ဆက်တိုက်တက်နေတဲ့ စက်သုံးဆီနဲ့ ရွှေစျေးနှုန်း

ဆက်တိုက်တက်နေတဲ့ စက်သုံးဆီနဲ့ ရွှေစျေးနှုန်း
 ဓာတ်ပုံ-ကြည်နိုင်
ဓာတ်ပုံ-ကြည်နိုင်
Published 16 January 2022
ဇော်မင်းနိုင်

၂၀၂၂ ခုနှစ် ဇန်နဝါရီလအတွင်းရောက် ရှိလာသည်နှင့်တစ်ပြိုင်နက် ဆက်တိုက်မြင့်တက်လာသည်မှာ စက်သုံးဆီစျေးနှင့် ရွှေစျေးဟု ဆိုရမည်ဖြစ်သည်။

ဒီဇင်ဘာလကုန်ပိုင်းတွင် ငြိမ်သက်နေခဲ့သည့် စက်သုံးဆီစျေးမှာ ဇန်နဝါရီ ၄ ရက်တွင် ကျပ် ၁၄၀၀ ကျော်သို့ ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။

ဒီဇင်ဘာလကုန်ပိုင်းနှင့် ဇန်နဝါရီ ၃ ရက်အထိ ၉၂ တစ်လီတာလျှင် ကျပ် ၁၃၉၀ ဖြင့် ငြိမ်သက်ခဲ့ရာမှ တစ်လီတာလျှင် ၃၅ ကျပ် မြင့်တက်လာခဲ့သည်။

ယင်းအခြေအနေမှစတင်ကာ စက်သုံးဆီစျေးနှုန်းမှာ ကျဆင်းခြင်းမရှိဘဲ ဇန်နဝါ ရီ ၁၅ ရက်တွင် ၉၂ တစ်လီတာလျှင် ကျပ် ၁၄၉၅ ကျပ်သို့ ရောက်ရှိခဲ့သည်။

စျေးကွက်ပေါက်စျေး အခြေအနေများ အရ ၉၂ တစ်လီတာနှင့် ၉၅ တစ်လီတာမှာ ကျပ် ၅၀ ခန့် ကွာဟသဖြင့် ၉၅ တစ်လီတာ စျေးနှုန်းမှာ ဇန်နဝါရီ ၁၅ ရက်အထိ တစ်လီတာလျှင် ကျပ် ၁၅၄၅ သို့ ရောက်ရှိနေသည်။

မြန်မာနိုင်ငံရေးအပြောင်းအလဲ မဖြစ်ပေါ်မီက ၉၂ တစ်လီတာလျှင် ကျပ် ၆၂၀ ဝန်း ကျင်၊ ၉၅ တစ်လီတာလျှင် ကျပ် ၇၅၀ ဝန်း ကျင်သာရှိခဲ့သော်လည်း နိုင်ငံရေးအပြောင်းအလဲဖြစ်ပေါ်အပြီး တစ်နှစ်နီးပါးခန့်အကြာတွင် စက်သုံးဆီစျေးနှုန်းမှာ အဆပေါင်းများစွာ မြင့်တက်လာခဲ့သည်ဟု ဆိုရမည်ဖြစ်သည်။

ဖေဖော်ဝါရီ ၃ ရက်တွင် ပြည်တွင်းစက် သုံးဆီစျေးနှုန်းမှာ ဒီဇယ်တစ်လီတာလျှင် ကျပ် ၆၆၀၊ ပရီမီယံဒီဇယ်တစ်လီတာ ကျပ် ၆၇၀၊ အောက်တိန်း 92 Ron တစ်လီတာ ကျပ် ၆၂၀၊ အောက်တိန်း 95 Ron တစ်လီတာ ကျပ် ၇၅၀ သာရှိကြောင်း မြန်မာနိုင်ငံ စက်သုံးဆီ တင်သွင်းရောင်းချ ဖြန့်ဖြူးရေးအသင်း (MPTA) က ထုတ်ပြန်ခဲ့သည့် စာရင်းများအရ သိရသည်။

စက်သုံးဆီစျေးနှုန်းများမှာ ပြီးခဲ့သည့်နှစ် ဧပြီလမှ စတင်ကာ မြင့်တက်လာသည်ဟု ဆိုရမည်ဖြစ်သည်။ ဧပြီလအတွင်း ရောက်ရှိခဲ့သည့်စျေးနှုန်းမှာ ဒီဇယ်တစ်လီတာလျှင် ကျပ် ၉၂၀၊ ပရီမီယံဒီဇယ်တစ်လီတာ ကျပ် ၉၃၀၊ အောက်တိန်း ၉၂ တစ်လီတာ ကျပ် ၉၂၀၊ အောက်တိန်း ၉၅ တစ်လီတာ ၁၀၀၅ ကျပ်သို့ရောက်ရှိခဲ့ရာ ဖေဖော်ဝါရီလထက် ရာခိုင်နှုန်း ၃၀ ခန့်မြင့်တက်ခဲ့ပြီး စျေးနှုန်းအားဖြင့် တစ်လီတာလျှင် ကျပ် ၂၅၀ မှ ကျပ် ၃၀၀ အထိ မြင့်တက်ခဲ့ခြင်း ဖြစ်သည်။

ဦးသိန်းစိန်အစိုးရလက်ထက်နှင့် NLD အစိုးရအလွှဲအပြောင်းကာလဖြစ်သော ၂၀၁၆ ခုနှစ် ဧပြီလတွင် စက်သုံးဆီလက်လီ စျေးများမှာ ဒီဇယ်တစ်လီတာ ကျပ် ၅၀၀ (တစ်ဂါလန် ကျပ် ၂၂၇၀)၊ ပရီမီယံဒီဇယ် တစ် လီတာ ကျပ် ၅၄၀ (တစ်ဂါလန် ၂၄၅၁ ကျပ်)၊ အောက်တိန်း ၉၂ တစ်လီတာ ကျပ် ၅၅၀ (တစ်ဂါလန် ၂၄၉၇ ကျပ်)၊ အောက်တိန်း ၉၅ တစ်လီတာ ကျပ်  ၆၅၀ (တစ်ဂါလန် ၂၉၅၁ ကျပ်) စျေး ရှိခဲ့သည်။

လက်ရှိအချိန်တွင် စက်သုံးဆီ စျေးနှုန်းများ ဆက်တိုက်မြင့်တက်လာခဲ့ပြီးနောက် အငှားယာဉ်မောင်းများနှင့် ကုန်စည်ပို့ဆောင်ရေးလုပ်ငန်းများမှာ ထိခိုက်နစ်နာလျက်ရှိကြောင်း သိရသည်။

“အခုက ဆီစျေးတွေတက်လာတော့ အရင်လို ကားဆွဲရတာ အဆင်မပြေတော့ဘူး။ စျေးက မသိမသာနဲ့ တက်လာတာ။ ဟိုးတစ်ခါလို ဝုန်းခနဲ ဆောင့်တက်တာတော့ မဟုတ်ဘူး။ အဲဒီတုန်းက ဆီစျေးက တက် လိုက်သေးတယ်။ ဒါပေမဲ့ ပြန်ကျတယ်။ အခုက မသိမသာနဲ့တက်တာ။ ဆီစျေးတက်လို့ ခရီးသည်က အငှားခကို တိုးပေးလားဆိုတော့ မတိုးပေးဘူး။ အလုပ်ဖြစ်အောင်ပဲ လိုက်နေရ တယ်။ အရင်လို ကားမောင်းပြီး အော်ဒါပတ် ရှာလို့ မရတော့ဘူး။ အခုဆီစျေးနဲ့ကတော့ ဘယ်လိုမှ မကိုက်တော့ဘူး”ဟု ရန်ကုန်မြို့ တွင်း အငှားယာဉ်မောင်းတစ်ဦးက ပြောကြားသည်။

အလားတူ ကုန်စည်သယ်ယူပို့ဆောင်ရေးတွင်လည်း ဆီစျေးများ တရိပ်ရိပ်တက်လာသဖြင့် ရရှိသည့်စျေးနှင့် မကိုက်ခြင်းများရှိလာကြောင်း သီရိမင်္ဂလာစျေးတွင် ကုန်စိမ်းရောင်းချသူတစ်ဦးက ပြောကြားသည်။

“ကားခကို အရင်ကထက်ပိုပေးရတယ်။ ကားပိုင်ရှင်ဘက်ကလည်း ဆီစျေးတက်လာတော့ သူတို့လည်း ဘယ်လိုမှမကိုက်တော့ဘူး။ ကျွန်တော်တို့ကတော့ ပစ္စည်းပေါ်မှာပဲ ခရီးစရိတ် ထပ်တင်ရတာပေါ့။ အဲဒီတော့ တချို့ကုန်စိမ်းတွေဆို စျေးနည်းနည်းတက်တယ်”ဟု သီရိမင်္ဂလာစျေးသစ်တွင် ကုန်စိမ်း ရောင်းချသူတစ်ဦးက ပြောကြားသည်။

ကမ္ဘာ့စက်သုံးဆီစျေး မြင့်တက်မှု၊ ဒေါ်လာစျေးမြင့်တက်မှုများကြောင့် ပြည်တွင်း စက်သုံးဆီစျေးများ မြင့်တက်လာခြင်းဖြစ်သည်ဟု သုံးသပ်မှုများလည်းရှိသည်။

ယင်းကြောင့် ဗဟိုဘဏ်မှဒေါ်လာကို စက်သုံးဆီလုပ်ငန်းရှင်များထံ ရောင်းချပေးပြီး စက်သုံးဆီစျေးကျဆင်းအောင် လုပ်ဆောင်လျက်ရှိသည်ဟု နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ထုတ်ပြန်ထားသည်။

သို့သော် ပြည်တွင်းမှ စက်သုံးဆီထုတ်လုပ်မှုမှာ ပြည်တွင်းသုံးစွဲမှုကို လုံလောက်မှု မရှိသောကြောင့် ပြည်ပမှ မှာယူတင်သွင်းနေရဆဲဖြစ်သည်ဟု နစကက သတင်းစာရှင်း လင်းပွဲတွင် ပြောကြားထားသည်။

စက်သုံးဆီစျေးနှုန်း ကျဆင်းစေရန် အတွက်ဟုဆိုကာ ဗဟိုဘဏ်၏ ရည်ညွှန်းငွေလဲနှုန်းဖြင့် တိုက်ရိုက်ရောင်းချပေးသည့် ဒေါ်လာ ၃၄ သန်းဖြင့် စက်သုံးဆီမှာယူတင်သွင်းခဲ့သည့် ကုမ္ပဏီ ၂၆ ခုမှ ဒီဇယ်ဆီ ဂါလန် ၁၂ ဒသမ ၅၄ သန်းခန့်ကို အထူးစျေးနှုန်းဖြင့် ဖြန့်ဖြူးရောင်းချပေးမည်ဖြစ်ပြီး ဇန်နဝါရီ ၁၁ ရက်မှစတင်၍ ကုမ္ပဏီ ၁၀ ခုမှ တိုင်းဒေသ ကြီးနှင့် ပြည်နယ်များရှိ စက်သုံးဆီအရောင်းဆိုင် စုစုပေါင်း ၉၉ ဆိုင်တွင် စတင်ဖြန့်ဖြူး ရောင်းချပေးနေကြောင်း သိရသည်။

သို့သော် ယင်းသို့ရောင်းချမှုမှာ အကန့်အသတ်ဖြင့်သာ ရောင်းချပေးသဖြင့် စက်သုံးဆီ ဝယ်ယူလိုသူများအတွက် အဆင်ပြေခြင်း မရှိကြောင်း သိရသည်။

“သူတို့ ရောင်းပေးတဲ့ဆိုင်ဆိုတာက မနက်တစ်ပိုင်းလောက်ဆို ကုန်ပြီဆိုတာ ချည်းပဲတိုးတယ်။ ကားကများလို့ နောက်မှ တန်းစီမယ်ဆိုရင် ဘယ်တော့မှ မရတော့ဘူး” ဟု ရန်ကုန်မြို့တွင်းအငှားယာဉ် မောင်းနှင်သူ တစ်ဦးက ပြောကြားသည်။

■ တရိပ်ရိပ်တက်လာတဲ့ ရွှေ

စက်သုံးဆီစျေးကဲ့သို့ပင် တရိပ်ရိပ်တက်လာသည့် စျေးနှုန်းမှာ ရွှေစျေးနှုန်းဖြစ်သည်။

ရွှေစျေးနှုန်းမှာ ဇန်နဝါရီ ၁၅ ရက်တွင် အခေါက်ရွှေတစ်ကျပ်သားလျှင် ကျပ် ၁၈ သိန်း ခြောက်သောင်းသုံးထောင်တွင် ရှိခဲ့သည်။

ရွှေစျေးနှုန်းမှာ ဇန်နဝါရီ  ၁၀ ရက် ည နေပိုင်းအပိတ်စျေးအရ ၁၆ ပဲရည် ရွှေတစ် ကျပ်သားလျှင် ကျပ် ၁၈ သိန်း သုံးသောင်းကိုးထောင်သာ ရှိခဲ့သော်လည်း ဇန်နဝါရီ ၁၁ ရက် နံနက်စျေးဖွင့်ချိန်တွင် ၁၈ သိန်း ခုနစ် သောင်းနီးပါးအထိ ရောက်ရှိခဲ့သည်။

ယင်းကြောင့် တစ်ကျပ်သားလျှင် ကျပ်လေးသောင်းအထိ မြင့်တက်လာခြင်း ဖြစ်သည်။

လက်ရှိ ရွှေစျေးမြင့်တက်လာခြင်းအကြောင်းမှာ ဒေါ်လာစျေး မြင့်တက်လာခြင်းကြောင့် ဖြစ်နိုင်ကြောင်း ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်များအသင်းမှ ဥက္ကဋ္ဌဦးမျိုးမြင့်က သုံးသပ်သည်။

“ဖြစ်နေတာက ဒေါ်လာစျေး တက်သွားတာ။ ဒေါ်လာစျေးက ၁၉၆၀ လောက်ဖြစ် သွားတယ်။Earning က ၂၀၀ လောက်ဖြစ် သွားတယ်။ အဲဒီတော့ စျေးတွေက တအားထောင်တက်သွားတဲ့ သဘောပေါ့။ ဒေါ်လာ ကိုထိန်းနိုင်ရင် ရွှေစျေးပြန်ကျမယ်” ဟု ဦးမျိုး မြင့်က ပြောကြားသည်။

လက်ရှိ ကမ္ဘာ့ရွှေစျေးမှာ မြင့်တက်ခြင်း မရှိဘဲ မြန်မာ့ရွှေစျေးသာ မြင့်တက်နေခြင်း ဖြစ်ကြောင်း ဦးမျိုးမြင့်က ဆိုသည်။

“ကမ္ဘာ့စျေးက ၁၈၀၀ နဲ့ ၁၇၅၀ ကြား ပေါ့။ အဲဒီကြားမှာပဲ ပြေးနေတယ်။ ကမ္ဘာ့စျေးက သိပ်မတက်နိုင်ဘူး။ မနှစ်က ကိုဗစ်ဖြစ်သွားတော့ စက်ရုံ အလုပ်ရုံတွေ ပိတ်တယ်။လေယာဉ်တွေ၊ သင်္ဘောတွေ အကုန်ရပ်သွား တဲ့အခါကျတော့ ရင်းနှီးမြှုပ်နှံမှုအားလုံးက ရွှေထဲကို ဝင်လာတာ။ အဲဒါကြောင့် တက်သွားတာ။ အခု အခြေအနေက ကမ္ဘာ့ရွှေစျေး က မတက်နိုင်ဘူး။ ပြည်တွင်းစျေးပဲ ဒေါ်လာ ကို မထိန်းနိုင်ရင် ပြဿနာရှိတယ်”ဟု ဦးမျိုး မြင့်က ပြောကြားသည်။

ရွှေစျေးမှာ နိုင်ငံရေးအပြောင်းအလဲ မဖြစ်မီကာလက အခေါက်ရွှေ တစ်ကျပ်သားလျှင် ကျပ် ၁၄ သိန်း နှစ်သောင်းသာရှိခဲ့ပြီး တစ်နှစ်နီးပါးအကြာတွင် ၁၈ သိန်းခွဲကျော်သို့ ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။ ယင်းကြောင့် တစ်နှစ်နီးပါးအကြာတွင် ကျပ်လေးသိန်းခွဲ နီးပါးအထိ မြင့်တက်လာခြင်းဖြစ်သည်။ သို့သော် စက်တင်ဘာလပိုင်းက မြင့်တက်ခဲ့ သည့် ကျပ်သိန်း ၂၀ ကျော်စျေးနှုန်းသို့ရောက် ရှိခြင်းမရှိသေးပေ။

“ရွှေက တအိအိနဲ့တော့ တက်နေတယ်။ သိန်း ၂၀ တန်းကိုတော့ မရောက်သေးဘူး။ ဒါမျိုး တအိအိနဲ့ တက်နေရင်တော့ သိပ်ကြာမှာမဟုတ်ဘူး” ဟု ရန်ကုန်တိုင်းဒေသကြီးရှိ ရွှေအရောင်းအဝယ်လုပ်ကိုင်သူတစ်ဦးက ပြောကြားသည်။

လက်ရှိ ရွှေစျေးကွက်မှာ အရောင်းပြန် မြင့်လာပြီး စျေးကွက်အတွင်း အရောင်းအဝယ်ဖြစ်သည့် ပမာဏမှာ ပိဿာချိန် ၅၀ အတွင်းရှိကြောင်း ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးမျိုးမြင့်က ပြောကြားသည်။

“စျေးကွက်က အရောင်းများတယ်။ နယ်ကလာတာတွေလည်း များတယ်။ နောက်ပြီး ဆိုင်တွေက ပြန်ရောင်းတဲ့ ပစ္စည်းလည်းများ တယ်။ ပုံမှန်ကတော့ ၅၀ လောက်ကတော့ ပုံမှန်ရှိတယ်”ဟု ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင် များအသင်းဥက္ကဋ္ဌ ဦးမျိုးမြင့်က ပြောကြားသည်။

၂၀၁၆ ခုနှစ်မှစ၍၂၀၂၁ ခုနှစ်အထိ ပြည်တွင်းရွှေစျေးနှုန်း စံချိန်တင်စျေးနှုန်းများ အကြိမ်ကြိမ်ဖြစ်ပေါ်ကာ နှစ်အလိုက် စံချိန်တင်စျေးနှုန်းများမှာ ၂၀၁၆ ခုနှစ် အောက်တိုဘာ ၄ ရက်တွင် ကျပ် ၉၀၃၅၀၀၊ ၂၀၁၇ ခု နှစ် စက်တင်ဘာ ၁၅ ရက် တွင် ကျပ် ၉၅၇၈၀၀၊ ၂၀၁၈ ခုနှစ် စက်တင်ဘာ ၂၀ ရက်တွင် ကျပ် ၁၀၄၇၇၀၀၊ ၂၀၁၉ ခုနှစ် ဖေဖော် ၀ါရီ ၂၀ ရက်တွင် ကျပ် ၁၀၈၈၅၀၀၊ ၂၀၁၉ ခုနှစ် ဇူလိုင် ၁၈ ရက်တွင် ကျပ် ၁၁၄၃၅၀၀၊ ၂၀၁၉ ခုနှစ် သြဂုတ် ၁၃ ရက်တွင် ကျပ် ၁၂၃၇၀၀၀၊ ၂၀၁၉ ခုနှစ် စက်တင်ဘာ ၅ ရက်၌ ကျပ် ၁၃၁၅၀၀၀၊ ၂၀၂၀ ပြည့်နှစ် သြဂုတ် ၇ ရက်၌ ကျပ် ၁၃၃၅၅၀၀၊ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၆ ရက်တွင် ကျပ် ၁၄၂၀၀၀၀ ဖြစ်သည်။

ရွှေစျေးနှုန်းများမြင့်တက်လာရခြင်းကြောင့် အခြေခံပြည်သူများကို တိုက်ရိုက် ထိခိုက်ခြင်းမရှိသော်လည်း စက်သုံးဆီစျေးနှုန်း မြင့်တက်မှုမှာ အခြေခံပြည်သူများ အပေါ်ထိခိုက်မှုများရှိလာနေသဖြင့် စျေးနှုန်း များ အချိန်မီကျဆင်းရန် ကုစားနိုင်မှသာ အဆင်ပြေမည်ဖြစ်သည်။

သို့မဟုတ်ပါက စက်သုံးဆီစျေးနှုန်း မြင့် တက်ခြင်းကြောင့် သယ်ယူပို့ဆောင်ရေးလုပ်ငန်းများတွင် စျေးတက်လာချိန်၌ ကုန်စျေးနှုန်းကြီးမြင့်မှုများကိုလည်း ကြုံတွေ့လာရမည်မှာ မလွဲမသွေပင် ဖြစ်သည်။

Most Read

Most Recent