမ္ဘာ့ယူရေနီယမ်၏ ထက်ဝက်နီးပါးကို ကာဇက်စတန်က ထုတ်လုပ်ခဲ့သည်။ ကရင်မလင်၏ နောက်ဆုံးဆန္ဒတစ်ရပ်မှာ ရောင်စုံတော်လှန်ရေးများဟု သမုတ်လေ့ရှိ သော ဆန္ဒပြဆန့်ကျင်မှုများအား ရုရှားနှင့် ယခင်ဆိုဗီယက်ပိုင်နိုင်ငံများ၌ ဖြစ်ထွန်းပေါ်ပေါက်လာမည်ကို မတွေ့မြင်လိုခြင်းဖြစ်သည်။
ကာဇက်စတန်၌ လက်ရှိပေါ်ပေါက်နေသော မငြိမ်မသက်မှုများသည် ဓာတ်ငွေ့ရည်လောင်စာစျေးနှုန်း ရုတ်တရက်မြင့်တက်သည့် ကိစ္စကို အကြောင်းရင်းခံကာ အလုပ်လက်မဲ့ဖြစ်ခြင်း၊ ငွေကြေးဖောင်းပွခြင်းမှသည် အဂတိလိုက်စားခြင်းအထိ အရာရာတိုင်း “ပိုးသာကုန် မောင်ပုံစောင်းမတတ်” သောအဖြစ်များအား ဆန္ဒပြဆူပူခဲ့ကြခြင်းဖြစ်သည်။ ကန့်ကွက်ဆန္ဒပြပွဲများ၏ တောင်းဆိုချက်များ၌ လွှမ်းမိုးနေသည်မှာ “ဒေါသတွေ၊ အဂတိလိုက်စားတဲ့ အစိုးရရဲ့ အုပ်ချုပ်ပုံအမှားအယွင်းတွေ၊ လုပ်ပိုင်ခွင့်ကို သိပ်သုံးလွန်းပြီး လူမှုရေးညီမျှချက် ပျက်သုဉ်းနေတာတွေကို” ထပ်ကာတလဲလဲကြားခဲ့ရကြောင်း Oxus Society for Central Asian Affairs ဥက္ကဋ္ဌ အက်ဒွပ်လီမွန်က ပြောပြသည်။ ဆန့်ကျင်ဆန္ဒပြမှုများကို အစိုးရကနှိမ်နင်းစဉ် အနည်းဆုံး ၁၆၄ ဦး သေဆုံး၍ ထောင်နှင့်ချီကာ အဖမ်းခံခဲ့ကြရသည်။
ဘီလာရုစ်၌ ဆန့်ကျင်ဆန္ဒပြမှုများ ပေါ်ပေါက်ခဲ့ချိန်က အသုံးပြုခဲ့သော ဖိနှိပ်ရေးနည်းဗျူဟာများနည်းတူ ကာဇက်စတန်တွင်လည်း စာနာမှုကင်းမဲ့စွာ နှိပ်ကွပ်ခြင်း၊ တမင်ဖန်တီးထားသော သတင်းအမှားများ၊ လုပ်ကြံသတင်းများလွှင့်ခြင်း၊ တိတိကျကျ အမည်ဖော်ပြမထားသော ပြည်ပမှခြေရှုပ်ကြသည့် ငပွကြီးများကို အပြစ်တင်ခြင်း၊ ဆိုရှယ်မီဒီယာကွန်ရက်များကို ဖြတ်တောက်ခြင်းစသည့် နည်းလမ်းများကို သုံးစွဲခဲ့သည်။ ထိုသို့ဖြတ်တောက်ရာတွင် တရုတ်အခြေပြု လူမှုမီဒီယာ WeChat ကို ပထမဆုံးအကြိမ် ပိတ်ပင်ခဲ့ပြီး တိုင်းပြည်အတွင်း အပေးအယူဆွေးနွေးညှိနှိုင်းရန်အတွက် လမ်းစဟူသမျှ ပျောက်ဆုံးသွားခဲ့ရသည်။
ရုရှားဦးဆောင်သော ဒေသတွင်းမဟာမိတ်လုံခြုံရေးသဘောတူစာချုပ်အဖွဲ့ (The Collective Security Treaty Organization) ထံ ကာဇက်စတန်သမ္မတ ကက်ဆန် -ဂျိုမာ့တိုကာယက်၏ တောင်းဆိုချက်ကို မော်စကိုက အလျင်အမြန်သဘောတူခဲ့ပြီး ငြိမ်ဝပ်ပိပြားမှုကို ပြန်လည်တည်ဆောက်နိုင်ရန်အလို့ငှာ “ငြိမ်းချမ်းရေးထိန်းသိမ်းမှုတပ်ဖွဲ့များ” စေလွှတ်ပေးခဲ့သည်။ ဤကိစ္စများအပေါ် ပူတင်အနေနှင့် တစ်လှမ်းချင်းတိုးဝင်ရန် အကြောင်းပြချက်အပြည့်အစုံရှိပြီးဖြစ်သည်။ အကယ်၍ ရုရှားသည် ကာဇက်စတန်ကို သူ့သြဇာရိပ်မှ လက်လွှတ်ခဲ့ရသော် အခြားသောဆိုဗီယက်အုပ်စုဟောင်း လွတ်လပ်သည့်သမ္မတနိုင်ငံများဆီသို့ ဒီမိုကရေစီရရှိရေးလှုပ်ရှားမှုများ ကျယ်ပြန့်သွားနိုင်သည်။
သို့သော်လေးလေးနက်နက်စဉ်းစားရမည်မှာ CSTO ၏ ပြင်ပကမ္ဘာဖြစ်သော အထူးသဖြင့် တရုတ်က လက်ရှိအချိုးအကွေ့အပေါ် မည်သို့သင်ခန်းစာ ထုတ်ယူထားကြောင်းမှာ အရေးပါလှသည်။ တရုတ်သမ္မတ ရှီကျင့်ဖျင်သည် ပူတင်အနေနှင့် အနောက်ကမ္ဘာကို မည်သို့တွန်းအားပေး ‘ရွှေ့’ နေကြောင်း နီးကပ်စွာ စောင့်ကြည့်လေ့လာနေပြီး သူရင်ဆိုင်နေရသော ထိုင်ဝမ်အရေးအတွက်သာမက အခြားပေါ်ပေါက်လာနိုင်သော နယ်နိမိတ်ဆိုင်ရာအရေးအရာများ၌ သေချာပေါက်အသုံးချနိုင်မည်ဖြစ်သည်။ ရုရှားသည် သံခင်းတမန်ခင်းနှင့်အညီ အစည်းအဝေးများထိုင်နေသည့်တစ်ချိန်တည်း၌ပင် လုံခြုံရေးအရခြိမ်းခြောက်ထားနိုင်ဆဲအခြေအနေကို ထိန်းသိမ်းထားသည်။ ဆွေးနွေးပွဲများသည် အဖြေရရှိရန် ‘နိဋ္ဌိတံ’ သွားပြီဖြစ်ကြောင်း ကြေညာချက်များ ပလူပျံနေသည့်ကြားမှပင် “ကျွန်ုပ်တို့၏ တိုင်းပြည်လုံခြုံရေးအတွက် လက်ခံနိုင်ဖွယ်ရာမရှိသော ခြိမ်းခြောက်မှုများကို လျှော့ချရန်” ရုရှားက ဖော်ပြနိုင်သည်။ ဤသို့သော “ကျွဲမြီးတိုနေသည့်တိုင်” ခရီးဆက်နေနိုင်သည့် မော်စကို၏ သံခင်းတမန်ခင်းပရိယာယ်မှာ ဘေဂျင်းအတွက် လက်ခုပ်တီးအားပေးချင်စရာ အကွက်ဆိုက်နေ၏။
လက်ရှိကာလ၌ ဘေဂျင်းနှင့် မော်စကိုတို့သည် နိုင်ငံခြားရေးမူဝါဒတွင် အချိတ်အဆက်ရှိရှိ အပေးအယူကစားနေကြပြီး အနောက်အုပ်စု၏ ဆုံးဖြတ်ချက်များအပေါ် ပူတင်က သွေးတိုးစမ်းနေပုံကို တရုတ်အနေနှင့် အသုံးတည့်သော သင်ခန်းစာအများအပြား ထုတ်ယူနိုင်ပါသည်။ တရုတ်နိုင်ငံအတွက် တစ်ကျွန်းတစ်နယ်စီခြားနေသည့် အမေရိကန်က လုံခြုံရေးအာမခံချက်ပေးထားသော ထိုင်ဝမ်နှင့် ‘ပြန်လည်ပေါင်းစည်းရေး’၊ တောင်တရုတ်ပင်လယ်အတွင်း ရေကြောင်းပိုင်နက်ဆိုင်ရာ အချေအတင်ငြင်းခုံမှုများကို ရင်ဆိုင်နေရသည်။ ထိုအရေးကိစ္စများအတွက် အနောက်နိုင်ငံများက စည်းသတ်ထားသော အနီရောင်မျဉ်းများအပေါ် ကျော်နင်းလာသည်ဖြစ်စေ၊ ရှောင်ရှားသွားလျှင်ဖြစ်စေ (ပူတင်၏ သင်ခန်းစာများက) အနီးကပ်စောင့်ကြည့်နေသော တရုတ်နိုင်ငံအဖို့ တန်ဖိုးကြီးလှသည်။
ပူတင်၏ ဒေသတွင်းကစားပွဲ၌ ကာဇက်စတန်ဒိုမီနို ယိမ်းယိုင်သွားခဲ့သော် တရုတ်၏ ပထဝီဝင်နိုင်ငံရေး မဟာဗျူဟာအတွက် အရေးကြီးသည့် အစိတ်အပိုင်းဖြစ်နေသည်။ တရုတ်၏ စွမ်းအင်လွတ်လပ်စွာထုတ်ယူခွင့်နှင့်ပတ်သက်ပြီး ထိုဒေသ၌ အုံကြွဆူပူမှုက ဘေဂျင်းကို တိုက်ရိုက်ထိပါးပါလိမ့်မည်။ အစီရင်ခံစာများအရ ကာဇက်စတန်တွင် တရုတ်နိုင်ငံနှင့် အကျိုးတူစီးပွားဖက် ကုမ္ပဏီများက အမေရိကန်ဒေါ်လာ ၂၆ ဘီလျံ တန်ဖိုးရှိ ရင်းနှီးမြှုပ်နှံမှုပြုထားကြသည်။ ထိုရင်းနှီးမြှုပ်နှံမှုတွင် တရုတ်-ကာဇက်စတန်နယ်စပ်တစ်လျှောက် သွယ်တန်းထားသော မိုင် ၁,၁၀၀ ရှည်လျားသည့် ရေနံပိုက်လိုင်းအပါအဝင်ဖြစ်သည်။ ၂၀၁၇ ခုနှစ်၌ ကာဇက်စတန်သည် တရုတ်ထံမှ “ခါးပတ်တစ်ကွင်း၊ လမ်းတစ်စင်း” စီမံချက်အတွက် ဒေါ်လာဘီလျံနှင့်ချီကာ လက်ခံရယူထားခဲ့သည်။
ကာဇက်စတန်ရှိ တရုတ်၏ စီးပွားရေးဆိုင်ရာ အကျိုးရလဒ်များကို မျှော်ကိုးသောအားဖြင့် နိုင်ငံအတွင်း ငြိမ်ဝပ်ပိပြားမှုကို ဆောင်ရွက်ရာတွင် ထိန်းထိန်းသိမ်းသိမ်းလုပ်ဆောင်သွားရန် ဘေဂျင်းက ကရင်မလင်ကို တိုက်တွန်းသွားလိမ့်မည်ဟု အနောက်တိုင်းသံတမန်များက မျှော်လင့်လျက်ရှိသည်။ ရုရှားဦးဆောင်သောတပ်များက ကာဇက်စတန်တွင် တပ်ဖြန့်လျက် အရေးအခင်းနှိမ်နင်းရာတွင် အထောက်အကူပေးခဲ့ခြင်းကို တရုတ်က ကြိုဆိုခဲ့သည်။
ထိုကဲ့သို့ ကာလဝိပါက်နောက်ပိုးတက်ချိန်အတွင်း နှစ် ၃၀ ကျော်ကာလတစ်လျှောက်လုံး ကာဇက်စတန်နှင့် နှစ်နိုင်ငံဆက်ဆံရေး ပြေလည်ပြီး အကြီးမားဆုံးပြည်ပရင်းနှီးမြှုပ်နှံသူဖြစ်ခဲ့သော အမေရိကန်ပြည်ထောင်စုအနေနှင့် သမ္မတ တိုကာယက်အနီး ဝန်းရံထားသော အတွင်းစည်းအသစ်မှ အရာရှိများနှင့် မလွဲမသွေဆက်ဆံရပါတော့မည်။ တစ်ဖန်ဆက်လက်ပေါ်ပေါက်လာလတ္တံ့သော လွတ်လပ်စွာဖော်ထုတ်ခွင့်အပေါ် ကွပ်ညှပ်မှုများက ရင်းနှီးမြှုပ်နှံမှုအတွက် အန္တရာယ်မကင်းသော အခင်းအကျင်းများကို ဖြစ်ပေါ်လာစေမည်။ ထိုအခါအမေရိကန်ပြည်ထောင်စုက သူ့နိုင်ငံမှ ကာဇက်စတန်နိုင်ငံအတွင်း ရင်းနှီးမြှုပ်နှံကာ ခရီးဆက်နေသူများကို လူ့အခွင့်အရေးအပေါ် အလေးမမူလျစ်လျူရှုကြောင်း စွပ်စွဲပြစ်တင်ပါဦးမည်။ တရုတ်နိုင်ငံကမူ ထိုသို့လစ်ဟာသွားမည့် စီးပွားရေးလုပ်ကွက်များအပေါ် ပျော်ပျော်ပါးပါး အစားထိုးနေရာယူသွားပါလိမ့်မည်။










