ဗဟိုဘဏ်က ဇန်နဝါရီလအတွင်း လက်ရှိအချိန်အထိ လေးကြိမ်ခွဲ၍ ဒေါ်လာ သန်း ၅၀ ထုတ်ရောင်းခဲ့ခြင်း၊ ဓာတ်ငွေ့ စျေးနှုန်းမြင့်တက်နေသဖြင့် LNG ဓာတ်အားပေးစက်ရုံများ၏ ထုတ်လုပ်မှု မဂ္ဂါဝပ် ၇၀၀ ခန့် ရပ်တန့်ထားရခြင်း

ဗဟိုဘဏ်က ဇန်နဝါရီလအတွင်း လက်ရှိအချိန်အထိ လေးကြိမ်ခွဲ၍ ဒေါ်လာ သန်း ၅၀ ထုတ်ရောင်းခဲ့ခြင်း၊ ဓာတ်ငွေ့ စျေးနှုန်းမြင့်တက်နေသဖြင့် LNG ဓာတ်အားပေးစက်ရုံများ၏ ထုတ်လုပ်မှု မဂ္ဂါဝပ် ၇၀၀ ခန့် ရပ်တန့်ထားရခြင်း
ရန်ကုန်မြို့ရှိ ရွှေအရောင်းဆိုင်တစ်ဆိုင်ကို တွေ့ရစဉ် (ဓာတ်ပုံ-အောင်မျိုးသန့်)
ရန်ကုန်မြို့ရှိ ရွှေအရောင်းဆိုင်တစ်ဆိုင်ကို တွေ့ရစဉ် (ဓာတ်ပုံ-အောင်မျိုးသန့်)
Published 16 January 2022
နီလာ

ယခုသီပတ်ကာလအတွင်း ပြည်တွင်းရွှေစျေး တစ်ကျပ်သားလျှင် ကျပ် ၁၈ သိန်း ခုနစ်သောင်းနီးပါးအထိ ရောက်ရှိလာခဲ့သည်။

ဇန်နဝါရီ  ၁၀ ရက် ညနေပိုင်း အပိတ်စျေးအရ ၁၆ ပဲရည်ရွှေ တစ်ကျပ်သားလျှင် ကျပ် ၁၈၃၉၀၀၀ သာ ရှိခဲ့သော်လည်း ဇန်နဝါရီ ၁၁ ရက် နေ့လယ်ခင်းတွင် ကျပ် ၁၈၇၇၅၀၀ သို့ ရောက်ရှိကာ စျေးပိတ်ချိန်တွင် ကျပ် ၁၈၆၉၀၀၀ သို့ ရောက်ရှိခဲ့ခြင်းဖြစ်သည်။

“စျေးကတော့ ခုန်တက်သွားတာပေါ့။ စျေးကွက်ထဲမှာတော့ အရောင်းအဝယ်က အေးပါတယ်။ ရွှေလည်းပေါတယ်” ဟု ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်းမှ ဥက္ကဌ ဦးမျိုးမြင့်က ပြောကြားသည်။

လက်ရှိကမ္ဘာ့ရွှေစျေးမှာ မြင့်တက်ခြင်း မရှိဘဲ မြန်မာ့ရွှေစျေးသာ မြင့်တက်နေခြင်းဖြစ်ကြောင်း ဦးမျိုးမြင့်က ဆိုသည်။

“ကမ္ဘာ့စျေးက ၁၈၀၀ နဲ့ ၁၇၅၀ ကြားပေါ့။ အဲဒီကြားမှာပဲ ပြေးနေတယ်။ ကမ္ဘာ့စျေးက သိပ်မတက်နိုင်ဘူး။ မနှစ်က ကိုဗစ်ဖြစ်သွားတော့ စက်ရုံအလုပ်ရုံတွေ ပိတ်တယ်။ လေယာဉ်တွေ၊ သင်္ဘောတွေအကုန် ရပ်သွားတဲ့အခါကျတော့ ရင်းနှီးမြှုပ်နှံမှုအားလုံးက ရွှေထဲကို ဝင်လာတာ။ အဲဒါကြောင့် တက်သွားတာ။ အခုအခြေအနေက ကမ္ဘာ့ရွှေစျေးက မတက်နိုင်ဘူး။ ပြည်တွင်းစျေးပဲ၊ ဒေါ်လာကို မထိန်းနိုင်ရင် ပြဿနာရှိတယ်” ဟု ဦးမျိုးမြင့်က ဆိုသည်။

ပြည်တွင်းရွှေစျေးသည် ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၁၁ ရက်က ၁၆ ပဲရည် အခေါက်ရွှေတစ်ကျပ်သားလျှင် ကျပ် ၁၈၆၉၀၀၀၊ ၁၅ ပဲရည် ပြည့်စပ်ရွှေတစ်ကျပ်သားလျှင် ကျပ် ၁၇၅၉၀၀၀ စျေးရှိခဲ့သည်။ ဇန်နဝါ ရီ ၁၃ ရက်တွင်  ၁၆ ပဲရည် အခေါက်ရွှေတစ်ကျပ်သား ကျပ် ၁၈၄၈၀၀၀၊  ၁၅ ပဲရည်ပြည့်စပ် ရွှေတစ်ကျပ်သားလျှင် ကျပ် ၁၇၃၉၅၀၀ စျေးရှိခဲ့သည်။

၂၀၁၆ ခုနှစ်မှစ၍၂၀၂၁ ခုနှစ်အထိ ပြည်တွင်းရွှေစျေးနှုန်း စံချိန်တင်စျေးနှုန်းများ အကြိမ်ကြိမ်ဖြစ်ပေါ်ခဲ့ကာ နှစ်အလိုက် စံချိန်တင်စျေးနှုန်းများမှာ ၂၀၁၆ ခုနှစ် အောက်တိုဘာ ၄ ရက်တွင် ကျပ် ၉၀၃၅၀၀၊ ၂၀၁၇ ခုနှစ် စက်တင်ဘာ ၁၅ ရက်တွင်  ကျပ် ၉၅၇၈၀၀၊ ၂၀၁၈ ခုနှစ် စက်တင်ဘာ ၂၀ ရက်တွင် ကျပ် ၁၀၄၇၇၀၀၊ ၂၀၁၉ ခုနှစ် ဖေဖော်ဝါ ရီ ၂၀ ရက်တွင် ကျပ် ၁၀၈၈၅၀၀၊ ၂၀၁၉ ခုနှစ် ဇူလိုင် ၁၈ ရက်တွင် ကျပ် ၁၁၄၃၅၀၀၊ ၂၀၁၉ ခုနှစ် သြဂုတ် ၁၃ ရက်တွင် ကျပ် ၁၂၃၇၀၀၀၊ ၂၀၁၉ ခုနှစ် စက်တင်ဘာ ၅ ရက်တွင် ကျပ် ၁၃၁၅၀၀၀၊ ၂၀၂၀ ပြည့်နှစ် သြဂုတ် ၇ ရက်တွင် ကျပ် ၁၃၃၅၅၀၀၊ ၂၀၂၁ ခုနှစ် ဖေဖော် ၀ါရီ ၆ ရက်တွင် ပြည်တွင်းရွှေစျေးနှုန်း ကျပ် ၁၄၂၀၀၀၀ ဖြစ်သည်။

ရွှေစျေးနှုန်းသည် ၂၀၁၆ ခုနှစ် တွင် ကျပ် ၈၀၀၀၀၀ တန်း၊ ၂၀၁၇ ခုနှစ်တွင် ကျပ် ၉၀၀၀၀၀ တန်း၊ ၂၀၁၈ ခုနှစ်တွင် ကျပ် ၁၀၀၀၀၀၀ တန်း၊ ၂၀၁၉ ခုနှစ်တွင် ကျပ် ၁၁၀၀၀၀၀ တန်းနှင့် ကျပ် ၁၂၀၀၀၀၀ တန်းကို ကျော်လွန်လာခဲ့ပြီး ၂၀၁၉ ခုနှစ် စက်တင်ဘာတွင် ကျပ် ၁၃၁၀၀၀၀ ကျော်အထိ မြင့်တက်ခဲ့ခြင်းဖြစ်ကာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၆ ရက်တွင် ကျပ် ၁၄၂ဝဝဝဝနှင့် စက်တင်ဘာလအတွင်း ကျပ် သိန်း ၂၀ ကျော်အထိ စံချိန်တင်မြင့်တက်ခဲ့သည်။

ဗဟိုဘဏ်က ဇန်နဝါရီလအတွင်း  လက်ရှိအချိန်အထိ လေးကြိမ်ခွဲ၍ ဒေါ်လာ သန်း  ၅၀ ရောင်းချ

၂၀၂၂ ခုနှစ် ဇန်နဝါရီလအတွင်း လက်ရှိအချိန်အထိ ဗဟိုဘဏ်က နိုင်ငံခြားငွေစျေးပြိုင်လေလံဖြင့် လေးကြိမ်ခွဲ၍ ဒေါ်လာသန်း ၅၀ အထိ ရောင်းချထားကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ သိရသည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်ကနိုင်ငံ ခြားငွေစျေးပြိုင်လေလံဖြင့် ဇန်နဝါရီ ၇ ရက်တွင် ဒေါ်လာ ၁၅ သန်း၊ ဇန်နဝါရီ ၁၂ ရက်တွင် ဒေါ်လာ ၁၅ သန်း၊၁၃ ရက်တွင် ဒေါ်လာ ၁၀ သန်းနှင့် ၁၄ ရက်တွင် ဒေါ်လာ ၁၀ သန်း ရောင်းချခဲ့သည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်က နိုင်ငံခြားငွေစျေးပြိုင်လေလံဖြင့် ဒေါ်လာရောင်းချခဲ့မှုအနေဖြင့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလအတွင်း ဒေါ်လာ ၆ ဒသမ ၈ သန်းရောင်းချခဲ့ပြီး မတ်လအတွင်း ရောင်းချမှု မရှိခဲ့ပေ။ ဧပြီလအတွင်း ဒေါ်လာ ၁၂ သန်း၊ မေလအတွင်း ဒေါ်လာ ၂၄ သန်း၊ ဇွန်လတွင်း ဒေါ်လာ ၁၂ သန်း၊ ဇူလိုင်လအတွင်း ဒေါ်လာ ၃၉ သန်း၊ သြဂုတ်လအတွင်း ၂၈ သန်း၊ စက်တင်ဘာတွင် ဒေါ်လာ ၆၃ သန်း၊ အောက်တိုဘာတွင် ဒေါ်လာ  သန်း ၁၁၀၊ နိုဝင်ဘာတွင် ဒေါ်လာ ၃၁ သန်းနှင့် ဒီဇင်ဘာတွင် ဒေါ်လာ ၁၁၈ သန်းဖြင့် ၂၀၂၁ ခုနှစ်အတွင်း ဒေါ်လာ ၄၄၃ ဒသမ ၈ သန်း ရောင်းချခဲ့သည်။

ကာလတိုအတွင်း နိုင်ငံခြားငွေ လဲလှယ်နှုန်းအတက်၊ အကျ ကြီးမားခြင်းကို လျော့နည်းစေရန်နှင့် နိုင်ငံခြားသုံးသီးသန့် အရန်ငွေ ဖြည့်တင်းရန် ဗဟိုဘဏ်က နိုင်ငံခြားငွေ စျေးပြိုင်လေလံ ဖွင့်လှစ်ဆောင်ရွက်နေသည်။

ဗဟိုဘဏ်စျေးပြိုင်လေလံအတွက် စည်းမျဉ်း၊ ညွှန်ကြားချက်များ ချမှတ်ထားပြီး အဆိုပါစည်းမျဉ်း၊ ညွှန်ကြားချက်များနှင့်အညီ နိုင်ငံခြားငွေစျေးပြိုင်လေလံတွင် ပါဝင်သည့် နိုင်ငံခြားသုံးငွေများ ရောင်းဝယ်ဖောက်ကားသည့်လုပ်ငန်း လိုင်စင် (Authorized Dealer-AD) ရ ဘဏ်များဖြစ်သော နိုင်ငံပိုင် ဘဏ် သုံးဘဏ်၊ ပြည်တွင်းပုဂ္ဂလိက ဘဏ် ၁၉ ဘဏ် နှင့် နိုင်ငံခြားဘဏ် ဘဏ်ခွဲ ၁၃ ဘဏ်တို့ဖြင့် နိုင်ငံခြားငွေ ဝယ်ခြင်း၊ ရောင်းခြင်းတို့ကို ဆောင်ရွက်နေခြင်းဖြစ်သည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ နိုင်ငံခြားသုံးငွေလုပ်ငန်းဆောင်ရွက်ချက်များမှာ ကာလတိုအတွင်း နိုင်ငံခြားငွေလဲလှယ်နှုန်းအတက်၊ အကျကြီးမားခြင်းကို လျော့နည်းစေရန် အလုပ်လုပ်ရက်တစ်ရက်ရှိ မြန်မာကျပ်ငွေနှင့် အမေရိကန် တစ်ဒေါ်လာ၏ ငွေလဲလှယ်နှုန်းနှင့် ယခင်ရက်ရည်ညွှန်းငွေလဲလှယ်နှုန်း တို့ကို နှိုင်းယှဉ်ခြင်း၊ ယင်းသို့နှိုင်းယှဉ်ချက်အရ မြန်မာကျပ်ငွေတန်ဖိုးကျဆင်းသည့် ရာခိုင်နှုန်းသည် ချမှတ်ထားသည့် စည်းမျဉ်းများအရ သတ်မှတ်ချက်ထက် ကျော်လွန်လျှင် နိုင်ငံခြားငွေ (အမေရိကန်ဒေါ်လာ ရောင်းချရန် စျေးပြိုင်လေလံကို ဖွင့်လှစ်ဆောင်ရွက်ခြင်း၊ မြန်မာကျပ်ငွေတန်ဖိုးမြင့်တက်သည့် ရာခိုင်နှုန်းသည် ချမှတ်ထားသည့် စည်းမျဉ်းများအရ သတ်မှတ်ချက်ထက် ကျော်လွန်လျှင် နိုင်ငံခြားငွေ (အမေရိကန်ဒေါ်လာ) ဝယ်ယူရန် စျေးပြိုင်လေလံကို ဖွင့်လှစ်ဆောင်ရွက်ခြင်း၊ နိုင်ငံတော်၏ နိုင်ငံခြားသုံးသီးသန့်အရန်ငွေကို ဖြည့်တင်းရန် အလုပ်လုပ်ရက် တစ်ရက်၏ ငွေလဲလှယ်နှုန်းကို ပြီးခဲ့သည့် ရက်ပေါင်း ၂၀ အတွင်း၌ ဖြစ်ပေါ်သည့် ပျမ်းမျှမြန်မာကျပ်ငွေနှင့် အမေရိကန်တစ်ဒေါ်လာလဲလှယ်နှုန်းနှင့်နှိုင်းယှဉ်ခြင်း၊ ယင်းသို့ နှိုင်းယှဉ်ချက်အရ မြန်မာကျပ်ငွေတန်ဖိုးမြင့်တက်သည့် ရာခိုင်နှုန်းသည် ချမှတ်ထားသည့် စည်းမျဉ်းများအရ သတ်မှတ်ချက်ထက် ကျော်လွန်လျှင် နိုင်ငံခြားငွေ (ဒေါ်လာ) ဝယ်ယူရန် စျေးပြိုင်လေလံကို ဖွင့်လှစ်ဆောင်ရွက်ခြင်း၊ စျေးပြိုင်လေလံတွင် ဗဟိုဘဏ်က ကြေညာထားသည့် အမြင့်ဆုံးလဲလှယ်နှုန်းနှင့် အနိမ့်ဆုံးလဲလှယ်နှုန်းအကြား AD ဘဏ်များက တင်ပြသည့် နိုင်ငံခြားငွေ ဝယ်ယူရန်၊ ရောင်းချရန် တင်ပြချက်များကို Refinitiv (ယခင် Thomson Reuters) ၏ လေလံအရောင်းအဝယ်စနစ်ကို အသုံးပြု၍ ဗဟိုဘဏ်က ဝယ်ယူ၊ရောင်းချခြင်း ဖြစ်သည်။ ကာလတိုအတွင်း နိုင်ငံခြားငွေလဲလှယ်နှုန်း အတက်၊ အကျ ကြီးမားခြင်းကို လျော့နည်းစေရန် ဖြစ်သည်။

ဓာတ်ငွေ့စျေးနှုန်းမြင့်တက်နေသဖြင့် LNG ဓာတ်အားပေးစက်ရုံများ၏  ထုတ်လုပ်မှု မဂ္ဂါဝပ် ၇၀၀ ခန့် ရပ်တန့်ထားရ

ဓာတ်ငွေ့စျေးနှုန်းမြင့်တက်နေသဖြင့် LNG ဓာတ်အားပေးစက်ရုံများ၏ထုတ်လုပ်မှု ၇၅၀ မဂ္ဂါဝပ်ခန့် ရပ်တန့်ထားရခြင်းကြောင့် ဓာတ်အား ၉၇၀ မဂ္ဂါဝပ်ခန့်လျော့နည်းနေပြီး ဝန်အားထိန်းညှိခြင်းများ ဆက်လက်ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာ နမှ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ ၅ ရက်တွင် ပုံမှန်အခြေအနေထက် လျှပ်စစ်ဓာတ်အားထုတ်လုပ်ဖြန့်ဖြူးနိုင်မှု ၁၄၇၀ မဂ္ဂါဝပ်ခန့် လျော့နည်းနေသဖြင့် ဝန်အားထိန်းညှိမှုအရ အချို့သောနေရာများတွင် ဝန်အားလျှော့ချရခြင်းများအပေါ် ပြည်သူလူထုအနေဖြင့် အဆင်မပြေမှုများရှိပါက နားလည်ပေးနိုင်ပါရန်နှင့် လိုအပ်လျက်ရှိသော လျှပ်စစ်ဓာတ်အားကို အမြန်ဖြည့်ဆည်းပေးနိုင်ရေးအတွက် စီမံကိန်းသစ်များကိုလည်း ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်းကို နိုင်ငံတော်ဓာတ်အားစနစ်အတွင်း လျှပ်စစ်ဓာတ်အားထုတ်လုပ်လျက်ရှိသော စက်ရုံကြီးများ၏ ဓာတ်အားထုတ်လုပ်နိုင်မှုလျော့နည်းလာသည့် အခြေအနေနှင့်စပ်လျဉ်း၍အများပြည်သူသို့ ပန်ကြားချက်ဖြင့် အသိပေးပန်ကြားခဲ့ပြီးဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဆက်လက်ပြီး ရတနာကမ်းလွန် စီမံကိန်း ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများမှာ ဆောင်ရွက်ခဲ့ပြီးဖြစ်သဖြင့် သဘာဝဓာတ်ငွေ့သုံးဓာတ်အားပေး စက်ရုံများမှ မဂ္ဂါဝပ် ၅၄၀ ခန့် ပြန်လည်ထုတ်လုပ်နိုင်ပြီ ဖြစ်သော်လည်း ဇန်နဝါရီ ၃ ရက်တွင်လေးကြိမ်မြောက် ဖျက်ဆီးခြင်း ခံခဲ့ရသော၂၃၀ ကေဗွီဘီလူးချောင်း(၂)-ရွှေမြို့ဓာတ်အားလိုင်းနှင့် ဒီဇင်ဘာ ၁၈ ရက်တွင် လေးကြိမ်မြောက် ဖျက်ဆီးခြင်းခံခဲ့ရသော ၂၃၀ ကေဗွီဘီလူးချောင်း (၂)- တောင်ငူဓာတ်အားလိုင်းတို့ကို လုံခြုံရေးရယူ၍ ပြန်လည်ပြုပြင်နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

ဇန်နဝါရီ ၉ ရက်တွင် ၁၃၂ ကေဗွီဘီလူးချောင်း(၂)- တီကျစ်ဓာတ် အားလိုင်းသည် နှစ်ကြိမ်မြောက် တာဝါတိုင်များ ထပ်မံဖျက်ဆီးခံခဲ့ရသဖြင့် ဘီလူးချောင်းရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံမှ ထွက်ရှိသည့် လျှပ်စစ်ဓာတ်အား ၂၂၀ မဂ္ဂါဝပ်ခန့်ကို နိုင်ငံတော်ဓာတ်အားစနစ်သို့ ပို့လွှတ်နိုင်ခြင်းမရှိဘဲ ဓာတ်အား ပြတ်တောက်လျက်ရှိကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

ယင်းအပြင် ဓာတ်ငွေ့စျေးနှုန်း မြင့်တက်နေသဖြင့် LNG ဓာတ်အားပေးစက်ရုံများ၏ ထုတ်လုပ်မှု ၇၅၀ မဂ္ဂါဝပ်ခန့်မှာ ရပ်တန့်ထားရခြင်းကြောင့် စုစုပေါင်းဓာတ်အား ၉၇၀ မဂ္ဂါဝပ်ခန့်မှာ ဆက်လက်လျော့နည်းနေပြီး ဝန်အားထိန်းညှိခြင်းများ ဆက်လက်ဆောင်ရွက်သွားရမည် ဖြစ်ကြောင်း သိရသည်။

သို့ဖြစ်ပါ၍ လျော့နည်းသွားသော လျှပ်စစ်ဓာတ်အားထုတ်လုပ်မှု ၉၇၀ မဂ္ဂါဝပ်ခန့်အတွက် ဝန်အားထိန်းညှိမှုအရ အချို့သောနေရာများတွင် ဓာတ်အားသုံးစွဲမှုများပြားသော နံနက် ၇ နာရီမှ နေ့လယ် ၁၁ နာရီအတွင်းနှင့် ညအချိန် ၁၇ နာရီမှ ၁၉ နာရီအချိန်အတွင်း ဝန်အားလျှော့ချရခြင်းများကို ဆက်လက်ဆောင်ရွက် သွားရမည်ဖြစ်ကြောင်း၊ ပြည်သူလူထုအနေဖြင့် အဆင်မပြေမှုများရှိပါက နားလည်ပေးနိုင်ပါရန်နှင့် ပျက်စီးသွားသော တာဝါတိုင်များအား အမြန်ဆုံးပြင်ဆင်နိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိသလို လိုအပ်လျက်ရှိသော လျှပ်စစ်ဓာတ်အားကို အမြန်ဖြည့်ဆည်းပေးနိုင်ရေးအတွက် စီမံကိန်းသစ်များကိုလည်း ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Most Read

Most Recent