ယခုစီးပွားရေးကပ်ကို ငွေကြေး ဂိုဏ်းနှင့် ဘဏ္ဍာရေးဂိုဏ်းပညာရှင်များ၊ မိမိ၏ အာသီသပါ သီအိုရီအခံဖြင့် ဓားခုတ်ဖြေရှင်းရမည့် အချိန်မဟုတ်။ စီးပွားရေးကျဆင်းခြင်း၏ သက်ရောက်မှု၊ အလုပ်လက်မဲ့ မြင့်တက်၊ ဝယ်လိုအားများ ထိုးကျ၊ လုပ်ငန်းများရပ်ဆိုင်း၊ စျေးကွက်ထဲ ငွေကျပ်မှု၊ ငွေဖောင်းပွမှုဖြစ်စဉ်များ တစ်သီကြီးကို လက်ပူတိုက်ချိတ်ဆက်ရမည့်အချိန် ကျရောက်နေပြီ။
ဘောဂဗေဒသမားနှစ်ယောက် ဆေးနည်းဖော်ပါက အဖြေသုံးမျိုး ထွက်သည်ဆိုသည်မှာ ထူးဆန်းသည်လည်းမဟုတ်။ ဘောဂဗေဒတွင် တစ်သဘောတည်း တူညီအဖြေထုတ်ထားသည့် စီးပွားရေးကုထုံးကို မတွေ့နိုင်ဆိုသည့် နိယာမကို မသိခြင်းသာ။ ဘဏ္ဍာရေးအားသန်သူက အသုံးစရိတ်များတိုးမြှင့်ခြင်း၊ လျှော့ချခြင်းနှင့် အခွန်အတုပ်လျှော့ချခြင်း၊ တိုးမြှင့်ခြင်း ဇောင်းပေးကုစားလိုသည့် ဘောဂဗေဒသမားရှိသကဲ့သို့ ငွေကြေးအားသန်သည့် ဘောဂဗေဒသမားက ငွေကြေးပမာဏ တိုးလိုခြင်း/ လျှော့လိုခြင်း၊ အတိုးနှုန်းချခြင်း/နိမ့်ခြင်း စတဲ့အာရုံရတဲ့ ကုထုံး မတူခြင်း၊ ဤသဘောတရားကို အဖြေသုံးမျိုးထွက်သည်ဟု သတ်မှတ်ခြင်းသာဖြစ်သည်။ တကယ်တော့ မည်သည့်ကုထုံးဖြစ်ဖြစ် စီးပွားရေး အကျပ်အတည်းကို အဖြေရှာခြင်းသာဖြစ်သည်။ ဘောဂဗေဒသမားများ၏ အားသန်ရာ သီအိုရီအခုအခံဖြင့် ဖြေရှင်းခြင်းကို အဖြေသုံးမျိုး ထွက်ခြင်းဟု နားမလည်သူက သတ်မှတ်ခြင်းသာဖြစ်သည်။
ယခုဆောင်းပါးမှာ ညွှန်းလိုသည်က ဘဏ္ဍာရေးပေါ်လစီလက်နက်နှစ်ခုဖြစ်သည့် (၁) အခွန်နှုန်း လျှော့ချနည်း၊ (၂) အသုံးစရိတ်တိုး မြှင့်သုံးစွဲတဲ့နည်းနှင့် ကုစားမည့် နည်းလမ်း အသုံးတည့် မတည့် ရှင်းပြလိုခြင်းသာ။ ကိုယ်သန်ရာသန်ရာ အဖြေထုတ်ခြင်းကြောင့် နည်းလမ်းကွဲပြားပါလိမ့်မည်။
အခွန်လျှော့ချနည်း
အခွန်လျှော့ချကောက်လိုက်ပါက လက်ထဲငွေပိုကျန်ပြီး ပိုသုံးကြမည်ဆိုသည့် ယူဆချက်မှနေ၍ ကုထုံးကို တွက်ချက်ကြည့်ရမည်။ ဝင်ငွေမှ အခွန်ပေးပြီးသည့်နောက် အသားတင် လက်ကျန်ငွေ၊ တစ်နည်း အိမ်ယူသွားသည့်ငွေ (Disposable Imcome) ထဲမှ လူတွေ ပိုသုံးကြမည်၊ ပိုဝယ်ခြမ်းကြမည်ဆိုသည့် ပေးထားချက်မှနေ၍ စဉ်းစားနည်းဖြစ်သည်။ အခွန်နည်းပါက နည်းသလောက် လူများ၏ စားသုံးမှု ပိုတိုးလာခြင်း၊ စုဆောင်းမှု ပိုလုပ်လာခြင်းဆိုသည့် အယူအဆဖြစ်သည်။ လူတစ်ဦးချင်း ပိုလျှံငွေ ပိုသုံးလိုက်သည့်အခါ (လူအားလုံး ပိုလျှံငွေသုံးစွဲမှု) ဖြစ်လာပြီး တစ်ဦးချင်းပေါင်းလိုက်ပါက စုစုပေါင်းသုံးစွဲမှု ဖြစ်လာသည်။ (ဘောဂဗေဒတွင် စုစုပေါင်းက အရေးကြီးသည်။ စုစုပေါင်းကပဲ စကားပြောသည်)။ စုစုပေါင်း သုံးစွဲမှု၊ စုစုပေါင်းဝယ်လိုအား Aggreagitve Demand တိုးလာခြင်းကို စုစုပေါင်းဝယ်လိုအားတက်သည်ဟု သတ်မှတ်သည်။ တစ်ဦးချင်း ပိုသုံးမှုက Impact မဖြစ်သော်လည်း လူများ ပိုလျှံသုံးလာမှုဖြစ်လာလျှင် စီးပွားရေးကို ကောင်းကျိုးဖြစ်စေသည့် သီအီုရီပင် ဖြစ်သည်။
“ဥပမာဆိုကြပါစို့ လူတစ်ယောက်ဟာ အခွန်နှုန်းလျှော့ထားလို့ အခွန်ဆောင်ပြီးနောက်ပိုင်း လက်ကျန် မြန်မာကျပ်တစ်သိန်းရှိတယ် ယူဆကြရအောင်။ အသုံးရာခိုင်နှုန်း ၈၀ - စုဆောင်း ရာခိုင်နှုန်း ၂၀ နည်းနဲ့ တွက်ကြည့်ရအောင်။ ပထမလူက တစ်သိန်းထဲကနေ ရှစ်သောင်းကို သုံးလိုက်မယ်။ ကျန်တဲ့ နှစ်သောင်းကို စုလိုက်မယ်။ ဒုတိယလူက ပထမလူသုံးလိုက်တဲ့ ရှစ်သောင်းက ဒုတိယလူအတွက် ဝင်ငွေဖြစ်သွားတယ်။ အဲဒီဝင်ငွေထဲက ခြောက်သောင်းလေးထောင်ကို သုံးလိုက်မယ်။ ကျန်တဲ့ တစ်သောင်း ခြောက်ထောင် စုလိုက်မယ်။ ဒုတိယ လူသုံးလိုက်တဲ့ငွေဟာ တတိယလူရဲ့ ဝင်ငွေဖြစ်လာမယ်။ တတိယလူက ငါးသောင်းတစ်ထောင်နှစ်ရာ သုံးလိုက်မယ်။ ကျန်တဲ့ တစ်သောင်းနှစ် သုံးထောင့်ရှစ်ရာ စုလိုက်မယ်။ တတိယလူ သုံးတဲ့ငွေက စတုတ္ထလူ ဝင်ငွေဖြစ်လာတယ်။ စတုတ္ထလူက ရာခိုင်နှုန်း ၈၀ ဖြစ်တဲ့ လေးသောင်း ကိုးဆယ့်ခြောက်ကျပ်ကို သုံးလိုက်မယ်။ ကျန်ရာခိုင်နှုန်း ၂၀ ဖြစ်တဲ့ တစ်သောင်းနှစ်ဆယ့်လေးကျပ်ကို စုလိုက်မယ်။ အဲဒီလို အဆင့်ဆင့် သုံးသွားလိုက်တာဟာ ဇီးရိုးအဆင့်မှာ ရပ်သွားလိမ့်မယ်။ ဇီးရိုးအထိ ဖြစ်ပြီးရင် အဲဒီရာခိုင်နှုန်း ၈၀ တွေ ပေါင်း၊ ကျန်တဲ့ ရာခိုင်နှုန်း ၂၀ တွေ ပေါင်းလိုက်ရင် အဆများစွာ ထွက်လာတာကို တွေ့ပါလိမ့်မယ်။ ဒီဖြစ်စဉ်ဟာ အခွန်နှုန်းလျှော့ချလိုက်လို့ အဆများစွာတက်လာခြင်းကို ခေါ်တာဖြစ်ပါတယ်…”။
အခွန်လျှော့မှုကနည်းနည်း၊ ပိုရသည့်ငွေ အဆင့်ဆင့် ဆက်တိုက်ဆိုသလို ပိုပိုသုံးလိုက်သည့်ငွေပမာဏက ခပ်များများ။ ဒါကြောင့် အခွန်နှုန်းချလိုက်ခြင်းသည် လူများပို ပိုသုံးနိုင်ကြောင်း သက်သေပြသည့် ဆွဲဆောင်နည်းတစ်ခုဖြစ်သည့်အတွက် စီးပွားရေး အကျပ်အတည်းဖြစ်နေချိန်တွင် အခွန်လျှော့ချနည်းကို ဘောဂဗေဒသမားများက အကြံပေးခြင်းဖြစ်သည်။ အခွန်နှုန်းမြင့်ခြင်းသည် လူများသုံးစွဲမှု နည်းသွားတတ်သည့် သဘောလည်းရှိသလို အခွန်ရှောင်မှု၊ အဂတိသာ အဖတ်တင်တတ်သည်။
အသုံးစရိတ်တိုးနည်း
အစိုးရအနေဖြင့် အသုံးစရိတ် ပိုသုံးသည့်အတွက် ဖြစ်ပေါ်လာသော အကျိုးဖြစ်ထွန်းမှုဘက် လှည့်ရအောင်ပါ။ အသုံးစရိတ် ပိုသုံးသည့် အနှစ်သာရက အလုပ်လက်မဲ့လျှော့ချဖို့၊ အဲဒီအလုပ်အကိုင်တစ်ဆင့် ဝင်ငွေ ရရှိဖို့၊ အဲဒီဝင်ငွေကနေ အဆင့်ဆင့် သုံးစွဲခြင်းကြောင့် တစ်နိုင်ငံလုံး ဝင်ငွေတိုး၊ တစ်နိုင်ငံလုံး စားသုံးမှု တိုးတယ်ဆိုသည့် ဖန်ရှင်ကို သက်သေပြခြင်းဖြစ်သည်။ အစိုးရ သုံးစွဲလိုက်သည့် ငွေပမာဏထက် လူများ အဆင့်ဆင့်သုံးစွဲလိုက်သည့် ငွေပမာဏများလာမှု၊ ဖြစ်စေသည်ကို သချင်္ာအရ မြောက်ဖော်ကိန်း (Multiplier) ဟုလည်း ခေါ်သည်။
“...ဥပမာ ရာခိုင်နှုန်း ၈၀ - ရာခိုင်နှုန်း ၂၀ နဲ့ ဖော်ပြကြရအောင်။ အစိုးရဟာ စျေးကွက်ထဲကို ပရောဂျက်တစ်ခုဖန်တီးပြီး အသုံးစရိတ် ကျပ်သိန်း ၁၀၀ ပစ်ထည့်လိုက်တယ်။ စျေးကွက်ထဲနေတဲ့ ကန်ထရိုက်က သိန်း ၁၀၀ ကိုရသွားပြီ။ ရတဲ့သိန်း ၁ဝဝကို ဒီအတိုင်းထားလို့ မရပါဘူး။ သူမှာလည်း အသုံးစရိတ်တွေ ရှိပါတယ်။ သိန်း ၁၀၀ ရတဲ့ ကန်ထရိုက်က သိန်း ၈၀ သုံးပြီးစျေးကွက်ထဲ အဲဒီပိုက်ဆံ ပစ်ထည့်လိုက်မယ်။ သိန်း ၈၀ ရတဲ့ ဒုတိယလူက ၆၄ သိန်း ပြန်သုံးသွားမယ်ဆိုရင် တတိယလူက အဲဒီငွေကိုရသွားပြီ။ တတိယလူကလည်း ၅၁ သိန်း နှစ်သောင်း ပြန်သုံးရမှာဖြစ်တဲ့အတွက် စတုတ္ထ လူလက်ထဲ အဲဒီပိုက်ဆံဝင်သွားပြီ။ စတုတ္ထလူကလည်း ဝင်ငွေထဲက ရာခိုင်နှုန်း ၈၀ ပြန်သုံးပြန်ပြီ။ အဲဒီလို အဆင့်ဆင့်သုံးလိုက်တာဟာ နောက်ဆုံး ဇီးရိုးအထိ ရောက်သွားမှာဖြစ်ပါတယ်။ ဒီလိုအဆင့်ဆင့်ဖြစ်စဉ်တွေကို ဇယားနဲ့ပြမယ်ဆိုရင် အစိုးရ သိန်း ၁၀၀ ဟာ ဘယ်လောက်ဖြစ်သွားမလဲ ကြည့်ရအောင်..” ။(အောက်က ဇယားကွက်ကို ကြည့်ပါ)
ဒီဇယား၏ဖြစ်စဉ်များကိုကြည့်ပါက အစိုးရ သိန်း ၁၀၀ ထုတ်သုံး (Inject) လိုက်သော်လည်း လူများက အဆင့်ဆင့်ပြောင်းသုံးရာက သိန်း ၅၀၀ ဖြစ်သွားခြင်းကြောင့် မြှောက်ကိန်းဟာ ငါးဖြစ်တယ်ဆိုတဲ့ တွက်နည်းအရ အစိုးရဘတ်ဂျက်တိုး သုံးတိုင်း ငွေပွားလာခြင်း အကျိုးဆက်ကို ဘောဂဗေဒသမားများက ရပ်ခံတင်ပြကြခြင်း ဖြစ်သည်။
အပိုဝင်ငွေထဲမှ ရာခိုင်နှုန်း ၈၀ သုံးစွဲခြင်းကို ဘောဂဗေဒစကားလုံးအရ (Marginal Propensity to Consume) ဟုခေါ်ပြီး ကျန်သည့် ရာခိုင်နှုန်း ၂၀ စုမည်ဆိုပါက (Marginal Propensity to Save) သတ်မှတ်ပါသည်။ အစွန်းထွက် စားသုံးလိုမှုနှင့် အစွန်းထွက် စုဆောင်းလိုမှုဟု မြန်မာလို ခေါ်သည်။ အဲဒီအစွန်းထွက် စားသုံးလိုမှုအချိုးနှင့် အစွန်းထွက်စုဆောင်းလိုမှုအချိုးပမာဏကို သိမှသာလျှင် မြှောက်ကိန်းကို သိနိုင်၏။ သို့သော် လူတွေ ဘယ်လောက်စားသုံးမယ်၊ ဘယ်လောက်စုမလဲဆိုတာကို တိတိကျကျ တွက်ချက်ရဦးမည်ဆိုလျှင် အခြားမှီငြမ်းရမည့် ဥပမာ CPI များ၊ အိမ်ထောင်စု တစ်စုစီ၏ စားသုံးမှု အချက်အလက်၊ အမျိုးသားဝင်ငွေ၊ အမျိုးသားစားသုံးမှုများအပေါ် အခြေခံထားရမှုများလည်း ရှိသည်။
အလုပ်ဖြစ်ရေး
ဘဏ္ဍာရေးလက်နက်ဖြစ်သည့် အခွန်နှုန်းလျှော့ခြင်း၊ တိုးခြင်းနှင့် အစိုးရပိုက်ဆံတိုးသုံးခြင်း၊ လျှော့ခြင်းကြောင့်ဖြစ်လာသော စီးပွားရေးကုထုံး သီအိုရီသဘောကို အကျဉ်းဖော်ပြရသည်။ အခွန်လျှော့ချရေးသည် စားသုံးသူနှင့် လုပ်ငန်းရှင်များအကြား ရေပန်းစားမည့် နည်းဖြစ်သော်လည်း နိုင်ငံတော်ဝင် ငွေမှာမူ နည်းသွားမည်ဟု ထင်ကောင်းထင်နိုင်ပါသေးသည်။ သို့ပေမဲ့ အခွန်နည်းနည်း မဖြစ်စလောက်နှုန်းထားနှင့်ဆိုလျှင် သုံးစွဲမှုကြိမ်နှုန်းများသည့်အတွက် အခွန်ရငွေပမာဏကို သတိပြုရမည်။ ဒီသဘောက လာဖာ၏ မျဉ်းသီအီုရီနှင့် ရှင်းလိုက်လျှင် နားလည်နိုင်မည်ဖြစ်ပြီး အစိုးရ ရငွေမှာလည်း ကျသွားလိမ့်မည် မဟုတ်ပေ။
လက်ရှိစီးပွားရေးအကျပ်အတည်းကာလတွင် အသုံးစရိတ်တိုးပြီး လူအများလက်ထဲ ငွေခပ်မြန်မြန် ထည့်ရန် အလုပ်အကိုင် အလျင်အမြန်ဖန်တီးခြင်းဖြင့် စီးပွားရေးကို ကုစားဖို့လည်း လိုအပ်နေသည်ဟု မြင်သည်။ လူအများကို အလုပ်ဖန်တီးပြီး စျေးကွက်ထဲ ငွေပစ်ထည့်ခြင်းက ယခုလို ကမ္ဘာလုံးချီ စီးပွားရေးအကျပ်အတည်းကို ဖြေရှင်းရန် အစိုးရများက ဆောင်ရွက်နေသော အချိန် ဖြစ်သည်။ လုပ်သားများများ ခန့်နိုင်သည့် Public Work များ၊ Cash for Work လုပ်ငန်းများ၊ တိမ်မြှုပ်နေသည့် မြို့ပြစီးပွားရေးလုပ်ငန်းများ ခပ်မြန်မြန် စတင်ရန် လိုအပ်နေပါပြီ။ Cash for Work အလုပ်များမှာ ရေကြီးရေလျှံမှုကြောင့် ပြန်လည်ထိန်းသိမ်းရေးအလုပ်များ၊ ဧရာဝတီမြစ်ကြောင်း ထိန်းသိမ်းမှုလုပ်ငန်းများ၊ ခြောက်သွေ့သည့်အရပ်များတွင် သစ်ပင်စိုက်ပျိုးသည့် အလုပ်များ၊ ပြည်သူများပါဝင်ပြီး ဥပဒေစိုးမိုးမှု လုပ်ငန်းများ၊ အခကြေးငွေပေးခြင်းများ စသည့်ရေတိုအလုပ်အကိုင်ဖန်တီးရေးကို ဦးတည်ဆောင်ရွက်သင့်ပါသည်။ အစိုးရတွင် Public Work အလုပ်ခေါင်းစဉ်များရှိပြီးသား ဖြစ်ပါလိမ့်မည်။ ယင်းနည်းလမ်းများနှင့် အစိုးရက တစ်ကျပ်ထုတ်သုံးမည်ဆိုလျှင် စျေးကွက်၌ ငါးကျပ်ဖြစ်သွားသည်ဆိုသော အထက်ကဇယားနှင့် ဖော်ပြထားသည့် သီအီုရီရှိသည်ကို မမေ့သင့်ပေ။
လက်ရှိတွင်အစိုးရက ပိုက်ဆံသုံးရန် တွန့်တိုနေပြီး အခွန်ကိုမူ တိုးကောက်ခြင်း၊ ဝယ်လိုအားများ ကျဆင်းနေခြင်း၊ စျေးကွက်အတွင်း ငွေကျပ်နေခြင်း စသည့် ဖြစ်စဉ်များအတွင်း အခွန်တိုးကောက်၍ အစိုးရဝင်ငွေရရန်သာ နည်းပေါင်းစုံဖြင့် လုပ်ဆောင်နေခြင်းသည် အနာတခြား ဆေးတခြားဖြစ်နေမည်ကို စိုးရိမ်ပါသည်။










