မျိုးရိုးဗီဇပြောင်း ကိုဗစ်မျိုးကွဲ ဗိုင်းရပ်စ်များ၏ရန်ကို ကမ္ဘာ့အသီးသီးနိုင်ငံက ရင်ဆိုင်ကြုံတွေ့ခဲ့ပြီးနောက် နိုင်ငံအလိုက် ကူးစက်ပျံ့နှံမှုများ ကျဆင်းလာချိန်တွင် အာဖရိတိုက်၌ စတင်တွေ့ရှိခဲ့သည့် ဗီဇပြောင်း အိုမီခရွန်ဗိုင်းရပ်စ်က ကမ္ဘာကြီးကို တစ်ကျော့ပြန် ခြိမ်းခြောက်လာခဲ့သည်။
၂၀၂၁ ခုနှစ် နိုဝင်ဘာ ၂၄ ရက်က တောင်အာဖရိကတွင် Omicron ဗိုင်းရပ်စ်မျိုးကွဲကူးစက်မှုကို ပထမဆုံးတွေ့ရှိခဲ့ပြီးနောက် ဥပရောတိုက်အပါအဝင် နိုင်ငံအနှံ့အပြား လျင်မြန်စွာ ကူးစက်ပျ့ံနှံ့ခဲ့သည်။
ထို့ကြောင့် COVID-19 နှင့်ပတ်သက်ပြီး ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က သတ်မှတ်ထားသည့် စိုးရိမ်စရာမျိုးကွဲ (Variant of Concern) ငါးခုရှိလာခဲ့ပြီး Delta ၊ Alpha ၊ Gammar ၊ Beta နှင့် Omicron ဗိုင်းရပ်စ်ဟူ၍ သတ်မှတ်ထားသည်။
Omicron ဗိုင်းရပ်စ်မျိုးကွဲသည် အခြားဗိုင်းရပ်စ်မျိုးကွဲများထက် ကူးစက်နိုင်သည့်အန္တရာယ် ပိုမိုမြင့်မားပုံပေါ်သည်ဟု WHO က ပြောကြားသည်။
ကမ္ဘာ့နိုင်ငံများသို့ အိုမီခရွန် ကူးစက်ပျံ့နှံ့လာမှု
အိုမီခရွန်ဗိုင်းရပ်စ် တွေ့ရှိပြီးနောက် ယင်းဗိုင်းရပ်စ် ရောက်ရှိကူးစက်မှုကို အတည်ပြုခဲ့သည့် နိုင်ငံများတွင် နေ့အလိုက် ရောဂါပိုးတွေ့ရှိမှုမှာ တရိပ်ရိပ်မြင့်တက်လာခဲ့သည်။
ယင်းဗိုင်းရပ်စ်ကူးစက်ခံရသည့်နိုင်ငံများမှ ခရီးသွားများကို ကူးစက်ခံမှုမရှိသေးသည့် နိုင်ငံများက အကန့်အသတ်များဖြင့် ဝင်ရောက်ခွင့်ပြုခဲ့ရာမှ ပြည်တွင်းကူးစက်မှုများဖြစ်ပွားသော နိုင်ငံအထိ ရှိလာခဲ့သည်။
ကမ္ဘာ့နိုင်ငံများတွင် ကိုဗစ်ရောဂါကူး စက်ခံရမှုစာရင်းအရ အိုမီခရွန်ဗိုင်းရပ်စ် မတွေ့ရှိခင်အချိန်အထိ နေ့အလိုက်ကူးစက်မှုမှာ လူဦးရေ သုံးသိန်းမှ ငါးသိန်းဝန်းကျင်သာ တွေ့ရှိသည်။
အိုမီခရွန်ဗိုင်းရပ်စ်ဖြစ်ပွားပြီးနောက် ကမ္ဘာ့နိုင်ငံများ၏ နေ့အလိုက်ပိုးတွေ့ရှိမှုမှာ ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၁၅ ရက်မှစ၍ ငါးသိန်းမှ ရှစ်သိန်းအထိ မြင့်တက်လာသည်။ ထို့နောက် ယခုနှစ် ဇန်နဝါရီတွင် ပိုးတွေ့ရှိသူဦးရေမှာ နေ့အလိုက် ၁၅ သိန်းမှ ၃၂ သိန်းကျော်အထိ မြင့်တက်လာသည်ကို Worldometer ၏ အချက်အလက်များ သိရသည်။
တရုတ်နိုင်ငံ၏ ဆိပ်ကမ်းမြို့တစ်မြို့ ဖြစ်သော တီယန်ကျင်းတွင် အိုမီခရွန်ဗိုင်းရပ်ကူးစက်ခံမှု မြင့်တက်လျက်ရှိကြောင်း ဇန်နဝါရီ ၁၃ ရက်တွင် အာဏာပိုင်များက ထုတ်ပြန်ခဲ့သည်။ ယင်းမြို့တွင် အလွန်ကူးစက်မြန်သည့် အိုမီခရွန်မျိုးကွဲဗိုင်းရပ်စ်ကူးစက်မှုကို ထိန်းချုပ်ရန် အရှိန်မြှင့် လုပ်ဆောင်နေရပြီး လက်ရှိတွင် နောက်ထပ်မြို့တစ်မြို့သို့လည်း အိုမီခရွန်ဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့သွားခဲ့ပြီဖြစ်သည်။
အိုမီခရွန် မျိုးကွဲဗိုင်းရပ်စ်သည် ပြည်တွင်း၌ ရောဂါကူးစက်ပျံ့နှံ့မှုများကို အလျင်အမြန်ထိန်းချုပ်ရန် ကြိုးပမ်းနေသည့် တရုတ်၏မဟာဗျူဟာအတွက် လတ်တလောတွင် စိန်ခေါ်မှုတစ်ရပ် ဖြစ်လာခဲ့သည်။
အလားတူ အရှေ့တောင်အာရှဒေသတွင်း နိုင်ငံတစ်ခုဖြစ်သည့် ဖိလစ်ပိုင်နိုင်ငံတွင် ဇန်နဝါရီ ၈ ရက်က COVID-19 ကူးစက်ခံရသူ သစ်၂၆၄၅၈ ဦးတွေ့ရှိခဲ့ပြီး ယင်းသည် နေ့အလိုက်ကူးစက်ခံရသူအများဆုံးအဖြစ် စံချိန်တင်ခဲ့သည်ဟု ဖိလစ်ပိုင် ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။
နိုင်ငံအတွင်း ကိုရိုနာဗိုင်းရပ်စ်မျိုးကွဲ အိုမီခရွန်ကြောင့် ရောဂါကူးစက်မှုများ မြင့်တက်နေမှုကို ထိန်းချုပ်ရန် ကြိုးပမ်းသည့်အနေဖြင့် ကာကွယ်ဆေး ထိုးနှံမထားသူများကို နေအိမ်အတွင်း၌သာ နေထိုင်ရန်နှင့် စည်းကမ်းချက်ကို ချိုးဖောက်ပြီး အိမ်အပြင်ထွက်ပါက ၎င်းတို့ကို ဖမ်းဆီးရန် ဖိလစ်ပိုင်သမ္မတ ဒူတာတေးက ဇန်နဝါရီ ၆ ရက်တွင် အမိန့်ထုတ်ပြန်ခဲ့ပြီး ဖိလစ်ပိုင်အစိုးရသည် မနီလာမြို့တော်အပါအဝင် ပြည်နယ်နှင့် မြို့အချို့တွင် ကပ်ရောဂါဆိုင်ရာ တားမြစ်ကန့်သတ်ချက်များကို တင်းကျပ်ခဲ့သည်။
ဖိလစ်ပိုင်တွင် ဇန်နဝါရီလအတွင်း နေ့အလိုက် ရောဂါကူးစက်မှုများသည် နှစ်လအတွင်း အမြင့်ဆုံးသို့ ရောက်ရှိလာခဲ့ပြီး အလွန်ကူးစက်မြန်သည့် အိုမီခရွန်ဗိုင်းရပ်စ် မျိုးကွဲ ပြည်တွင်းကူးစက်မှုများပါ တွေ့ရှိလာသည့်အတွက် လာမည့်ရက်ပိုင်းအတွင်း ကူးစက်သူ ပိုများလာနိုင်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ပြီးခဲ့သည့် သီတင်းပတ်တွင် သတိပေးပြောကြားခဲ့သည်။
ဥရောပရှိ လူဦးရေ ထက်ဝက်ကျော်သည် လာမည့်နှစ်လအတွင်း အိုမီခရွန်မျိုးကွဲ ကူးစက်ခံရနိုင်သည့် လမ်းကြောင်းပေါ်တွင် ရောက်ရှိနေသည်ဟု WHO က ဇန်နဝါရီ ၁၁ ရက် အစောပိုင်း ပြောကြားခဲ့သည်။
သို့သော်လည်း အိုမီခရွန် မျိုးကွဲဗိုင်းရပ်စ်သည်လက်ရှိအချိန်တွင် ကပ်ရောဂါတစ်ခုအဖြစ် ဆက်လက်တည်ရှိနေသေးသော်လည်း ယင်းမျိုးကွဲဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုသည် COVID-19 အား ကပ်ရောဂါအဆင့်မှ လွန်မြောက်ရန် တွန်းအားပေးနေပြီး လူသားများအနေဖြင့် ၎င်းနှင့် အတူယှဉ်တွဲနေထိုင်နိုင်မည်ဟု ဥရောပသမဂ္ဂ၏ဆေးဝါးစောင့်ကြည့်ရေးအဖွဲ့က ဇန်နဝါရီ ၁၁ ရက်တွင် ထုတ်ပြန်ခဲ့သည်။
COVID-19 ထပ်တိုးကာကွယ်ဆေးများ ထပ်တလဲလဲထိုးနှံပေးနေခြင်းသည် သင့်လျော်သည့် မဟာဗျူဟာတစ်ရပ်မဟုတ်ဟု ဥရောပဆေးဝါးအေဂျင်စီ (EMA) က ပြောကြားခဲ့ပြီး ပြည်သူများကို ကာကွယ်ဆေးစတုတ္ထတစ်လုံး ထိုးနှံပေးနေမှုအပေါ် သံသယဖြစ်နေကြောင်းကို ဖော်ပြခဲ့သည်။
အိုမီခရွန်မျိုးကွဲဗိုင်းရပ်စ်သည် အလွန်ကူးစက်မြန်သော်လည်း ဒယ်တာမျိုးကွဲဗိုင်းရပ်စ်နှင့်နှိုင်းယှဉ်လျှင် ဆေးရုံတက်ရောက်ကုသရသည့် အခြေအနေမှာ သုံးပုံတစ်ပုံနှင့် ထက်ဝက်ကြားတွင်ရှိသည်ဟု EMA ၏ လေ့လာတွေ့ရှိချက်တွင် အတည်ပြုထားသည်။
မြန်မာနိုင်ငံကို ခြိမ်းခြောက်စပြုလာသော အိုမီခရွန်
မြန်မာနိုင်ငံတွင် ကိုဗစ်တတိယလှိုင်းဒဏ်ကို ပြင်းထန်စွာခံစားရပြီးနောက် နေ့အလိုက် ရောဂါပိုးကူးစက်ခံရသူ သိသိသာသာ လျော့ကျချိန်တွင် ကမ္ဘာ့နိုင်ငံအနှံအပြားတွင် အလွန်လျင်မြန်စွာ ကူးစက်သည့် အိုမီခရွန်ဗိုင်းရပ်စ်က ကူးစက်ပျံ့နှံ့လာခဲ့သည်။
မြန်မာနိုင်ငံတွင် COVID-19 နှင့်ပတ်သက်ပြီး အခြားနိုင်ငံများနည်းတူ ကြုံတွေ့ခံစားခဲ့ရပြီး ဒယ်တာဗိုင်းရပ်စ်ကြောင့် တတိယလှိုင်းဖြစ်ပေါ်ရာတွင် ကူးစက်ခံရသူများနှင့် သေဆုံးသူများစွာရှိခဲ့သည်။
လက်ရှိတွင် မြန်မာနိုင်ငံ၌ ကိုဗစ်ကာကွယ်ဆေးများ ထိုးနှံလာနိုင်မှုနှင့် ရောဂါကူးစက်ခံရမှု လျော့ကျလာသဖြင့် ကိုဗစ်တတိယလှိုင်းကို အတိုင်းအတာတစ်ခုအထိ ထိန်းချုပ်ဟန့်တားလာနိုင်ခဲ့သည်။
မြန်မာနိုင်ငံတွင် COVID-19 ရောဂါ ပထမလှိုင်းစတင်ဖြစ်ပွားမှုတွင် လေကြောင်းမှတစ်ဆင့် ဝင်ရောက် ခဲ့ခြင်းနှင့် ဖြစ်ပွားမှုများပြားခဲ့သည့် ဒုတိယလှိုင်းနှင့် တတိယလှိုင်းကို နယ်စပ်ဝင်ပေါက် ထွက်ပေါက်များမှ တစ်ဆင့် စတင်ခဲ့ခြင်းဖြစ်သည်။
လက်ရှိတွင် မြန်မာနိုင်ငံသို့ ပြည်ပနိုင်ငံများမှ ကယ်ဆယ်ရေးလေယာဉ်များဖြင့် ဝင်ရောက်လာသူများအနက် ဇန်နဝါရီ ၁၅ ရက်အထိ အိုမီခရွန်ရောဂါပိုးတွေ့ရှိထားသူ ၆၆ ဦးရှိပြီဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ သိရသည်။
မြန်မာနိုင်ငံတွင် အိုမီခရွန် တွေ့ရှိမှုအနေဖြင့်၂၀၂၁ ခုနှစ် ဒီဇင်ဘာ၂၈ ရက်တွင် ယူအေအီးနိုင်ငံမှ ပြန်လည်ရောက်ရှိလာသူ မြန်မာနိုင်ငံသား လေးဦး၊ ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၇ ရက်တွင် ကယ်ဆယ်ရေး လေယာဉ်ဖြင့် ပြန်လည်ရောက်ရှိလာသူ စုစုပေါင်း ၁၂ ဦး၊ ဇန်နဝါရီ ၉ ရက်တွင် အိန္ဒိယနိုင်ငံမှ ပြန်လည်ရောက်ရှိလာသူ မြန်မာနိုင်ငံသား သုံးဦး၊ ဇန်နဝါရီ ၁၂ ရက်တွင် အိန္ဒိယနိုင်ငံမှ ပြန်လည်ရောက်ရှိလာသူ မြန်မာနိုင်ငံသား နှစ်ဦး၊ ဇန်နဝါရီ ၁၃ ရက်တွင် စုစုပေါင်း ၄၂ ဦး၊ ဇန်နဝါရီ ၁၄ရက်တွင် သုံးဦး စုစုပေါင်း အိုမီခရွန် ဗီဇပြောင်းပိုးတွေ့ရှိမှု စုစုပေါင်း ၆၆ ဦး ရှိလာခဲ့သည်။
အိုမီခရွန်ရောဂါပိုး တွေ့ရှိသူများအား COVID-19 ကုသရေးစင်တာများနှင့် သတ်မှတ်ဆေးရုံကြီးများတွင် သီးသန့်ထားရှိကာ အထူးကုသစောင့်ရှောက်မှုများ ဆောင်ရွက်လျက်ရှိပြီး ၎င်းတို့နှင့် လေကြောင်းခရီးစဉ်တွင် အတူလိုက်ပါလာသည့် ခရီးသည်များအား အသွားအလာ ကန့်သတ်ခြင်းနှင့် ဓာတ်ခွဲစမ်းသပ်စစ်ဆေးမှုများအား ဆောင်ရွက်လျက်ရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
ထို့ကြောင့် လေကြောင်းမှတစ်ဆင့် ဝင်ရောက်လာသူများနှင့် နယ်စပ် ဝင်၊ထွက်ပေါက်များမှ ဝင်ရောက်လာသူများထံမှ ရောဂါကူးစက် ပျံ့နှံ့ခြင်း မရှိစေရန် အဆိုပါနေရာများတွင် ရောဂါကာကွယ်၊ ထိန်းချုပ်ရေး လုပ်ငန်းများနှင့် COVID-19 ရောဂါပိုး မျိုးဗီဇစောင့်ကြပ်ကြည့်ရှုခြင်း လုပ်ငန်းများကို အလေးပေးဆောင်ရွက်ရမည်ဖြစ်သည်။
လက်ရှိတွင် Omicron စတင်ဖြစ်ပွားခဲ့သည့် နိုင်ငံများနှင့် ကူးစက်မှုဖြစ်ပွားနေသည့် နိုင်ငံများမှ လာရောက်သူများအား ခရီးသွားလာခွင့်ပိတ်ပင်ခြင်း (သို့မဟုတ်) အသွားအလာကန့်သတ်ချိန်တိုးမြှင့် ထားရှိခြင်းနှင့် COVID-19 ရောဂါပိုး ရှိ မရှိ RT-PCR ဖြင့် အကြိမ်တိုးမြှင့် စစ်ဆေးခြင်းဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ ထို့အတူ နယ်စပ်ဒေသများတွင် စနစ်တကျ ကွာရန်တင်းဝင်ရောက်ခြင်းနှင့် RT-PCR ဖြင့် ဓာတ်ခွဲစစ်ဆေးခြင်းကို စနစ်တကျဆောင်ရွက်ရမည်ဖြစ်ပြီး RT-PCR အဖြေ Negative ဖြစ်မှသာ မြန်မာနိုင်ငံ အတွင်းရှိ သက်ဆိုင်ရာဒေသများသို့ စနစ်တကျပို့ဆောင်ရမည်ဖြစ်ကြောင်းနှင့် RT-PCR စက်များကိုလည်း မြဝတီမြို့၊ မူဆယ်မြို့နှင့် ကျိုင်းတုံမြို့တို့တွင် တပ်ဆင်ထားသကဲ့သို့ အခြားနယ်စပ်မြို့များတွင် ဆက်လက်တိုးချဲ့တပ်ဆင်သွားမည် ဖြစ်ကြောင်းနှင့် အခြားနိုင်ငံများမှ မြန်မာနိုင်ငံသို့ ဝင်ရောက်ကူးစက်ခြင်းဖြစ်သဖြင့် ပြည်ပမှ ဝင်ရောက်လာသူများမှတစ်ဆင့် နိုင်ငံအတွင်းသို့ ရောဂါပိုးမရောက်ရှိစေရေး၊ တစ်နည်းအားဖြင့် အခြားနိုင်ငံများမှ ရောဂါပိုးဝင်ရောက်မှုကို အချိန်အတိုင်းအတာ တစ်ခုအထိ ကာကွယ်နိုင်ရေးအတွက် ပြည်ပမှ ဝင်ရောက်လာသူများအား သတ်မှတ်ထားသော ဟိုတယ်များ၊ ကွာရန်တင်းစင်တာများတွင် အသွားအလာကန့်သတ်၍ စောင့်ကြပ်ကြည့်ရှုပြီး သတ်မှတ်ထားသော အကြိမ်ရေနှင့်အညီ ဓာတ်ခွဲစစ်ဆေးပြီးမှသာ ၎င်းတို့နေအိမ်များသို့ ပြန်ခွင့်ပြုလျက်ရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ သိရသည်။
သို့သော်လည်း ဒယ်တာဗိုင်းရပ်စ်ထက် ကူးစက်မှုမြန်ဆန်သည့် Omicron ဗိုင်းရပ်စ်သည် အရှေ့တောင်အာရှအပါအဝင် အိမ်နီးချင်းနိုင်ငံများအပါအဝင် မြန်မာနိုင်ငံတွင် တွေ့ရှိလာရသည့်အတွက် နောက်ထပ်လှိုင်းကို ခြိမ်းခြောက်စ ပြုလာသည့် အနေအထားတွင် ရောဂါပိုးကူးစက်ပျ့ံနှံမှု မရှိစေရန် အထူးအရေးကြီး ဆောင်ရွက်ရမည် ဖြစ်သည်။
အိုမီခရွန်ဗီဇပြောင်း COVID-19 ရောဂါပိုးနှင့် ပတ်သက်၍ ပြည်သူများအနေဖြင့် အလွန်အမင်း စိုးရိမ်ကြောင့်ကြခြင်းမပြုဘဲ တစ်ဦးချင်း ရောဂါကာကွယ်ရေး အခြေခံစည်းမျဉ်းစည်းကမ်းများကို တိကျစွာလိုက်နာခြင်း၊ သံသယရောဂါလက္ခဏာရှိသူများအနေဖြင့် နီးစပ်ရာ ကျန်းမာရေးဌာနသို့ ချက်ချင်းသတင်းပေးပို့ခြင်း၊ အလှည့်ကျ ရရှိလာသည့် ကိုဗစ်ရောဂါကာကွယ်ဆေးထိုးနှံမှု မပျက်မကွက် အကြိမ်ပြည့်ခံယူခြင်းနှင့် ကာကွယ်ဆေးထိုးရန် ကျန်ရှိသူများကို ကာကွယ်ဆေးထိုးနှံပေးနိုင်ရန်အတွက် ပူးပေါင်းပါဝင် ဆောင်ရွက်ပေးကြရန် ကျန်းမာရေးဝန်ကြီးဌာန တိုက်တွန်းထားသည်။
လက်ရှိရောဂါပိုးတွေ့ရှိမှုနှုန်းနှင့် ကာကွယ်ဆေးလွှမ်းခြုံမှု အနေအထား
လက်ရှိမြန်မာနိုင်ငံတွင် ကိုဗစ် တတိယလှိုင်းအဆုံးသတ်ကို ရောက်ရှိနေသည့်အနေအထားရှိပြီး ရောဂါပိုးတွေ့ရှိမှုအခြေအနေမှာလည်း သိသိသာသာလျော့ကျလာခဲ့သည်။
ပြီးခဲ့သည့်နှစ် နိုဝင်ဘာတွင် ရောဂါပိုး စစ်ဆေးနိုင်မှု အခြေအနေအရ ပိုးတွေ့ရှိမှုမှာ ပထမအပတ်မှ စတင်ကာ ငါးရာခိုင်နှုန်း အောက်လျော့ကျခဲ့ပြီး ဒုတိယပတ်၊ တတိယပတ်နှင့် နောက်ဆုံးပတ်အထိ ပိုးတွေ့ရှိမှု သိသိသာသာ လျော့ကျကာ နိုဝင်ဘာ ၁၈ ရက်နောက်ပိုင်းတွင် ပိုးတွေ့ရှိမှုအနေဖြင့် နှစ်ရာခိုင်နှုန်းဝန်းကျင်အထိ လျော့ကျသွားခဲ့သည်။
နိုဝင်ဘာလအတွင်း၌ သေဆုံးသူအနေဖြင့် လူဦးရေ ၂၀ လျော့ကျခဲ့ပြီး နိုဝင်ဘာ ၁ ရက်မှ နိုဝင်ဘာ ၃၀ ရက်အထိ တစ်လအတွင်း သေဆုံးသူ စုစုပေါင်း ၄၀၇ ဦး ရှိခဲ့သည်။
အလားတူ ဒီဇင်ဘာလအတွင်း ပိုးတွေ့ရှိမှုမှာ သိသိသာသာလျော့ကျခဲ့ပြီး နေ့စဉ်ပျှမ်းမျှအားဖြင့် ပိုးတွေ့ရှိမှု နှစ်ရာခိုင်နှုန်းနှင့်အောက်အထိ လျော့ကျခဲ့သည်။
ဒီဇင်ဘာလအတွင်း သေဆုံးသူအနေဖြင့် နေ့စဉ်သေဆုံးသူ ကိုးဦးမှ သုံးဦးအတွင်း သေဆုံးခဲ့ပြီး စုစုပေါင်း ၁၆၂ ဦး ရှိခဲ့သည်။
၂၀၂၂ ခုနှစ် ဇန်နဝါရီလ နှစ်ပတ်အတွင်း ရောဂါပိုးတွေ့ရှိမှုနှုန်းမှာ တစ်ရာခိုင်နှုန်းကျော်ရှိပြီး သေဆုံးသူ ၃၀ ကျော်အထိ သိသိသာသာ လျော့ကျနေသည်။
မြန်မာနိုင်ငံ၌ ဇန်နဝါရီ ၁၁ ရက်အထိ COVID-19 ကာကွယ်ဆေးထိုးနှံပြီးသူ စုစုပေါင်း၂၁ သန်းကျော်ရှိကြောင်း သိရသည်။
မြန်မာနိုင်ငံတွင်ကာကွယ်ဆေးများကို ဦးတည်ဦးစားအုပ်စားပေးအလိုက် ထိုးနှံပေးလျက်ရှိရာ ဇန်နဝါရီ ၁၁ ရက်အထိ ကာကွယ်ဆေး နှစ်ကြိမ်ပြည့် ထိုးနှံပြီးစီးသည့် လူဦးရေ ၁၆၉၉၆၈၀၈ (၁၆ ဒသမ ၉၉ သန်း)၊ တစ်ကြိမ်ထိုးနှံပြီးစီးသည့် လူဦးရေ ၄၁၆၂၄၂၅ (၄ ဒသမ ၁၆ သန်း)၊ ထိုးနှံပြီးစီးသည့် လူဦးရေ စုစုပေါင်း ၂၁၁၅၉၂၃၃ (၂၁ ဒသမ ၁၅ သန်း) နှင့် ကာကွယ်ဆေးအကြိမ်ရေ စုစုပေါင်း ၃၈ သန်းကျော်ရှိကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် ရည်မှန်းလူဦးရေ၏ အားလုံး၏ ၅၁ ရာခိုင်နှုန်းကျော် COVID-19 ရောဂါကာ ကွယ်ဆေးထိုးနှံပြီးဖြစ်ပြီး ယခုနှစ်တွင်လည်း ကာကွယ်ဆေးလွှမ်းခြုံမှု ပိုမိုကောင်းမွန်ရန် သတ်မှတ်ဦးတည် အုပ်စုများအလိုက် ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ သိရသည်။
ကာကွယ်ဆေးများကို ယခင် အသက် ၆၅ နှစ်အထက် အသက်အရွယ်များ စတင်ထိုးနှံခဲ့ရာမှ အသက်အရွယ်များ လျှော့ချသတ်မှတ်ခဲ့ပြီး အသက် ၅၅ နှစ်အထက်အသက်အရွယ်များ၊ အောက်တိုဘာ ၁၇ ရက်မှစ၍ ၄၅ နှစ်အထက်အရွယ်များနှင့် နိုဝင်ဘာ ၉ ရက်မှစ၍ အသက် ၄၀ နှစ်နှင့်အထက်များကို စတင်ထိုးနှံပေးခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ သိရသည်။
မြန်မာနိုင်ငံအပါအဝင် နိုင်ငံအသီးသီးတွင် ကိုဗစ်ရောဂါဒဏ်ကြောင့် စီးပွားရေး၊လူမှုရေး၊ ပညာရေး အလူးအလဲခံစားခဲ့ကြသည်။ လက်ရှိကူးစက်နေသည့် အိုမီခရွန်ပိုးကြောင့် နိုင်ငံအသီးသီးတွင် ကျန်းမာရေးကဏ္ဍကို ရိုက်ခတ်လျက်ရှိနေပြီး မြန်မာနိုင်ငံတွင် နောက်ထပ်လှိုင်း မဖြစ်စေရန်အတွက် ပြည်သူများ အနေဖြင့် ကိုဗစ်ကာကွယ်ဆေးထိုးနှံခြင်းနှင့် ရောဂါကာကွယ်ရေးနည်းလမး်များကို ဆက်လက်ဆောင်ရွက်ရမည် ဖြစ်သည်။










