အမေရိကန်-တရုတ်စစ်အေးတိုက်ပွဲသစ်နှင့် ကမ္ဘာ့အနေအထား

အမေရိကန်-တရုတ်စစ်အေးတိုက်ပွဲသစ်နှင့် ကမ္ဘာ့အနေအထား
Published 19 January 2022
ဇင်မျိုး

စစ်အေးကာလတွင် ဥရောပသည် အမေရိကန်၏ မဟာဗျူဟာမြောက် ဦးစားပေးနေရာဖြစ်ခဲ့သည်။ အမေရိကန်ပြည်ထောင်စုက ကိုရီးယား၊ ဗီယက်နမ်တို့တွင် သွေးထွက်သံယိုစစ်ပွဲများကို ဆင်နွှဲခဲ့ကာ ဂျပန်၊ တောင်ကိုရီးယားနှင့် ထိုင်ဝမ်တို့အတွက် လုံခြုံရေးကို ပံ့ပိုးပေးခဲ့သည့်တိုင် အရှေ့အာရှမှာ အဓိကအားဖြင့် ဒုတိယဦးစားပေးအဆင့်သာဖြစ်ခဲ့သည်။

သို့ရာတွင် အမေရိကန်နှင့် တရုတ်တို့၏ စစ်အေးတိုက်ပွဲသစ် ဇာတ်ရည်လည်လာသောအခါ အမေရိကန်၏ မဟာဗျူဟာ မြောက်ဦးစားပေးကိစ္စများမှာ ပြောင်းပြန်ဖြစ်ကုန်သည်။

ယနေ့အချိန်တွင် အမေရိကန်မဟာဗျူဟာလုံခြုံရေးကို တရုတ်ခြိမ်းခြောက်မှုက လွှမ်းမိုးထားသည်။

ကမ္ဘာ၏ သိသာထင်ရှားလာသောပထဝီနိုင်ငံရေးပွဲတွင် အဓိကခြိမ်းခြောက်မှုအဖြစ် အရှေ့အာရှက ဥရောပနေရာကို အစားထိုးဝင်ရောက်လာသည်။ အမေရိကန်ဗျူဟာအပြောင်းအလဲကြောင့် လုံခြုံရေးဆိုင်ရာနောက် ဆက်တွဲအကျိုးဆက်များ ရှိလာမည်ဆိုသည်မှာ ထင်ရှားလာသည်။

ထင်သာမြင်သာအရှိဆုံးမှာ အမေရိကန်၏ ရန်သူတော်များသည် အမေရိကန်၏ စိတ်ဓာတ်ကို အကဲစမ်းရန် တရုတ်အပေါ် အမေရိကန်၏ စိုးရိမ်ပူနေမှုအား အခွင့်ကောင်းယူနေသည်ဆိုသောအချက်ပင်ဖြစ်သည်။

ဥပမာပြရမည်ဆိုပါက အီရန်နှင့် ကမ္ဘာ့အင်အားကြီးနိုင်ငံများ ၂၀၁၅ တွင်ချုပ်ဆိုခဲ့သည့် နျူကလီးယား သဘောတူစာချုပ်ကို ပြန်လည်ချုပ်ဆိုရန် ဆွေးနွေးမှုများ အဆင်မပြေဖြစ်နေချိန်တွင် အီရန်၏ ရည်တည်ချက် မာကျောလာသည်ကို တွေ့ရခြင်းပင်ဖြစ်သည်။ အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရန့်သည် ၂၀၁၈ ခုနှစ်တွင် အဆိုပါသဘောတူစာချုပ်မှ အမေရိကန်ကို နုတ်ထွက်စေခဲ့သည်။

အမေရိကန်သည် တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်နှင့် ပဋိပက္ခဖြစ်နိုင်သည့် အလားအလာရှိနေချိန်တွင် သမ္မတဂျိုး ဘိုင်ဒင်အနေဖြင့် စစ်အင်အားကိုအသုံးပြုရန် အလွန်အမင်းတွန့်ဆုတ်နေပြီး အရှေ့အလယ်ပိုင်းစစ်ပွဲသစ်၌ ရှေ့မတိုးနိုင်ဖြစ်နေလိမ့် မည်ဆိုသည်ကို အီရန်ခေါင်းဆောင်များက ဧကန်ပြောရဲနေပုံပေါ်သည်။

အမေရိကန်က တရုတ်နိုင်ငံအပေါ်ထားသည့် ၎င်း၏မဟာဗျူဟာမြောက်ဦးစားပေးကိစ္စကို ရှောင်လွှဲမည့်အနေအထားမရှိသောကြောင့် အိမ်နီးချင်းနိုင်ငံများတွင် ရုရှားသြဇာကို ပြန်လည်အသက်သွင်းရန် သမ္မတပူတင်အနေဖြင့် ယခုအခါ ပိုမိုလွတ်လပ်စွာလုပ်နိုင်သည့် အနေအထားဖြစ်လာသည်။

အီရန်၊ ရုရှားတို့၏ မကြာသေးခင်က လုပ်ရပ်များက အမေရိကန်၏ မဟာဗျူဟာမြောက်အကျပ်ရိုက်မှုကို ထင်ထင်ရှားရှား ဖော်ပြနေသည်။

တရုတ်နှင့် ဖြစ်ပွားနေသော စစ်အေးတိုက်ပွဲတွင် အခွင့်အလမ်းကောင်းသည့် ရလဒ်ထွက်ပေါ်လာနိုင်စေရန် အမေရိကန်သည် ၎င်း၏ မဟာဗျူဟာမြောက်နည်းလမ်းကို ထိန်းထားရမည်ဖြစ်ကာ အာရုံစိုက်ထားသည့် ကိစ္စနှင့် အရင်းအမြစ်များကို လမ်းကြောင်းလွဲသွားစေနိုင်သော သာမညပဋိပက္ခများကို ဝေးဝေးရှောင်ရမည်ဖြစ်သည်။ 

၂၀၂၁ ခုနှစ်တွင် အာဖဂန်နစ္စတန်မှ ဘိုင်ဒင်၏ ရုတ်တရက် ဖြစ်ကတတ်ဆန်းဆုတ်ခွာမှုက သာမညကိစ္စများနှင့်စပ်လျဉ်း၍ ဘိုင် ဒင်အစိုးရ၏ဆုံးဖြတ်ချက်ကို မီးမောင်းထိုးပြနေသည်။

အီရန်၊ ရုရှားတို့နှင့် အမေရိကန်၏ လိပ်ခဲတည်းလည်းအခြေအနေများ မည်သို့မည်ပုံဖြစ်လာမလဲဆိုသည်ကို စောင့်ကြည့်ရဦးမည် ဖြစ်သော်လည်း အမေရိကန်သည် အခြားနေရာများတွင်လည်း အလားတူ အကဲစမ်းမှုများကို အနှေးနှင့် အမြန်ဆိုသလို ရင်ဆိုင်ရဖို့ရှိနေသည်။

အရှေ့အာရှဦးစားပေးဗျူဟာကြောင့် အမေရိကန်အနေဖြင့် စစ်ရေးအရကြားဝင်မှု ဖြစ်နိုင်ခြေပိုမိုနည်းပါးသည့်အနေအထား ဖြစ်လာစေသည်။ ထို့ကြောင့် ဒေသတွင်းအင်အားကြီးနိုင်ငံအချို့က ပိုမိုအားနည်းသော အိမ်နီးချင်းနိုင်ငံများကို အနိုင်ကျင့်လာမည့် အနေအထားရှိနေသည်။

တိတိကျကျပြောရမည်ဆိုပါက အမေရိကန်၏ တရုတ်အပေါ်အာရုံစိုက်မှုက မတူညီသောဒေသများကို မတူကွဲပြားစွာ သက်ရောက်လာမည်ဖြစ်သည်။ လက်တင်အမေရိကနှင့် အာဖရိကတို့က အရှေ့အလယ်ပိုင်း ထက်သက်ရောက်မှု ပိုနည်းမည်ဖြစ်သည်။

လက်တင်အမေရိကနှင့် အာဖရိကတို့တွင် မကြာခင်အမေရိကန်မူဝါဒသည် စီးပွားရေး၊ နည်းပညာ၊ တရုတ်နှင့် သံတမန်ရေးပြိုင်ဆိုင်မှုတို့ကို အလေးပေးမည့်အနေအထားရှိနေသည်။ တရုတ်သြဇာ မပြောပလောက်အောင်ရှိသောနိုင်ငံများ သို့မဟုတ် တရုတ်အကျိုးစီးပွားရှိနေသောနိုင်ငံများသည် အရှုံးသမားများဖြစ်လာလိမ့်မည်။

အရှေ့အာရှဘက်သို့ အမေရိကန်၏ မဟာဗျူဟာပြောင်းလဲမှုနှင့် သက်ဆိုင်သည့် အကြီးမားဆုံးလုံခြုံရေးသက်ရောက်မှုကို အရှေ့အလယ်ပိုင်းဒေသတွင် ခံစားရမည်ဖြစ်သည်။ အရှေ့အလယ်ပိုင်းဒေသသည် လုံခြုံရေးလိုအပ်ချက်များအတွက် အမေရိကန်ကို များစွာမှီခိုနေရသည်။ တရုတ်နိုင်ငံကို အလေးပေးနေခြင်းက အရှေ့အလယ်ပိုင်းပုလိပ်ဆိုသည့် အမေရိကန်၏ အခန်းကဏ္ဍကို သိသိ သာသာလျော့ကျသွားစေမည်ဖြစ်သည်။

အရေးပါသောမဟာမိတ်နိုင်ငံများနှင့် မိတ်ဖက်နိုင်ငံများကို အမေရိကန်က လက်နက်များနှင့် အကူအညီများ ဆက်လက်ပံ့ပိုး ပေးနေမည်ဖြစ်သော်လည်း အရှေ့အလယ်ပိုင်းဒေသတစ်ခုလုံးမှာ လုံခြုံရေးပံ့ပိုးပေးသူ အမေရိကန်မရှိဘဲ ရပ်တည်ရမည့်အနေအထား ဖြစ်နေသည်။

တရုတ်အပေါ် ဆက်လက်အာရုံစိုက်နေမည်ဆိုပါက အမေရိကန်သည် ကြီးမားသော ပထဝီနိုင်ငံရေးသြဇာလွှမ်းမိုးမှု မလွှဲမရှောင်သာ ဆုံးရှုံးရပါလိမ့်မည်။ အမေရိကန်အထောက်အပံ့ကို ဆုံးရှုံးသောနိုုင်ငံများမှာလည်း အမေရိကန် ကျေးဇူးဆပ်စရာ နည်းသွားပါလိမ့်မည်။

အမေရိကန်၏ ကမ္ဘာလုံးဆိုင်ရာအရေးပါမှု ဆုတ်ယုတ်လာခြင်းက အမေရိကန်အတွက်ရောကမ္ဘာ၏ ကျန်သောနေရာများအတွက်ပါ သိသာသောအကျိုးအမြတ်များ ဖြစ်ထွန်းလာစေပါလိမ့်မည်။ မဟာဗျူဟာမြောက်နည်းလမ်းကြောင့် အမေရိကန်အနေဖြင့် မလိုအပ်သောစစ်ပွဲများကိုဆင်နွှဲရန် ဖြစ်နိုင်ခြေနည်းသွားပါလိမ့်မည်။

စစ်အေးခေတ်လွန်ကာလအများစုတွင်  အမေရိကန်တစ်နိုင်ငံတည်း ချွန်ပြီး သြဇာကြီးမားခဲ့ရာ၌ စိတ်ပျက်စရာကောင်းသော အချက်တစ်ခုမှာ  အမေရိကန်အနေဖြင့် စစ်အင်အားကို မဆင်မခြင်အသုံးပြုခဲ့သည်ဆိုသော အချက်ဖြစ်သည်။

စစ်အေးပြီးဆုံးခဲ့ပြီးနောက် နှစ် ၃၀ အတွင်းတွင် အမေရိကန်သည် စစ်အင်အားကို ပြည်ပ၌ နှစ်စဉ်အသုံးပြုခဲ့သည်ဟု အမေရိကန်ကွန်ဂရက်ဆိုင်ရာ သုတေသနဌာန၏ ထုတ်ပြန်ချက်အရသိရသည်။ အထူးသဖြင့် အမေရိကန်သည် အာဖဂန်နစ္စတန်နှင့် အီရတ်တို့က စစ်ပွဲကြီးနှစ်ခုတွင် အင်အားဖြုန်းတီးမှုများရှိခဲ့သည်ဟု ဆိုသည်။

အခြားနေရာများတွင်ကား အမေရိကန်၏ ပထဝီနိုင်ငံရေးဗဟိုပြုမှုအသစ်ကြောင့် ယခုချိန်အထိ အမေရိကန်အကာအကွယ်ကို ယူနေကြရဆဲနိုင်ငံများအနေဖြင့် မိမိကိုယ်ကိုယ်ကို ကာကွယ်တတ်အောင် လုပ်ကြရမည်ဖြစ်သည်။

ဥပမာ အရှေ့အလယ်ပိုင်းဒေသနိုင်ငံအချို့သည် အမေရိကန်စွန့်ခွာမှုအတွက် ပြင်ဆင်ရာတွင် ဆက်ဆံရေးများပြန်လည်တည် ဆောက်ခြင်း၊ ငြိမ်းချမ်းရေးကို အားပေးမြှင့်တင်ရန် နည်းလမ်းရှာခြင်းတို့ လုပ်ဆောင်ခဲ့ကြရာ မကြာသေးခင်နှစ်များတွင် ပင်လယ် ကွေ့နိုင်ငံအချို့နှင့် အစ္စရေးတို့၏ ဆက်ဆံရေးများသည် သိသိသာသာတိုးတက်လာသည်ကို တွေ့ရမည်ဖြစ်သည်။

ဥရောပတွင်မူ “မဟာဗျူဟာမြောက်လုပ်ကိုင်မှု (strategic autonomy” သည် လက်ရှိအချိန်ထိ အဓိကအားဖြင့် လေလုံးထွားသည့် အနေအထား ဖြစ်နေနိုင်ပါသည်။ ဥရောပမှာ ဒုတိယဦးစားပေးဖြစ်သည်ဟု ဥရောပမဟာမိတ်များကို အမေရိကန်က ရှင်းရှင်းလင်းလင်း ပြောကြားထားသောကြောင့် ဥရောပမဟာမိတ်များအနေဖြင့် အမေရိကန်၏ လေတစ်လုံးမိုးတစ်လုံးပြောဆိုမှုများကို လုပ်ရပ်အဖြစ် အသွင်ပြောင်းလဲကြရဖို့ရှိနေသည်။

အမေရိကန်သည် ကမ္ဘာ့မရှိမဖြစ်နိုင်ငံဖြစ်သည်ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟောင်းမက်ဒလင်း အောဘရိုက်က တစ်ချိန်က ပြောခဲ့သည်။ သူ့စကားသည် စစ်အေးခေတ်နှောင်းပိုင်းကာလ အများစုတွင် မှန်ကန်နေခဲ့သည်။

သို့သော် အမေရိကန်-တရုတ် စစ်အေးခေတ်တွင် အမေရိကန်သည် အရှေ့အာရှအတွက် မရှိမဖြစ်အင်အားကြီးနိုင်ငံ ဖြစ်ကောင်း ဖြစ်နေနိုင်သော်လည်း အခြားဒေသများအတွက်ကား မရှိမဖြစ်နိုင်ငံ မဟုတ်နိုင်ပေ။ ဤပကတိတရားသစ် သက်ရောက်လာသောကြောင့် ကမ္ဘာ၏ကျန်သောနေရာများသည် ရွေးစရာမရှိသော်လည်း အပြောင်းအလဲသစ်နှင့် လိုက်လျောညီထွေဖြစ်အောင် လုပ်ကြရမည်ဖြစ်သည်။ ယင်းသည် နောက်ထပ်စစ်ရေးပဋိပက္ခများကို ဦးတည်သွားစေနိုင်သည် ဆိုသော်လည်း နောက်ထပ်ငြိမ်းချမ်းရေးကိုလည်း ဦးတည်သွားစေနိုင်ပေသည်။

Most Read

Most Recent