“ဘယ်အရာမဆို လွယ်ကူသွားအောင် မလုပ်ရသေးခင်အထိကတော့ ခက်ခဲတာပါပဲ” - ယိုဟန်ဖော့ဂန်းဗွန်ဂွည်ထည် (၁၇၄၉ - ၁၈၃၂)
ဂျာမန်စာပေပညာရှင်၊ သိပ္ပံပညာရှင်နှင့် တိုင်းပြုပြည်ပြုပုဂ္ဂိုလ်
လူသားတိုင်း၊ အဖွဲ့အစည်းတိုင်း၊ နိုင်ငံတိုင်းတွင် အခက်အခဲ၊ အကျပ်အတည်းများကို ရင်ဆိုင်ကျော်လွှားကြရလေ့ရှိသည်။ အခက်အခဲအကျပ်အတည်း သို့မဟုတ် စိန်ခေါ်မှုများကို ရင်ဆိုင်ကျော်လွှားရာတွင် ထိုသို့တွေ့ကြုံနေရသော အခြေအနေအပေါ် မည်သို့ မည်ပုံရှုမြင်သုံးသပ်မည်ဆိုခြင်းနှင့် ပတ်သက်၍ လုံလောက်သောအချိန်တစ်ခုယူရမည် ဖြစ်သည်။ တွေ့ကြုံနေရသော အခက်အခဲအကျပ်အတည်းအပေါ် မိမိအမြင်သည် ရှေ့သို့ ထိုးထွက်သွားနိုင်သည်လား သို့တည်းမဟုတ် တွေ့ကြုံနေရသော အခက်အခဲများအကြား ပိတ်မိသွားမလားဆိုသည်ကို စဉ်းစားကြရလေ့ရှိသည်။ တစ်နည်းအားဖြင့် အခက်အခဲများမှကျော်လွှား၍ ရှေ့သို့တက်လှမ်းနိုင်စေရန် အထောက်အကူပြုစေသည့် အတွေးများဖြင့် ရင်ဆိုင်နေရသော စိန်ခေါ်မှုများမှ ထွက်ပေါ်လာနိုင်သည့် အပြုသဘောဆောင်သောအရာများကို ထည့်သွင်းတွက်ချက် ကျော်ဖြတ်ကြရမည်ဟု လေ့လာသူများက အကြံပြုလေ့ရှိသည်။
Ink Bolt Test ဟူသည့် စိတ်ပညာဆိုင်ရာ စမ်းသပ်စစ်ဆေးမှုတစ်ရပ်ရှိသည်။ အဆိုပါစမ်းသပ်ချက်မှာ လူတစ်ဦးအား မင်စွန်းနေသည့်အကွက်ကို ကြည့်ရှုစေပြီး မည်သည့်အရာနှင့် တူညီနေသည်ဟု ထင်မြင်ကြောင်း ရှင်းပြစေသည့် စမ်းသပ်မှုဖြစ်သည်။ စိတ်ပညာရှင်အချို့က အဆိုပါစမ်းသပ်ချက်ကို စိတ်ခံစားမှုဆိုင်ရာအခြေအနေနှင့် ကိုယ်ရည်ကိုယ်သွေးဆိုင်ရာ စရိုက်လက္ခဏာရပ်များအား ပိုမိုသိနားလည်နိုင်ရန် အသုံးပြုလေ့ရှိသည်။ လူတစ်ဦးသည် အခက်အခဲ၊ အကျပ်အတည်း တစ်ရပ်ရပ်နှင့် ရင်ဆိုင်ကြရသည့်အခါ ၎င်းအနေဖြင့် ကွဲပြားခြားနားသောအမြင်များ ထွက်ပေါ်လာနိုင်သည်ဟု ဆန်းစစ်ချက်များက ဆိုသည်။
လူသားတို့၏ အတွေးပုံစံများက ကျန်းမာရေးနှင့် ချမ်းသာကြွယ်ဝရေးတို့အပေါ် သက်ရောက်သည်ဆိုခြင်းမှာ သဘောတရားသက်သက်မဟုတ်ဘဲ အမှန်တကယ်ပင်ဖြစ်ကြောင်း သိပ္ပံနည်းကျလေ့လာချက်များစွာတွင် တွေ့ရှိခဲ့သည်။ အမေရိကန် ဆေးပညာအဖွဲ့ကပြုလုပ်ထားသည့် လေ့လာချက်များတွင် လူနာအများအပြား၏ ရောဂါလက္ခဏာရပ်များသည် ကောင်းသောအတွေးများ မတွေးနိုင်ခြင်းမှ မြစ်ဖျားခံသည့် ဖိစီးမှုနှင့်ပတ်သက်နေသည်ဟု ဖော်ပြထားသည်။ လူတို့သည် အလေ့အထဟောင်းများ၌ ခေါင်းမာနေတတ်ပြီး ဆင်းရဲစေသောစိတ်ထားများ မိမိကိုယ်တိုင်မွေးမြူခဲ့သော မကောင်းသည့် အတွေးများကို ဖယ်ရှားရန်ခက်ခဲနေတတ်သည်။ လတ်တလောတွင် ချမ်းသာကြွယ်ဝမှုမရှိသော်လည်း အပြုသဘောဆောင်သည့် အတွေးများတွေးခြင်းဖြင့် မိမိလက်တစ်ကမ်းရှိ အခွင့်အလမ်းကောင်းများအတွက် လက်လွှတ်စရာမလိုသော သတိဉာဏ်မျက်စိ ဖွင့်ထားရန် လိုအပ်မည်ဖြစ်သည်။ စိတ်ဓာတ်ခိုင်မာမှုများဖြစ်ရန် ကြင်နာမှု၊ စာနာမှုရှိရန် လိုသည်။ မိမိကိုယ်တိုင်သော်လည်းကောင်း၊ အခြားသူများကိုသော်လည်းကောင်း ပို၍ကြင်နာခြင်းနှင့် စာနာစိတ်ထားခြင်းက မကောင်းသောစိတ်ခံစားမှုများစွာကို လျှော့ချနိုင်ပြီး ကောင်းသောစိတ်ခံစားမှုများကို ပွင့်လန်းလာစေနိုင်မည်ဖြစ်သည်။ တစ်ဦးတစ်ယောက်ချင်းမှသည် အစုအဖွဲ့အလိုက် တွေ့ကြုံရနိုင်သော အခက်အခဲ၊ အကျပ်အတည်းများကို တွန်းလှန်တောင့်ခံရန်၊ မျှဝေခံစားနားလည်ရန် စိန်ခေါ်မှုများအဖြစ်လည်း ရမြင်နိုင်ပါသည်။
သို့ပါ၍ မည်သူမဆို ဘဝအခက်အခဲအကျပ်အတည်းများ၊ စိန်ခေါ်မှုများကို ရင်ဆိုင်ကြရနိုင်ပါသည်။ ခက်ခဲသောအခြေအနေများ၊ အခက်အခဲအကျပ်အတည်း အချိန်ကာလများကို ကျော်ဖြတ်နိုင်သူများအား စိတ်ဓာတ်ခိုင်မာသူများဟု ညွှန်းဆိုကြလေ့ရှိပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။
ဇန်နဝါရီ ၂၀ ရက်ထုတ် The Daily Eleven သတင်းစာ အယ်ဒီတာ့အဘော်









