၂၀၂၁ ခု၊ သြဂုတ်လလယ်မှစ၍ အာဖဂန်နစ္စတန်တစ်နိုင်ငံလုံးနီးပါးကို ထိန်းချုပ်လာခဲ့သော တာလီဘန်အစိုးရ၏ သက်တမ်း ငါးလအကြာ၌ ထူးသော်လည်း မဆန်းသည့် သတင်းထုတ်ပြန်ချက်တစ်ရပ် ထွက်ပေါ်လာသည်။
အာဖဂန်နစ္စတန်အမျိုးသားတပ်မတော်၏ အစိတ်အပိုင်းတစ်ခုအဖြစ် အသေခံတိုက်ခိုက်ခြင်းကို အထူးပြုမည့် တပ်ရင်းတစ်ရင်း ဖွဲ့စည်းသွားမည်ဖြစ်ကြောင်း၊ “အာဇာနည် ကြည်းတပ်”ကို “ကာကွယ်ရေးဝန်ကြီးဌာန၏ ထိန်းချုပ်မှုအောက်ဝယ် အထူးစစ်ဆင်ရေးများ၌ အသုံးပြုသွားမည်” ဖြစ်ကြောင်း တာလီဘန်ပြောရေးဆိုခွင့်ရှိသူ ဇာဘီဟူလာမူဂျာဟစ်က ထုတ်ပြန်ခဲ့၏။
အာဖဂန်နစ္စတန် လွတ်လပ်သော လူ့အခွင့်အရေးကော်မရှင်ဥက္ကဋ္ဌ ရှာဟာဇဒ်အက္ကဘာက ဤတပ်ရင်းဖွဲ့စည်းခြင်းသည် “ကြောက်ရွံ့စိတ်ပျက်ဖွယ် ဆိုးရွားလွန်းသည့်အတွက်” ရှုတ်ချကြောင်း ပြောဆိုသည်။
အကြမ်းဖက်လမ်းစဉ်တစ်လျှောက် အသေခံတိုက်ခိုက်ခြင်းတာဝန်နှင့် အာဇာနည်ဘဝဆိုသော စကားရပ်နှစ်ခုသည် ယှဉ်တွဲတည်ရှိလျက် ရှိနေကြသည်။ ၂၀၂၁ ခုနှစ် အာဏာမရမီကပင် တာလီဘန်တို့သည် အမေရိကန်၊ ဗြိတိန်နှင့် အာဖဂန်အစိုးရတပ်ဖွဲ့များကို အနှစ် ၂၀ လုံးလုံး အသေခံဗုံးခွဲ၍ တိုက်ခိုက်ခဲ့သည်။
ထိုသို့သောတိုက်ခိုက်မှုမျိုးအတွက် စစ်ရေးအသွင်ပြောင်းလဲကာ တပ်ရင်းတစ်ခုအဖြစ် မည်သို့ ဖွဲ့စည်းသွားမည်နည်း။
■အသေခံတိုက်ခိုက်မှု သမိုင်းကြောင်း
အသေခံဗုံးခွဲခြင်းကို ခြေရာကောက်သော် ၁၈၈၁ ခု၊ မတ် ၁၃ ရက်တွင် စိန့်ပီတာစဘတ် ဆောင်းရာသီနန်းတော်၏ နန်းရင်ပြင်အပ၌ စခဲ့လေ၏။ ထိုအချိန်က ရုရှားဆန့်ကျင်ရေး ပိုလန်အဖွဲ့ဖြစ်သော ပြည်သူ့ဆန္ဒအကြမ်းဖက်အုပ်စု (The People’s Will terrorist group) ၏ အဖွဲ့ဝင် အစ်နက်တီဂရင်နက်ဗစ်စကီးက ဒုတိယမြောက် ဇာဘုရင် အလက်ဇန္ဒာ၏ ခြေရင်းအရောက် ဗုံးဖြုတ်ချကာ ခွဲနိုင်ခဲ့၍ နှစ်ဦးစလုံး သေဆုံးခဲ့ကြသည်။
ထိုသို့ အသေခံဗုံးမခွဲမီညတွင် “ကျွန်ုပ်၏အသက်ကို စွန့်လွှတ်ခြင်းဖြင့် ကျွန်ုပ်ထမ်းရွက်ရမည့်တာဝန်ကို အလုံးစုံပြီးမြောက်စေမည်ဟု ယုံကြည်ပါ၏” ဟု ဂရင်နက်ဗစ်စကီးက ရေးသားထားခဲ့သည်။ ထိုသို့မိမိအသက်ပါ ပေး၍ ဗုံးခွဲလုပ်ကြံမှု အောင်မြင်ခဲ့သည့်အတွက် ဂရင်နက်ဗစ်စကီးမှာ ပထမဆုံး အသေခံဗုံးခွဲသမားအဖြစ် သမိုင်းတွင်ရစ်ခဲ့၏။
မိမိကိုယ်ကိုယ် အသေခံ၍ ဗုံးခွဲတိုက်ခိုက်ခြင်းသည် ခေတ်သစ်စစ်ရေးသဘောတရား၌ သောင်းကျန်းသူတို့ သုံးစွဲနေကျ “လှုပ်ရှားခွင်” တစ်မျိုးဖြစ်လာသည်။
ဒုတိယကမ္ဘာစစ်အတွင်း ဂျပန်လေသူရဲများသည် မိမိကိုယ်ကိုယ် အသေခံတိုက်ခိုက်သော နည်းဗျူဟာကို သုံးစွဲခဲ့၏။ ဂျပန်ဘာသာဖြင့် ကာမီကာဇေခေါ် မိမိအသက်ကို လက်နက်တစ်ခုသဖွယ် ‘ရင်းရဲ’ ကြသည့် လေသူရဲများမှာ စက်မဲ့လေယာဉ်နှင့်အတူ မဟာမိတ်ရေတပ်၏ အသက်သွေးကြောများကို တိုက်ခိုက်ခဲ့ကြသည်။
မိမိကိုယ်ကိုယ် အသေခံတိုက်ခိုက်ရန် ရည်ရွယ်ကာ ဒီဇိုင်းဆင်ထားသော လက်နက်များတွင် ဒုတိယကမ္ဘာစစ်အတွင်း ဂျပန်တို့ပြုလုပ်ခဲ့သည့် Kaiten ခေါ် လူသားတော်ပီဒိုစီမံချက် အပါအဝင်ဖြစ်သည်။Nakajima Ki-115 သည် လေယာဉ်မှူးလိုက်ပါမည့် အသေခံလေယာဉ်ဖြစ်ပြီး ဗုံးအလေးချိန် ၈၀၀ ကီလိုဂရမ် (၁,၈၀၀ ပေါင်) သယ်ဆောင်ကာ တစ်နာရီလျှင် ၅၅၀ ကီလိုမီတာ (၃၄၀ မိုင်) နှုန်း ပျံသန်းနိုင်သည်။ အလားတူ ၁၉၄၅ ခုနှစ်အတွင်း အိုကီနာဝါတိုက်ပွဲတွင် Yokosuka MXY-7 Ohka ခေါ် ကာမီကာဇေလေသူရဲက ထိန်းသိမ်းမောင်းနှင်သော ဒုံးလက်နက်ပါ တစ်ယောက်စီးလေယာဉ်ကို အသုံးပြုခဲ့သည်။
ဒုတိယကမ္ဘာစစ်အတွင်း နာဇီဂျာမနီလေတပ်တွင် ဇက်ပလင်ရမ်မား (Rammjager)ခေါ် လေကြောင်းချီလေယာဉ်များကို Kuftwaffe ကုမ္ပဏီက ထုတ်လုပ်ခဲ့၏။ မိမိကိုယ်ကိုယ် အသေခံမည့် လေသူရဲများစုစည်းထားသောမစ်ရှင် တစ်ကိုယ်ရေစွန့်လွှတ်မှု (self-sacrifice) ကို ဂျာမန်ဘာသာဖြင့် Selbstopfer ဟု ခေါ်သည်။ မဟာမိတ်ဗုံးကြဲလေယာဉ်များကို အသေခံတိုက်ခိုက်ရန် ကြံစည်ခဲ့သည်။ ဂျာမန်တို့ပုံစံထုတ်ထားပြီး လေယာဉ်ပုံတူ ၁၆ ခုမှာ Seppelin စက်ရုံ ဗုံးကြဲခံရသည့်အထဲ ပါသွားခဲ့ပြီး နောက်ပိုင်းတွင် မစ်ရှင်ပျက်သွားခဲ့ရ၏။
ဗီယက်နမ်လွတ်မြောက်ရေးတိုက်ပွဲကာလ၊ ၁၉၅၄ ခုနှစ် မတ်လ၌ ဗီယက်နမ်ပြောက်ကျားတို့နှင့် ပြင်သစ်ကိုလိုနီနယ်ချဲ့များအကြား တိုက်ခိုက်ခဲ့သော အင်ဒိုချိုင်းနားကျွန်းဆွယ်၊ ဒိန်ဘင်ဖူးတိုက်ပွဲတွင် ဗီယက်မင်းတို့သည် ‘အသေခံလက်ရွေးစင်များ’ ကို အသုံးပြုခဲ့သည်။ အလားတူ လက်ဘနွန်ပြည်တွင်းစစ်၌လည်း စတင်ဖြစ်ပွားသည်မှ ယခုအ ချိန်တိုင် အသေခံဗုံးခွဲတိုက်ခိုက်ခြင်းမှာ အဓိကရေစီးကြောင်းသဖွယ် ဖြစ်နေသည်။
၂၁ ရာစုသို့ ချဉ်းနင်းဝင်ရောက်ချိန်တွင် အကြမ်းဖက်အုပ်စုများ ရွေးချယ်နေကျ တိုက်ခိုက်ပုံအဖြစ် အာဖဂန်နစ္စတန်၊ ပါကစ္စတန်နှင့် အီရတ်တို့တွင် အသေခံဗုံးခွဲမှုများ ပုံမှန်ပေါ်ပေါက်လျက်ရှိသည်။
အနောက်နိုင်ငံတပ်ဖွဲ့များအပေါ် တာလီဘန်တို့ သောင်းကျန်းသူဘဝက ပြုလုပ်လေ့ရှိသော အကြမ်းဖက်ပုံစံကို နှစ်မျိုးခွဲခြားနိုင်သည်။ ပထမတစ်မျိုးမှာ သားကောင်ကို ရွေးချယ်သတ်မှတ်၍ ရရာပစ္စည်းကိုအခြေခံထုတ်လုပ်သော ဒေသတွင်း ‘လက်ဖြစ်’ ဖောက်ခွဲမှုများ (activated improvised explosive devices-IEDS) ဖြစ်ပြီးနောက် တစ်မျိုးမှာ လူနေထူထပ်ရာ၌ အသေခံဗုံးခွဲခြင်းဖြစ်၏။
အာဖဂန်နစ္စတန်၌ ဖြစ်ပွားခဲ့သောတိုက်ခိုက်မှုအများစုမှာ အသက်ကိုးနှစ်သာရှိသေးသော ကလေးများကိုယ်တိုင် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ ထိုကလေးအရွယ်များမှာ သွေးဆောင်ရလွယ်ကူပြီး ‘အသက်စွန့်လွှတ်ခြင်းအကြောင်းတရား’ ကြောင့် ‘အာဇာနည်များ’ အဖြစ် ဘဝကူးကောင်းမည်ဖြစ်ကြောင်း လက်ခံယုံကြည်အောင် သွတ်သွင်းခဲ့ကြ သည်။
■ဂျီဟဒ်အတွက် အာဇာနည်များ
ဂရိဘာသာစကားအလိုအရ ‘သက်သေ’ အဖြစ် မှတ်ယူကြသော အာဇာနည်ဘဝမျိုးမှာ တစ်ဆူတည်းသောဘုရားကို ကိုးကွယ်ကြသည့် ဘာသာတရားတိုင်းအတွက် အဓိကကျသော ခံယူချက်ဖြစ်သည်။ ခရစ်တော်ပေါ် စကာလက အရပ်ရပ်အနယ်နယ်သို့ သာသနာပြုခဲ့ကြသော တမန်တော် ၁၂ ပါးသည် ခရစ်တော်၏ဘဝအတွက် ဘုရားသခင်ရှေ့မှောက်တွင် ‘သက်သေကောင်းများ’ ဖြစ်ကြ၏။
ထိုအယူအဆအပေါ် ယုံကြည်သက်ဝင်သူများအဖို့ ရင်ဆိုင်ကြုံတွေ့ရမည့် ကြီးမားသောအန္တရာယ်များ၊ အဆုံးစွန်သော ပြစ်ဒဏ်စီရင်ချက်များမှာ ‘အပရိက’ သာဖြစ်ပြီး ဘာသာတရားအပေါ် သူတို့၏ သဒ္ဓါတရားကို အာဇာနည်သက်သေကောင်းအဖြစ် အသက်စွန့်ကာ ရဲရဲဝံ့ဝံ့ပြသကြသည်။ ဤအပြုအမူသည် ဖန်ဆင်းရှင်ထံ ဝင်ရောက်နိုင်မည့် အာမခံချက်အပြည့်ရှိသော တံခါးပေါက်ပင်ဖြစ်သည်။
၉ ရာစုအတွင်း ဂျီဟဒ်စစ်ပွဲများတွင် ဘုရားသခင်အတွက် အသက်ပေးအပ်နှံသော ယုံကြည်ချက်မှာ အခရာကျလာခဲ့၏။ အစောပိုင်းကာလ ဂျီဟဒ်နှင့်ပတ်သက်သော ရေးသားချက်များတွင် အပြစ်များစွာ ကျူးလွန်ထားမိသည့် ‘အပြစ်သားတစ်ဦး’ သည် ဘာသာရေးအတွက် ဂျီဟဒ်ကို ဆင်နွှဲတိုက်ခိုက်ခြင်းဖြင့် ၀ိညာဉ်တော်သန့်ရှင်းနိုင်ကြောင်း အထင်ကရညွှန်းဆိုခဲ့၏။ မူဂျာဟစ်ဆိုသည်မှာ ဂျီဟဒ်ကို အကောင်အထည်ဖော်ဆောင်ရွက်သည့်အနေနှင့် တိုက်ပွဲဝင်ရင်း အပြစ်များကို ဆေးကြောသန့်စင်ပြီးဖြစ်သကဲ့သို့ သေလွန်သည့်အခါတွင်လည်း အာဇာနည်ဖြစ်သွားသော အကျိုးတရားကို ရရှိသူဖြစ်သည်။
ဤသည်မှာ အစွန်းရောက်သော အယူဝါဒများ၌ သေလွန်ပြီးနောက် ကောင်းကင်ဘုံသို့ရောက်ရှိရန် အာမခံချက်ပေးထားသော အနစ်နာခံမှုအတွက် ဆုလာဘ်ဖြစ်ပါသည်။ ထိုယုံကြည်ချက်ထက်သန်သည့်အလျောက် အာဖဂန်နစ္စတန်၏ အာဇာနည်တပ်မဟာ ဖွဲ့စည်းရာတွင် အသေခံတာဝန်ထမ်းဆောင်လိုသူများ ပေါ်ပေါက်လာပါဦးမည်။
ဤသို့သောတပ်သားသစ်များကို လေ့ကျင့်ခန့်ထားရာ၌ ဘာသာရေးအရ အာဇာနည်အဖြစ် အသက်စွန့်၍ရရှိလာမည့် အနာဂတ်ဘဝဆုလာဘ်နှင့် စစ်ရေးအရ ရန်သူအပေါ် စက်ဆုပ်ရမည့် အယူဝါဒနှစ်မျိုးစလုံးကို တစ်ပြိုင်နက် ရိုက်သွင်းရပါမည်။ ထို့ကြောင့်စစ်သားများကို လေ့ကျင့်ပေးရာတွင် ရန်သူအား သတ်ဖြတ်ခြင်း၊ မိမိတို့၏အမှတ်အသား သရုပ်သကန်ကို အမွှမ်းတင်ခြင်းနှင့် ပေးအပ်သောအမိန့်အား တစ်သွေမတိမ်းလိုက်နာခြင်းတို့ကို စစ်သင်တန်းများ၌ ပို့ချသွားပါလိမ့်မည်။
■အသွင်သစ် စစ်ရေးပုံစံ
တာလီဘန်တို့ထူထောင်မည့် အသေခံတပ်ရင်းတပ်ဖွဲ့များက မည်သူတို့ကို ဆန့်ကျင်တိုက်ခိုက်ရန် ရည်ရွယ်ပါသနည်း။
အာဖဂန်နစ္စတန်နိုင်ငံအတွင်း လှုပ်ရှားနေသော အစ္စလာမ္မစ်နိုင်ငံတော်-ခိုရာဇန် (Islamic State Khorasan-ISIS-K) အုပ်စုသည် အာဖဂန်နှင့် ပါကစ္စတန်အရပ်သားများကို အကြိမ် ၁၀၀ နီးပါးတိုက်ခိုက်ခဲ့သည်။ ၂၀၁၇ ခု၊ ဇန်နဝါရီမှစ၍ အမေရိကန်၊ အာဖဂန်နစ္စတန်နှင့် ပါကစ္စတန်လုံခြုံရေးတပ်ဖွဲ့များနှင့် ထိတွေ့တိုက်ခိုက်မှု ၂၅၀ ထိ ဖြစ်ပွားခဲ့၏။
အစ္စလာမ္မစ်နိုင်ငံတော်၏ အဓိကခေါင်းဆောင်မှုမဏ္ဍိုင်တည်ရှိရာ ဆီးရီးယားနှင့် အီရတ်မှ ပ့ံပိုးထောက်ပ့ံမှုများဖြင့် ISIS-K သည် အာဖဂန်နစ္စတန်တွင် တစ်ဖန်ပြန်လည်ခေါင်းထောင်ထလာပြီး တာလီဘန်တို့နှင့် နေ့စဉ်လိုလို တိုက်ပွဲများဖြစ်ပွားနေပါသည်။ ခြုံခိုတိုက်ခိုက်ခြင်း၊ ဗုံးခွဲခြင်းနှင့် လုပ်ကြံသတ်ဖြတ်ခြင်းစသောပုံစံမျိုးစုံကို တွေ့ရသည်။ ထို့ပြင်သာမန်တိုင်းသူပြည်သားများအပေါ် အစုလိုက်အပြုံလိုက် သေစေသောတိုက်ခိုက်မှုမျိုးကို လူနည်းစုဖြစ်သည့် ဟာဇာရာရှီယား မွတ်စလင်များအပေါ် ပစ်မှတ်ထားနေသည်မှာလည်း ပွဲဆက်နေဆဲဖြစ်သည်။
တစ်ဖန် တာလီဘန်တို့ဘက်ကလည်း အရပ်သားများအပေါ် အကြမ်းဖက်မှုမျိုးရှိနေဆဲဖြစ်သည်။ အာဖဂန်နစ္စတန်၏ ကျူးကျော်သူအဆက်ဆက်ကို တော်လှန်ခဲ့ရာ ပန်ဂျရှားတောင်ကြားဒေသ၌ အနည်းဆုံးအရပ်သား ၂၀ ကို တာလီဘန်တို့ သုတ်သင်ခဲ့ကြောင်း အစီရင်ခံချက်များရှိနေ၏။ ထိုဒေသရှိ တပ်ဖွဲ့အချို့သည် တာလီဘန်တို့၏ အကန့်အသတ်များစွာပါဝင်သော ကတိစကားများကို လက်မခံဘဲ တာလီဘန်တို့ကို ဆန့်ကျင်နေဆဲဖြစ်သည်။
အာဖဂန်နစ္စတန်ဆိုင်ရာ ကုလသမဂ္ဂအထောက်အကူပြုမစ်ရှင် (United Nations Assistance Mission in Afghanistan-UNAMA)၏ အစီရင်ခံစာအရ ၂၀၂၁ ခုနှစ်၊ ပထမနှစ်ဝက်အတွင်း အရပ်သားထိခိုက်မှုများမှာ ISIS-K နှင့် တာလီဘန်တို့ နှစ်ဖွဲ့လုံးက တိုက်ခိုက်ခဲ့ကြသော IEDs များကြောင့်ဟု ဖော်ပြထား၏။ ထိုသို့အရပ်လုပ်လက်နက်ပစ္စည်းများဖြင့် ပစ်ခတ်ဖောက်ခွဲတိုက်ခိုက်ခဲ့သည့်အတွက် ၃၈ ရာခိုင်နှုန်းသော အရပ်သားများမှာ ထိခိုက်၊ ဒဏ်ရာရ၊ သေဆုံးခဲ့ကြသည်။
တာလီဘန်တို့သုံးစွဲနေကျ လက်လုပ်ဗုံးအမျိုးအစားဖြစ်သော ဖိအားတုံ့ပြန်မြေမြှုပ်ဗုံးအပြား (pressure-plate IEDs) ကို ဖောက်ခွဲပုံမှာ စက်ဆုပ်ဖွယ်ကောင်းလှသည်။ သားကောင်အဖြစ် ရွေးချယ်ခံထားရသော ကလေးတစ်ဦးဦးကို မြှုပ်ထားသည့်နေရာအပေါ် တက်ခုန်လိုက်ခိုင်းပြီး ဖောက်ခွဲခြင်းဖြစ်သည်။ ၂၀၂၁ ခုတွင် ထိုဗုံးကြောင့် ပျက်စီးခဲ့ရသော အရပ်သားထိခိုက်မှုမှာ ယခင်နှစ်ကာလတူထက် ၄၂ ရာခိုင်နှုန်း ပိုမိုခဲ့၏။ ထိုသို့သော အကြမ်းဖက်တိုက်ခိုက်မှုမျိုးက လူသားစိတ်ကင်းမဲ့သည်သာမက မည်သည့်ဥပဒေကိုမဆို ချိုးဖောက်ရာလည်း ရောက်ပါသည်။
ထို့ကြောင့် UNAMA က တာလီဘန်များကို ထိုကဲ့သို့သော ကလေးသူငယ်များအား သားကောင်အဖြစ် အသုံးချ၍ ဗုံးခွဲခြင်းမျိုး ဆက်မလုပ်ရန် ပြောကြားထားသည်။
လွန်ခဲ့သော နှစ် ၂၀ အတွင်း လက်နက်ကိုင်သောင်းကျန်းမှု၊ အကြမ်းဖက်ဝါဒနှင့် ပုံမှန်မဟုတ်သော စစ်ရေးစစ်ရာများ၌ အသေခံ ဗုံးခွဲမှုများမှာ သုံးနေကျပုံစံဖြစ်လာခဲ့သည်။ ပြုမူဆောင်ရွက်သူတို့၏ ဘာသာရေးဆိုင်ရာအပြစ်နှင့် ဆုလာဘ်အပေါ် ယုံကြည်ခြင်းကို အခြေပြုကာ အာဏာဖီဆန်သောင်းကျန်းမှုများမှာလည်း ဆက်လက်ပေါ်ပေါက်နေဆဲဖြစ်ပါသည်။
ဂျပန်လူမျိုးတို့ ကျင့်သုံးခဲ့သော ကာမီကာဇေထုံးတမ်းဓလေ့အရ အသေခံတာဝန်ထမ်းဆောင်တော့မည်ဆိုသည်နှင့် သူတို့ကို အမျိုးသားတပ်မတော်၏ တပ်ဖွဲ့ဝင်အဖြစ် အပ်နှင်းကာ ဥပဒေအရ တရားဝင်အသိအမှတ်ပြုရပါသည်။ ယခုကဲ့သို့ တာလီဘန်များ ဖွဲ့စည်းမည့် အသေခံတပ်ရင်းတပ်ဖွဲ့များ ပေါ်ပေါက်လာပြီးနောက် ကာမီကာဇေကျင့်ထုံးအတိုင်း လိုက်နာဆောင်ရွက်ခဲ့လျှင် မည်သို့သောအဓိပ္ပာယ်ကို ဖော်ဆောင်ပါသနည်း။
အသေခံတိုက်ခိုက်မှုတစ်စုံတစ်ရာပြုသူ တပ်ဖွဲ့ဝင်တစ်ဦးဦးသည် အရပ်သားလည်း မဟုတ်၊ စစ်သားလည်းမဟုတ်တော့ဘဲ ဤတိုက်ခိုက်မှုကို ကမကထပြုခြင်းမှာ ‘နိုင်ငံတော်အစိုးရက ဦးစီးသော အကြမ်းဖက်မှုတစ်ခု’ အဖြစ် ရောက်ရှိသွားပါတော့သည်။










