ပန်းကလေးများပွင့်တော့မည်
ဖူးတံဝင့်လို့ချီ။
နေခြည်မှာ ရွှေရည်လောင်း
ငါတို့စာသင်ကျောင်း။
မြန်မာ-ထိုင်း နယ်ခြား တောင်မှ မြောက်ကိုစီးဆင်းနေတဲ့ သောင်ရင်းမြစ် သဲသောင်ပြင်မှာ ဆော့ကစားနေကြတဲ့ ကလေးတွေဆီက လွင့်ပျံ့လာတဲ့ ကဗျာရွတ်သံလေး။
သောင်ရင်းမြစ် နှုတ်ခမ်းစပ် ကျူဝါးပင်တွေကြားမှာ တာလဘတ်အမိုးနဲ့ ဆောက်ထားတဲ့ အမိုးမလုံ အကာမလုံ တဲလေးထဲမှာ ထမင်းကြမ်းခဲစားနေကြတဲ့မိသားစုကို စားစရာခေါက်ဆွဲခြောက်နဲ့ ရေဘူးတွေပေးလှူနေကြတဲ့ ဆရာမိုးရဲ့အဖွဲ့သားတွေ ကဗျာရွတ်သံကြောင့် ချောင်းစပ်ဘက်သို့ လှည့်ကြည့်မိလိုက်ရဲ့။
ဆရာပျဉ်းမနားမောင်နီသင်းရဲ့ ကလေးကဗျာလေးက ကျောင်းသားလူငယ်တိုင်းရဲ့ နှလုံးသားကို သိမ်းပိုက်ခဲ့တာပဲ မဟုတ်ပါလား။ ထိုင်းနိုင်ငံဘက်ကို အကြောင်းအမျိုးမျိုးနဲ့ရောက်ရှိလာကြတဲ့ မြန်မာ့ရွှေ့ပြောင်းလုပ်သားတွေရဲ့ သားငယ်သမီးငယ် ပညာရည်နို့သောက်စို့နိုင်ဖို့ “နေသစ်” ရွှေ့ပြောင်းမြန်မာကျောင်းလေးကို ထူထောင်ပြီး ပညာသင်ကြားပေးနေတဲ့ ဆရာမိုး ရင်ထဲမှာ နင့်ခနဲနေအောင်ခံစားနေရတာ အဆန်းကြီး မဟုတ်ပေမဲ့ စာသင်ကျောင်းနဲ့ ဝေးရတဲ့ ကလေးတွေရဲ့ ဘဝ၊ အနာဂတ်၊ ကံကြမ္မာတွေက အဆန်းကြီး ဖြစ်လို့နေပါတယ်။
နံနက် ၁၀ နာရီဝန်းကျင်ဆိုတာ ကျောင်းတက်ချိန်။ သူတို့လေးတွေ သောင်ရင်းမြစ်သဲသောင်ပြင်မှာ ဆော့ကစားနေကြပေမဲ့ သူတို့ရဲ့ စိတ်တွေက စာသင်ကျောင်းကို ရောက်နေတယ်ထင်ပါရဲ့။
စစ်ဘေးရှောင်စခန်းမှာ မိဘတွေနဲ့အတူ ရောက်ရှိလာကြတဲ့ ကလေးတွေရဲ့ဘဝ။ သူတို့လေးတွေ ကျောင်းမတက်ရတော့ဘူး။ ပညာ မသင်ရတော့ဘူး။ စစ်ဘေးရှောင်စခန်းတွေမှာ သူတို့လေးတွေ ဘယ်လောက်ကြာကြာနေကြရဦးမှာလဲ။
၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၁၅ ရက်က လေးကေ့ကော်ဒေသက စတင်ခဲ့တဲ့ စစ်မီးဟာ ယနေ့အထိ တောက်လောင်နေဆဲပါ။
လေးကေ့ကော်၊ ထီးမယ်ဝါးခီး၊ ပဟိကလော်၊ ရသေ့ဂူ၊ မယ်ထော်သလေး၊ အင်ကြင်းမြိုင်၊ မင်းလက်ပန်ဧဖူးလေး၊ ဖလူးကြီး၊ မင်းလက်ပန်၊ သေ့ဘောပိုး စတဲ့ကျေးရွာတွေက ဒေသခံပြုသူတွေဟာ သောင်ရင်းကမ်းစပ် မြန်မာဘက်ကမ်း၊ ထိုင်းဘက်ကမ်းနဲ့ ထိုင်းနိုင်ငံမဲဆောက်မြို့နယ်ရှိ စစ်ရှောင်စခန်းတွေမှာ သွားရောက်ခိုလှုံနေရပါတယ်။
ထိုင်းနိုင်ငံဘက်က စစ်ဘေးရှောင်စခန်းနှစ်ခုမှာ မြန်မာနိုင်ငံသား ၆၀၀၀ ကျော်နဲ့ သောင်ရင်း ကမ်းစပ်တစ်လျှောက် ကျူဝါးပင်တွေကြားမှာ တဲလေးထိုးပြီး စစ်ရှောင်နေရသူတွေလည်း ထောင်နဲ့ချီ ရှိနေပါတယ်။
ဒီကြားကာလမှာ အပစ်ရပ်လို့ နေရပ်ပြန်ခဲ့ကြပေမဲ့ နောက်နေ့တွေမှာ လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် ထိုင်းနိုင်ငံဘက်ကို တစ်ကျော့ပြန် ရှောင်ပြေးခဲ့ရသူတွေလည်း အများအပြားရှိနေဆဲပါ။
မိဘတွေနဲ့အတူ ရှောင်ပြေးလာတဲ့ကျောင်းသားတွေဟာ စစ်ဘေးရှောင်လာသူမှာ လေးဆယ်လောက်က ကျောင်းသားလေးတွေ ဖြစ်နေတယ်လို့ ဆရာမိုးက ခန့်မှန်းပါတယ်။
“တကယ်ဆိုရင် နိုင်ငံတော် အစိုးရရဲ့ ညွှန်ကြားချက်အရ ဖွင့်ထားရတဲ့ကျောင်းတွေပင်လျှင် ကရင်ပြည်နယ်ထဲမှာ ကော့ကရိတ်ခရိုင်နဲ့ မြဝတီခရိုင်ထဲမှာ ကျောင်းတွေဖွင့်နေပေမဲ့ မိဘတွေနဲ့အတူ စစ်ဘေးရှောင်နေရတာပေါ့။ စစ်ဘေးရှောင်တွေထဲမှာ ပြည်သူလူထု မိဘတွေနဲ့အတူ ကျောင်းသူ ကျောင်းသားလေးတွေပါ တစ်ပါတည်း စစ်ဘေးရှောင်ရတာဖြစ်တယ်။ အဲဒီအခါကျတော့ သူတို့တွေရဲ့နေရေးစားရေးသာမက ကလေးတွေရဲ့ ကလေးအခွင့်အရေး၊ အဲဒီအထဲမှာမှ အနာဂတ်ရော၊ ပစ္စုပ္ပန်ရော ပညာသင်ကြားရေးနဲ့ ပတ်သက်ပြီးတော့ တဖြည်းဖြည်းသာ၍ ဝေးရာဆီသို့ပါဆိုသလို ဖြစ်နေတယ်။ အဲဒါကို ကျွန်တော်တို့တွေက စိတ်မကောင်းဘူးပေါ့နော်။ စိတ်မကောင်းဘူးဆိုရုံကလွဲပြီး ဘာများတတ်နိုင်ဦးမှာလဲပေါ့။ စိတ် မကောင်းစွာနဲ့ပဲ ကျွန်တော်တို့ ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းလုပ်သားကူညီစောင့်ရှောက်ရေး လုပ်ဆောင်နေတဲ့သူတွေနဲ့ ရွှေ့ပြောင်းလုပ်သားတွေကလည်း စစ်ဘေးရှောင်ပြည်သူလူထုကိုရော၊ သူတို့ရဲ့ သားသမီးလေးတွေကိုရော၊ ဒါတင်မကသေးဘူး။ သက်ကြီးရွယ်အိုတွေကိုပါ နိုင်တဲ့ဘက်ကနေ ငွေကြေး၊ စားရေးရိက္ခာ အစို၊ အခြောက်နဲ့ အခြားလူသုံးကုန်ပစ္စည်းတွေကို နိုင်တဲ့ဘက်က ၀ိုင်းဝန်းကူညီပေးနေတာတွေ့ရတော့ တစ်ဖက်က ဝမ်းသာစရာဖြစ်သလို ပညာရေးနဲ့ တဖြည်းဖြည်းဝေးသွားပြီးတော့ ကလေးအခွင့်အရေး၊ ကျောင်းပညာရေးနဲ့ ဝေးရာဆီသို့ဖြစ်သွားရတဲ့ ကလေးတွေအတွက်က ပိုပြီးစိတ်မကောင်းဖြစ်ရတာပေါ့ဗျာ” လို့ ဆရာမိုးက ဆိုပါတယ်။
သောင်ရင်း ကမ်းစပ်အနီး ကျူဝါးရုံကြားမှာတဲထိုးနေသူ လေးကေ့ကော်မြို့သစ်က စစ်ဘေးရှောင်တစ်ဦးက “ကျွန်တော်တို့က တစ်ကျော့ပြန် ပြေးလာရတာပါ။ စစ်ပွဲတွေစဖြစ်ပြီး နောက်နေ့ ဒီဇင်ဘာ ၁၆ ရက်နေ့တုန်းက ပထမဆုံးပြေး လာခဲ့ကြတာ။ ဘာမှလည်းမယူခဲ့ရဘူး။ အသက်လုပြီး ကိုယ်လွတ်ပြေးခဲ့ရတာပါ။ ကျောင်းတက်နေတဲ့ ကလေးနှစ်ယောက်လည်းပါတယ်။ မဲ့ကိုကင်း စစ်ရှောင်စခန်းရောက်မှ စိတ်အေးရတာပေါ့။ အဲဒီမှာ နေရင်းနဲ့ ပစ်ခတ်မှုတွေ ငြိမ်သွားတော့ ရွာကိုပြန်ကြတယ်။ ကလေးတွေ ပညာသင်ရအောင်ပေါ့။ ညဘက်လည်းရောက်ရော ပစ်ကြခတ်ကြတာပဲ။ ဒုတိယအကြိမ် မနည်းလွတ်အောင်ထွက်ပြေးလာရတယ်။ ဒီတစ်ခါတော့ စစ်ရှောင်စခန်းကို မသွားတော့ဘဲ သောင်ရင်းကမ်းစပ်မှာ တဲထိုးပြီး မိသားစုတွေနေကြပါတယ်။ ခုတော့ ကလေးတွေ ပညာရေးနဲ့ဝေးပြီပေါ့။ ဘယ်လောက်အထိ ကြာရှည်ဦးမလဲ မသိတော့ပါဘူး” ဟု ဆိုပါတယ်။
စစ်ဘေးရှောင်တွေရဲ့ စားရေရိက္ခာလိုအပ်ချက်ကို ကူညီပေးနေသူ ရွှေ့ပြောင်း မြန်မာကျောင်းဆရာတစ်ဦးက “စစ်ဘေးရှောင်ရင်းပြေးလွှားရင်း ကလေးတွေ ကျောင်းမတက်ရဘူး။ အဓိက ကျောင်းဘာလို့ မတက်ကြရတာလဲဆိုတဲ့ အရင်းအမြစ်ကို အားလုံးစဉ်းစားဖို့လိုတယ်။ ဘာကြောင့် အဲဒီလိုဖြစ်တာလဲပေါ့။ ဘယ်လိုအခြေအနေတွေက ကလေးတွေကို ကျောင်းမတက်နိုင်အောင် တွန်းပို့လိုက်တာလဲ။ COVID-19 ကပ်ရောဂါ အခြေအနေကြောင့်လား။ သို့တည်းမဟုတ် နိုင်ငံရေးအခြေအနေကြောင့့်လား။ နိုင်ငံရေးရေချိန် တစ်ဆင့်ပြီးတစ်ဆင့်တက်လာတဲ့ အချိုးအကွေ့မှာ ကျောင်းပညာရေးက ဘယ်လိုအခြေအနေမျိုး ဖြစ်နေပြီလဲဆိုတာကို မှန်မှန်ကန်ကန်သုံးသပ်ဖို့လိုပါတယ်။ ဘာကြောင့်လဲဆိုတော့ အခြားနိုင်ငံတွေပေါ့။ အိမ်နီးချင်း နိုင်ငံတွေ၊ နိုင်ငံတကာမှာလည်း ကိုဗစ်စည်းကမ်းနဲ့အညီ ကျောင်းတွေဖွင့်တယ်။ စာတွေသင်တယ်။ COVID-19 ကနေ ပညာရေးစနစ်ကို စဉ်ဆက်မပြတ်ဖြစ်အောင်လို့ ကြိုးစားဆောင်ရွက်နေတဲ့ နိုင်ငံတွေရှိသလို ကျွန်တော်တို့နိုင်ငံမှာက တစ်ပြိုင်နက်တည်းမှာ COVID-19 ဒုတိယလှိုင်းမှာပဲ နိုင်ငံရေး အပြောင်းအလဲဖြစ်တယ်။ အဲဒီနောက်ပိုင်းကလေးတွေက စစ်ဘေးဒုက္ခသည်အဖြစ်နဲ့ ပြေးနေရတဲ့ အခါကျတော့ အင်မတန်ဆိုးရွားတဲ့အခြေအနေ၊ အင်မတန် စိတ်မချမ်းသာစရာဖြစ်ရတဲ့ အခြေအနေ ဖြစ်နေတာပါ” လို့ဆိုပါတယ်။
COVID-19 ကပ်ရောဂါတွေကို ကျော်လွှားပြီးတဲ့အခါကျတော့ ဘယ်လိုပညာသင်ကြားလို့ရလဲ ဆိုတဲ့နည်းပညာတွေကို ပညာရေးဆိုင်ရာတာဝန်ရှိသူတွေက ဘယ်လိုမျိုးဆိုပြီး စီမံခန့်ခွဲနေသလိုပဲ။ နိုင်ငံရေး မတည်ငြိမ်ဘူးဆိုလိုရှိရင် အဲဒီလို အခွင့်အရေးတွေဟာ ကလေးတွေ ခံစားခွင့်မရှိတော့ဘဲနဲ့ ခုလိုပဲ ဒုက္ခမျိုးစုံနဲ့ ကြုံနေ၊ မြင်နေ၊ ကြားနေရဦးမှာပဲလို့ ဆိုတယ်။
COVID-19 အရေးပေါ်ကာလမှာ စာသင်ကျောင်းတွေ ပိတ်ထားလို့ ကလေးတွေပညာ မသင်ရသလို ယခုအခါ COVID-19 ကို ထိန်းချုပ်နိုင်လို့ စည်းကမ်းချက်နဲ့အညီ ကျောင်းတွေ ပြန်ဖွင့် ပြန်တော့လည်း စစ်မက်ဖြစ်ပွားနေတဲ့ ဒေသတွေမှာ တဖြည်းဖြည်းနဲ့ ပညာသင်ရတဲ့အခြေအနေကနေ လွင့်ထွက်လာတယ်လို့ ဆိုရမှာ ဖြစ်ပါတယ်။
နိုင်ငံရဲ့အနာဂတ်ကို ဦးဆောင်မယ့်သူတွေဟာ လူငယ်တွေ ဖြစ်ပါတယ်။ တစ်ချိန်မှာ လူကြီး ဖြစ်လာမယ့် လူငယ်တွေက၊ ပညာရည်နို့သောက်စို့ရမယ့် အရွယ်တွေက ခုလိုအခြေအနေနဲ့ ကြုံလာတဲ့ အခါကျတော့ ဘယ်လိုကုစားမလဲ။ ဘယ်လိုထည့်သွင်းစဉ်းစားမလဲဆိုတာ သက်ဆိုင်သူတွေ ကြည့်ကြရပါလိမ့်မယ်။ ကျွန်တော်တို့နိုင်ငံမှာ ပညာရေး၊ စီးပွားရေး၊ လူမှုရေး အဘက်ဘက်က ယိုယွင်းလာရင် စစ်ဘေးရှောင် မိဘတွေနဲ့အတူ စစ်ရှောင်လာတဲ့ ကလေးငယ်တွေကို စောင့်ရှောက်မှု၊ အကာအကွယ်ပေးမှု၊ ပညာသင်ကြားခွင့် အခွင့်အရေးတွေဟာ လက်လွတ်ဆုံးရှုံးရတော့မယ့် အခြေအနေပါ။
စစ်ဘေးရှောင် ပြည်သူတွေရဲ့ဘဝလုံခြုံရေးနဲ့ မညီမျှတဲ့ပညာရေးလမ်းကြောင်းကို လေ့လာနေသူတစ်ဦးက “ခုလိုအချိန်အခါမှာ နိုင်ငံနဲ့အဝန်း စစ်ဘေးရှောင်တွေ များလာတော့ မိဘတွေနဲ့အတူ ကလေးတွေ ပါလာရပြီ။ ဒီတော့ ကျွန်တော်တို့ရဲ့မျိုးဆက်တွေ ပညာရေးနဲ့ အလှမ်းဝေးလာမယ်။ ဘာတစ်ခုရှိလဲဆိုတော့ ဘဝမှာ အမှားနဲ့အမှန်ကို ပိုင်းခြားနိုင်ဖို့လိုလာပြီ၊၊ ဘာကြောင့်လဲဆိုတော့ ဓမ္မနဲ့ အဓမ္မ ကို မိဘတွေနဲ့အတူ ကျော်ဖြတ်နေရပြီလေ။ ဒါက ဘယ်သင်ရိုးညွှန်းတမ်းမှာမှမပါတဲ့ သင်ခန်းစာအသစ်တွေရကြမယ်။ သူတို့တွေဟာ ဒုက္ခတွေ၊ သုခတွေ၊ စိတ်ဒဏ်ရာအနာတရတွေ ရနေကြပေမဲ့ အဲဒီအသိပညာတွေကလည်း အရမ်းစိုးရိမ်စရာ ဖြစ်လာနိုင်ပါတယ်။ ခုဆိုရင် စစ်ဘေးရှောင်တွေက ထိုင်းဘက်မှာရော မြန်မာဘက် သောင်ရင်း ကမ်းစပ်မှာပါ ရှိနေကြတယ်။ စစ်ဘေးရှောင် တစ်ရာမှာ ကလေးငယ် လေးဆယ်ခန့်ရှိတယ်။ ဒီကလေးတွေရဲ့ ကျန်းမာရေး၊ ပညာရေးကိစ္စတွေကို ဘယ်သူက ဆောင်ရွက်ပေးကြမလဲ။ အားလုံးကပြေးနေကြရတာလေ။ ပညာရေးဆိုတာ လက်ပူတိုက်လို့ မရပါဘူး” လို့ ဆိုပြန်တယ်။
မြို့ပေါ်က စာသင်ကျောင်းတွေမှာ ပညာသင်ကြားမှုတွေ ရှိနေပေမဲ့လည်း စစ်မက်ဖြစ်ပွားနေတဲ့ ဒေသက ကလေးငယ်တွေဟာ မိဘနဲ့အတူ စစ်ဘေးရှောင်ရင်းနဲ့ မညီညာတဲ့ ပညာရေးလမ်းကြောင်းပေါ်မှာ လျှောက်လှမ်းရင်း ကလေးငယ်တို့ရဲ့ အနာဂတ်ပျောက်ဆုံးကြရတော့မှာလား ဆိုရင်ဖြင့်...။










